(၁၁၃၊ သိင်္ဂါလဇာတ်) ပစ္စုပ္ပန်
မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးစဉ်- ဒေ၀ဒတ်ကို အကြောင်းပြု၍ ဟောတော်မူသည်။
***အတိတ်ဇာတ်***
ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း စိုးစံစဉ်- ဘုရားလောင်းသည် သုသာန်တော၌ ရုက္ခစိုးနတ်ဖြစ်နေ၏။ ထိုစဉ် ဗာရာဏသီပြည်၌ နက္ခတ်ပွဲဖြစ်၏။ လူတို့သည် နက္ခတ်ကို ပူဇော်သည်ဆိုကာ လမ်းလေးဆုံတို့၌ ငါး၊ အမဲတို့ကို ပုံ၍ ထားကြ၏။ အိုးကင်းငယ်များစွာဖြင့် အရက်များ ထည့်၍ ပူဇော်ထားကြသည်။
မြေခွေးတစ်ကောင်သည် မြို့တွင်းသို့ ပြွန်ပေါက်ဝမှ ၀င်၍ အမဲသားတို့ကိုစား၍၊ အရက်တို့ကို သောက်ပြီး ချုံကြားတွင်း၌ မူးမူးနှင့် အိပ်ပျော်သွား၏။ မိုးစင်စင်လင်းမှ နိုးတော့၏။
မြို့ပြင်သို့ ထွက်၍မရတော့။ လူမြင်လျှင် အသတ်ခံရတော့မည်။ ဆက်၍လည်း မနေရဲ လမ်းဘေးတွင် လူမမြင်အောင် ၀ပ်၍နေ၏။ မကြာမီ ပုဏ္ဏားတစ်ယောက် မျက်နှာသစ်ရန်လာ၏။ မြေခွေးက စဉ်းစား၏။ ပုဏ္ဏားဆိုသည်မှာ လောဘကြီး၏။ ငွေမက်၏။ ငွေနှင့်မျှားမည်ဟု ကြံစည်ကာ ပုဏ္ဏားထံကပ်၍-
`ပုဏ္ဏား- ငါ့မှာ ငွေအသပြာ နှစ်ရာရှိသည်။ ငါ့ကို ဘယ်သူမှမမြင်အောင် သင့်ကိုယ်ရုံပုဆိုးဖြင့် ထုတ်ပြီး ချိုင်းကြားမှာ ပွေ့ယူပြီး မြို့ထဲက ထုတ်ပေးလျှင် ထိုငွေနှစ်ရာပေးမည်´ဟု ဆို၏။ ပုဏ္ဏားက ငွေလိုချင်၍ မြေခွေးပြောသည့်အတိုင်း အ၀တ်နှင့် အုပ်ကာ ချိုင်းကြားမှာ ပိုက်လျက် ယူသွား၏။
သုသာန်သို့ရောက်သော် `ဤမှာချလော့´ဆို၏။ ပုဏ္ဏားက ချပေးသော် ပုဆိုးက ဖြန့်ချင်းခိုင်းပြီး သစ်ပင်ရင်းမှာ မြေကို တူးစေ၏။ ပုဏ္ဏားမြေတူးနေစဉ် မြေခွေးသည် ပုဏ္ဏားခင်းထားသော ပုဆိုးပေါ်တွင် သေးပန်ပြီး ချုံတွင်းသို့ ၀င်ပြေး၏။
ဘုရားလောင်း ရုက္ခစိုးသည် သစ်ပင်ခွကြားမှနေ၍…
`ပုဏ္ဏား- အရက်သမား မြေခွေး၏ စကားကို ယုံကြည်သလား၊ ယောက်သွားတစ်ရာပင်မရှိသော မြေခွေးမှာ အသပြာနှစ်ရာ ဘယ်မှာရှိမည်နည်း´ဟု ပြောပြီး-
`ပုဏ္ဏား ပြန်တော့၊ သင့်ပုဆိုးကို လျှော်ပြီး ရေမိုးချိုးပြီး ကိုယ်လုပ်စရာရှိတာ လုပ်ပေတော့´ဟု ဆို၍ ကွယ်လေ၏။
**ဇာတ်ပေါင်းသော်**
မြေခွေးသည် - ဒေ၀ဒတ်
ရုက္ခစိုးနတ်သည် - ငါဘုရားဟု ဇာတ်တော်ကို ပေါင်း၏။
*** ဦးလှခင် - ဆန်းညွန့်ဦး ***
*** မြေခွေးစကားယုံသူ ၀တ္ထု ***

No comments:
Post a Comment