***(၃၂၁၊ ကုဋိဒူသကဇာတ်) ပစ္စုပ္ပန်ဝတ္ထု***
မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်း၌ သီတင်းသုံးစဉ်- အရှင်မဟာကဿပသည် ရာဇဂြိုဟ်ပြည်ကို အမှီပြုသော ကုဋီကျောင်း၌ နေတော်မူ၏။ အရှင်မဟာကဿပမထေရ်ကို ရဟန်းငယ်နှစ်ပါးတို့ လုပ်ကျွေးကြ၏။ ဝေယျာဝစ္စဆောင်ရွက်ကြ၏။ တစ်ပါးသော ရဟန်းငယ်သည် တကယ့်စေတနာနှင့် ပြုစုလုပ်ကျွေး၏။ တစ်ပါးက သူတစ်ပါးလုပ်သမျှကို သူ လုပ်ဟန်အယောင် ဆောင်တတ် သူဖြစ်၏။ ရဟန်းငယ်က မျက်နှာသစ်ရေတည်ထားပြီးသောအခါ အယောင်ဆောင်သူသည် သူတည်လေဟန် ဦးစွာလျှောက်၏။ တံမြက်လှည်းသော ကိစ္စ၊ သောက်ရေခပ်သော ကိစ္စ စသည် များတွင်လည်း သူများက လုပ်ထားပြီးလျှင် သူက ဦးစွာသွား၍ မျက်နှာလိုအားရ သူလုပ်ထားသယောင် ဟန်ဆောင် လျှောက်ထားပြီး မျက်နှာယူလေ့ရှိ၏။
တကယ်လုပ်ကိုင်ရသော ရဟန်းငယ်မှာ ကြာတော့ မခံနိုင်ဖြစ်လာ၏။ တစ်ခုခုတော့ လုပ်မှဖြစ်မည်ဟု ဆုံးဖြတ်ပြီး တစ်နေ့တွင် စောစောထကာ မီးတင်းကုပ်၌ ချိုးရေကြို၏။ ထိုရေနွေးကို ရေချိုးအိမ်အပြင်ဘက်၌ထားကာ တစ်မှုတ်စာမျှသော ရေနွေးကိုချန်၍ မီးဖိုပေါ်တင်၍ ထား၏။
ဆုံးမခက်သော ရဟန်းငယ်သည် အိပ်ရာမှနိုးလျှင် ရေနွေးအိုးမှ အငွေ့ထွက်နေသည်ကို မြင်၍ မျက်နှာလိုအားရ မထေရ်မြတ်ထံသွားပြီး ရေချိုးရန် လျှောက်ထား၏။ မထေရ်မြတ်လည်း ထိုရဟန်းနှင့်အတူ လိုက်လာ၏။ ဆုံးမခက်သော ရဟန်းငယ်သည် အငွေ့ထွက်နေသော ရေနွေးအိုးတွင် ရေရှိသည်ထင်ပြီး ရေမှုတ်နှင့် ခပ်၏။ ရေမရှိသဖြင့် အိုးဖင်နှင့် ရေမှုတ် ခိုက်မိသဖြင့် ခေါက်ခေါက်မည်သော အသံထွက်လာ၏။ ထိုအခါမှစ၍ ဆုံးမခက်သော ရဟန်းငယ်အား ဥလုင်္ကသဒ္ဒဟု အမည်တွင်လေ၏။
ရေနွေးတက်ကျိုသော ရဟန်းငယ်သည် ရေနွေးအိုးကိုယူလာပြီး မထေရ်အား ရေချိုးရန်ကပ်၏။ မထေရ်သည် အကြောင်းကို သိသွား၏။ ညဉ့်ဦးတွင် မထေရ်က ဆုံးမခက်သော ရဟန်းငယ်အား- `ငါ့ရှင်၊ ရဟန်းမည်သည် ကိုယ်မလုပ်ဘဲ လုပ်သည်ဟု မပြောဆိုရ၊ မုသာဝါဒဖြစ်၏။ နောက်ကို ဤသို့ မလုပ်သင့်´ဟု ဆုံးမ၏။ ဥလုင်္ကသဒ္ဒသည် မထေရ်မြတ်ဆုံးမသည်ကို စိတ်ဆိုး၍ မထေရ်မြတ်နှင့်အတူ ဆွမ်းခံ မလိုက်တော့၊ တစ်ပါးတည်းဆွမ်းခံဝင်၏။ မထေရ်မြတ်၏ ဒါယိကာမတို့က မေးလျှင် မထေရ်မြတ်မကျန်းမာ၍ ကျောင်းမှာနေရစ်သည်။ မည်သို့သော ဆွမ်းဟင်းကို မထေရ်မြတ်အတွက် အလိုရှိသည်ဟု ပြောကာ အလှူခံပြီးလျှင် လမ်းတွင် စား၍ပစ်လိုက်သည်။
**ကျောင်းကို မီးတင်ရှို့ပြီ***
နောက်တစ်နေ့ မထေရ်မြတ် ထိုအိမ်သို့ ဆွမ်းခံကြွ၏။ ဒါယကာတို့ လျှောက်ထား၍ သိလျှင် ဆိတ်ဆိတ်သာ နေ၍ ဆွမ်းစားပြီး ကျောင်းသို့ပြန်ခဲ့၏။
ညနေတွင် ရဟန်းငယ်အား မနေ့က အကြောင်းကိုပြောပြပြီး ဤသို့မပြုအပ်ကြောင်းဆုံးမ၏။ ရဟန်းငယ်သည် စိတ်ဆိုး၍ ရန်ငြိုးဖွဲ့၏။ နောက်တစ်နေ့ မထေရ်မြတ် ဆွမ်းခံ ၀င်သွားလေလျှင် ထိုရဟန်းငယ်သည် မထေရ်၏ အသုံးအဆောင်တို့ကို ရိုက်နှက် ထုချေကာ သစ်ရွက်မိုး ကုဋီကျောင်းကို မီးတိုက်ပြီး ထွက်ပြေးလေ၏။
ထိုရဟန်းငယ်သည် အသက်ရှင်လျက်ပင် လူပြိတ္တာဖြစ်၍ သေလွန်သောအခါ အ၀ီစိသို့ ကျလေ၏။
**ဘုရားရှင်ထံ လျှောက်ကြပြန်***
ရာဇဂြိုဟ်ပြည်မှ ရဟန်းအချို့ ဇေတ၀န်ကျောင်းသို့ ဘုရားရှင်ထံ ဖူးမြော်ရန် လာကြရာ ရှင်မဟာကဿပ အကြောင်းကို မေးတော်မူ၍ နေထိုင်ရာ ကျောင်းကို ရဟန်းငယ် ဖျက်ဆီးကြောင်း လျှောက်ထားရာ မြတ်စွာဘုရားက ထိုရဟန်းငယ်သည် ယခုမှသာ မဟုတ် ရှေးကလည်း ဆုံးမသော သူအား အမျက်ထွက်၍ ဖျက်ဆီးခဲ့ဖူးပြီဟု အတိတ်ဇာတ်ကို ဟောကြားတော်မူသည်။
***အတိတ်ဇာတ်**
ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းစိုးစံစဉ်- ဘုရားလောင်းသည် သိင်္ဂါလငှက်မျိုး၌ ဖြစ်၏။ ဟိမ၀န္တာဝယ် မိုးလုံလေလုံ လှပသော အသိုက်ကို ဆောက်ပြီး နေ၏။ မိုးအဆက်မပြတ် ရွာသော နေ့တစ်နေ့တွင် မျောက်တစ်ကောင်စည် ခိုက်ခိုက်တုန်လျက် မိုးရေထဲတွင် သစ်ကိုင်းကို ခိုကာ နေရရှာ၏။ သိင်္ဂါလငှက်မြင်လျှင် မျောက်အား- `အို-မျောက်၊ သင်သည် ဦးခေါင်း၊ လက်ခြေမှအစ လူနှင့် တူပါလျက် အဘယ်ကြောင့် အိမ်မရှိသနည်း´ဟု မေး၏။
မျောက်က- `အို-သိင်္ဂါလငှက် ငါ၏ ဦးခေါင်း၊ လက်၊ ခြေတို့မှာ လူနှင့်တူပါ၏။ သို့သော် ငါ့မှာ လူတို့ကဲ့သို့ ပညာဥာဏ်မရှိပါ´ဟု ပြန်ပြော၏။
ထိုအခါ သိင်္ဂါလငှက်သည်- `အို-မျောက် ပေါ့ပေါ့ ပြက်ပြက် လုပ်တတ်ပြီး စိတ်မတည်ကြည်၊ အဆွေခင်ပွန်းကို ပြစ်မှားတတ်ပြီး သီလမရှိသောသူမှာ စိတ်၏ ချမ်းသာ၊ ကိုယ်၏ ချမ်းသာခြင်းရှိမည် မဟုတ်၊ အို-မျောက် သင်သည် မိမိအားကို အသုံးပြုပြီး အချမ်းနှင့် လေကို ကာကွယ်နိုင်သော အိမ်ကို ဆောက်လုပ်လော့´ဟု တိုက်တွန်း၏။
ထိုအခါ မျောက်သည် မိုးလုံလေလုံထဲကနေပြီး ငါ့ကို ဆုံးမနေသည်ဟု အမျက်ထွက်ကာ ငှက်ကို ဖမ်းရန် ပြေးလာ၏။ ငှက်သည် ပျံ၍ တစ်နေရာ၌ နား၏။ မျောက်သည် အသိုက်ကို မှုန့်မှုန့်ညက်ညက်ကြေအောင် ဖျက်ဆီးသွားလေ၏။ ဤသို့လျှင် နားထောင်လေ့ မရှိသော၊ အမျက်ထွက်တတ်သော သူမိုက်ကို ဆုံးမလျှင် အကျိုးကို ဖျက်ဆီးတတ်သည်သာတည်း။
**ဇာတ်ပေါင်းသော်***
မျောက်သည် - မနာခံသော ရဟန်းငယ်
သိင်္ဂါလငှက်သည် - ငါဘုရားဟု ဇာတ်တော်ကို ပေါင်း၏။
*** ဦးလှခင်- ဆန်းညွန့်ဦး ***
*** မိုက်မဲသူကို ဆုံးမမိသော ၀တ္ထု ***

No comments:
Post a Comment