(၂၆၉၊ သုဇာတာဇာတ်) ပစ္စုပ္ပန်ဝတ္ထု
မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အနာထပိဏ်ဌေးကြီး၏ ချွေးမဖြစ်သော သုဇာတာကာ ဓနဉ္စယသူဌေးကြီး၏ သမီးဖြစ်၍ ၀ိသာခါ၏ ညီမဖြစ်၏။ သုဇာတာသည် အနာထပိဏ် သူဌေးကြီး၏ ချွေးမအဖြစ် သူဌေးကြီးအိမ်သို့ ရောက်လျှင် `ငါသည် ဆွေကြီး မျိုးကြီး၏ သမီးဖြစ်သည်´ဟု အလွန်မာနကြီး၏။ လင်ဝတ်၊ ယောက္ခမ၀တ်များကို ပြုလေ့မရှိ။ အိမ်သူအိမ်သားတို့ကို ကြိမ်းမောင်၏။ ရိုက်နှက်၏။ တစ်နေ့၌ မြတ်စွာဘုရားသည် အနာထပိဏ် သူဌေးကြီးအိမ်သို့ ရဟန်းငါးရာနှင့်ြွကွလာ၏။
သူဌေးကြီးသည် မြတ်စွာဘုရားထံ တရားနာနေစဉ် သုဇာတာသည် အိမ်သားတို့အား ဆူဆူညံညံ ကြိမ်းမောင်းနေ၏။ မြတ်စွာဘုရားသည် တရားဟောကို ခဏရပ်ကာ `မည်သူ့အသံနည်း´ဟု မေး၏။ သူဌေးကြီးက `ချွေးမ သုဇာတာ အသံဖြစ်ပါသည်။ လင်ဝတ်၊ ယောက္ခမ၀တ်ကိုမပြု၊ အိမ်ရှိလူကုန်နှင့် အမြဲတမ်း ကြိမ်းမောင်း ရန်ဖြစ်နေပါသည်´ဟု လျှောက်၏။
မြတ်စွာဘုရားသည် သုဇာတာကို ခေါ်စေ၍- `သုဇာတာ မယားအပြားခုနစ်ပါးတွင် သင် အဘယ်သို့သော မိန်းမ ဖြစ်သနည်း´ဟု မေး၏။
`အရှင်ဘုရား အကျယ်မိန့်တော်မူမှ သိပါမည် ဘုရား´ဟု လျှောက်ထား၏။
၁/ လင်ကို သတ်ဖြတ်ရန် လုံ့လပြုနေသဖြင့် `လူသတ်´နှင့် တူသော မယား၊
၂/ လင်၏ ပစ္စည်းကို ခိုးသဖြင့် `သူခိုး´နှင့် တူုသောမယား၊
၃/ လင်ကို အနိုင်ယူတတ်သဖြင့် `အရှင်´နှင့် တူသော မယား၊
၎/ လင်ကို မိခင်ကဲ့သို့ စောင့်ရှောက်တတ်သဖြင့် `အမိ´နှင့် တူသော မယား၊
၅/ လင်ကို နှမကဲ့သို့ ရိုသေသဖြင့် `နှမ´နှင့် တူသော မယား၊
၆/ လင်ကို အဆွေခင်ပွန်းကဲ့သို့ ချစ်ခင်သဖြင့် `အဆွေခင်ပွန်း´နှင့် တူသော မယား၊
၇/ လင်ကို အလိုသို့ အမြဲလိုက်ပြီး လင့်ဝေယျာဝစ္စတို့ကို ဆောင်ရွက်ပေးတတ်သောကြောင့် `ကျွန်မ´နှင့် တူသော မယား၊ဟူ၍ မယား ခုနစ်ယောက်ရှိသည်။ ထိုခုနစ်ယောက်တို့တွင်- `လူသတ်နှင့်တူသော မယား၊ သူခိုးနှင့် တူသော မယား၊ အရှင်နှင့် တူသော မယား၊ ဤမယား သုံးယောက်တို့သည် သေလျှင် ငရဲသို့ ရောက်၏။ `ကျန်မယား လေးယောက်တို့သည် နိမ္မာနရတိ နတ်ပြည်သို့ရောက်၏´ဟု ဟောတော်မူ၏။
ဤသို့ ဟောတော်မူစဉ်ပင် သုဇာတာသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။
မြတ်စွာဘုရားသည် သုဇာတာအား `မယား ခုနစ်ယောက်တွင် အဘယ်မယားနည်း´ဟု မေးတော်မူ၏။ သုဇာတာက `ကျွန်နှင့် တူသော မယားပါဘုရား´ဟု လျှောက်ထား၏။
မြတ်စွာဘုရားသည် ဆွမ်းဘုဉ်းပေးပြီး ဇေတ၀န်ကျောင်းသို့ ကြွတော်မူ၏။
တရားသဘင်ဝယ် ရဟန်းတို့က `မြတ်စွာဘုရားသည် သုဇာတာအား တစ်ကြိမ်တည်းဆုံးမရုံနှင့် သောတာပတ္တိဖိုလ်၌ တည်စေကုန်၏´ဟု ပြောကြားနေကြရာ မြတ်စွာဘုရားကြားသိတော်မူ၍ `ရှေးကလည်း တစ်ကြိမ်တည်းပင် ဆုံးမခဲ့ဖူးပြီ´ဟု မိန့်တော်မူပြီး အတိတ်ဇာတ်ကို ဟောတော်မူ၏။
အတိတ်ဇာတ်…….
ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းစိုးစံစဉ်- ဘုရားလောင်းသည် ဗြဟ္မဒတ်မင်းဖြစ်၏။ မယ်တော် မိဖုရားကြီးသည် ကြမ်းကြုတ်၏။ ဒေါသကြီး၏။ မင်းကြီးသည် မယ်တော်ကို အဆုံးအမ ပေးနိုင်ရန် အခွင့်ကို ရှာကြံလျက်နေ၏။
တစ်နေ့တွင် ဘုရားအလောင်း ဗြဟ္မဒတ်မင်းသည် ဥယျာဉ်ကစားသွားရာ မယ်တော်လည်းပါလာ၏။ လမ်းတွင် တီတီတွက်ငှက်သည် စူးစူးရှရှအော်၏။ ထိုအသံကိုကြားလျှင် ရှိသမျှ လူအပေါင်းတို့က `ငှက်ယုတ် မအော်လင့်´ဟု ဆိုကြကုန်၏။
တီတီတွက် ငှက်ဟူသည် အရပ်အခေါ် တစ်တီးတူးဖြစ်သည် ထပ်တလဲလဲ ကျယ်လောင်စူးရှစွာ အော်မြည်သဖြင့် လူတို့သည် သူ့အသံကို မုန်းကြ၏။ ကြောက်စရာကောင်းသည်ဟု ထင်ကြသည်။
ဥယျာဉ်တော်သို့ ရောက်လျှင် ပွင့်ဖူးစုံလင်သော အင်ကြင်းပင်ပေါ်မှ ဥသြငှက်သည် သာယာသော အသံဖြင့် မြည်၏။ လူတို့က `သာယာလိုက်တာ၊ မြည်ပါဦး´ဟု အင်ကြင်းပင်ပေါ်သို့ မော့ကြည့်ကာ ပြောကြ၏။
နှုတ်ချိုမှ လူကြည်ညို…….
ထိုအခါ မင်းကြီးက မယ်တော်အား ပြောကြားသင့်ပြီဟု- `မယ်တော် တီတီတွက် ငှက်သည် အနက်နှင့် အဖြူစပ်လျက် တင့်တယ်သော မျက်လုံးရှင် ဖြစ်ပါသော်လည်း ရုန့်ရင်းကြမ်းတမ်းသောအသံ စူးစူးရှရှ အော်မြည်သံကြောင့် မည်သူမျှ မနှစ်သက်ပါ။ ထို့အတူ ကြမ်းကြုတ်သောစကားကြိမ်မောင်းသောအသံကို မည်သူမျှ နားမထောင်လိုပါ။ နားကိုပိတ်ကြသည်။ အဆင်းမလှဘဲ တစ်ကိုယ်လုံး မည်းနက်နေသော ဥသြငှက်သည် သိမ်မွေ့နူးညံသော စကားသံကြောင့် လူများစွာက သာယာလှ၍ နှစ်သက်စွာ ကြားချင်ပါသေးသည်ဟု ဆိုကြသည် မဟုတ်ပါလော။ ထို့ကြောင့် သိမ်မွေ့နူညံ့စွာ ဆိုလေ့ရှိသူ၏ စကားသည် ချိုမြိန်ကောင်းမြတ်လှ၏´ဟု တရားဟော၏။
ထိုနောက် ဘုရားအလောင်းသည်- မယ်တော် ရုန့်ရင်းကြမ်းကြုတ်သော အသံရှိသည့် တီတီတွက်ငှက်ကို လူတို့မနှစ်သက်ပါ။ သိမ်မွေ့နူညံ့သော အသံရှိသည့် ဥသြငှက်ကိုလူတို့ ချစ်ခင်နှစ်သက်ကြပါသည်။ ဤအကြောင်းနှစ်ပါးသည် စဉ်းစားတော်မူပါ´ဟု မယ်တော်အား ပြောဆိုလေသည်။
ထိုအခါမှစ၍ မယ်တော်သည် တစ်ကြိမ်တည်းဖြင့် သိမ်မွေ့နူညံ့ကာ မာန်မာနမရှိဘဲ အကျင့်သီလကို စောင့်ထိန်းလေ၏။
ဇာတ်ပေါင်းသော်………
မယ်တော်မိဖုရားသည် - ယခု သုဇာတာ
ဗာရာဏသီမင်းသည် - ငါဘုရားဖြစ်လာ၏ဟု ဇာတ်တော်ကိုပေါင်း၏။
*** ဦးလှခင်- ဆန်းညွန့်ဦး ***
နှုတ်ချိုမှ လူကြည်ညိုမည်…..

No comments:
Post a Comment