**၀ဋ်ရှိလို့ ဖတ်နေရတာ***
စာတွေကသာ နှစ်ခေါက်ပြန်ဖတ်ချင်စရာ မကောင်းတာ၊ ဈေးကတော့ ကောင်းသလား မမေးနဲ့၊ စာရေးဆရာတစ်ယောက် စာတစ်ပုဒ်ရေးလို့ရတဲ့ စာမူခဟာ မဂ္ဂဇင်း ၂ အုပ်ထက် ပိုမ၀ယ်နိုင်ဘူး။ ကြည်အေး ၀တ္ထုတိုပေါင်းချုပ်တစ်အုပ် မ၀ယ်လောက်ဘူး။ ၀ဋ်ရှိလို့သာ မဂ္ဂဇင်းတွေ ၀ယ်ဖတ်နေရတာ စိတ်ထဲမှာတော့ တယ်ပြီး တမ်းတမ်းတတ ရှိလှတာ မဟုတ်ပါဘူး။ အခုဆိုရင် မဂ္ဂဇင်း အားလုံးလောက်နီးပါးက ကွာလတီက တစ်ပြားမှ မလျှော့ပါဘူး။ ခက်တာက သူတို့ကွာလတီက စာဖတ်ပရိသတ်အတွက် ကွာလတီ မဟုတ်ဘဲ ကြေ်ငြာ ရှင်တွေအတွက် ကွာလတီ ဖြစ်နေတာပါပဲ။ မဂ္ဂဇင်းတွေက စောင်ရေ ဒလိမ့်ခေါက်ကွေး ကျနေတာကို၊ ကြော်ငြာရှင်တွေကသာ မသိကြတာ၊ ထုတ်ဝေသူနဲ့ အယ်ဒီတာတွေရော စာဖတ်သူတွေပါ အားလုံး သိနေကြတယ်။ အုပ်ရေ ၁၀၀၀ ရိုက်တယ်။ မေတ္တာလက်ဆောင်နဲ့ စာရေးဆရာတွေကို ပေးရတဲ့ အုပ်ရေ ၂၀၀ လောက် အပါအ၀င် အုပ်ရေ ၆၀၀ လောက် ၇၀၀ လောက် ကုန်သွားတာကို မဆိုးဘူးလို့ ပြောနေကြတာကိုသာ ကြော်ငြာရှင်တွေ သိကြရင် ဘယ်လိုများနေကြမလဲ မသိတော့ပါဘူး။
**ရှက်ကြောပြတ်နေလို့လား***
မြန်မာနိုင်ငံမှာ လူဦးရေ သန်း ၅၀ ကျော်ရှိနေပြီလို့ ဆိုကြတယ်။ အဲဒီ လူဦးရေအတွက် ရောင်းရတဲ့စာအုပ် အရေအတွက်က ၁၀၀၀ တောင် မပြည့်ချင်ဘူးဆိုတော့။ တော်တော်ကို ရှက်စရာ ကောင်းနေပါပြီ။ စာရေးသူတွေနဲ့ အယ်ဒီတာတွေ ရှက်ကြောပြတ်နေလို့သာ စာတွေ ရေးမြဲရေးကြ၊ စာအုပ်တွေ ထုတ်မြဲထုတ်ကြ၊ လုပ်နေကြသလား လို့တောင် တစ်ခါတစ်ခါ အတွေးရောက်သွားမိတယ်။ ပြည်သူအတွက်၊ ပြည်သူ အတွက်လို့ ဘယ်လိုပဲ ကြွေးကြော်နေနေ၊ ကျနော်တို့ ရေးတဲ့စာတွေကို ပြည်သူတွေ မဖတ်ကြဘူးဆိုတာ ထင်ရှားတယ်။ ဒီနေ့ စာဖတ်ကြသူ အများစုက မြို့နေပညာတတ်အလွှာလေး လက်တဆုပ်စာနဲ့ အငှားဆိုင်က အပျင်းပြေ ငှားဖတ်တဲ့ မြီးကောင်ပေါက်အရွယ်လေးတွေသာ ဖြစ်ကြတယ်။ ဘယ်လို စာအုပ်မျိုးတွေ ရောင်းနေရသလဲဆိုတဲ့ ဈေးကွက်အခြေအနေကို ကြည့်လိုက်ရင် ကောင်းကောင်းသိနိုင်ပါတယ်။
***ပြည်သူတွေက မဖတ်ပါဘူး***
ပညာခေတ်တို့၊ အိုင်တီခေတ်တို့၊ ဂလိုဘယ်ခေတ်တို့ မစားရ ၀ခမန်း ပြောနေရေးနေရတာ တကယ်တော့ တော်တော်ရှက်စရာ ကောင်းတယ်။ုအခုအုပ် ၁၀၀၀ တောင် ကုန်အောင်မရောင်းရဘဲနဲ့များ ဘာ့ကြောင့် ဒီလိုကြွေးကြော်နိုင်တာလဲ။ ပညာရပ်ဆိုင်ရာ စာအုပ်များဆို အုပ်ရေ ၃၀၀ လောက်တောင် အနိုင်နိုင် ရောင်းနေရတာ။ အခုတစ်လောမှာ အုပ်ရေ ၅၀၀ လောက်သာ ရိုက်ကြတာတွေတောင်၊ အတော်များများ တွေ့နေရတယ်။ အဲဒါကြောင့် ကျနော်တို့ စာအုပ်တွေကို ပြည်သူတွေ မဖတ်ကြဘူးလို့ ဆိုခဲ့တာ မလွန်ဘူးလို့ ထင်ပါတယ်။
***သရောကြီး ခိုင်းဖို့**
ကျနော်တို့ စာရေးသူတွေ အယ်ဒီတာတွေနဲ့ ထုတ်ဝေသူအများစုက၊ စာအုပ်တွေ မရောင်းရတာ အချက် ၂ ချက်ကြောင့်လို့ ပြောလေ့ရှိကြတယ်။ စာအုပ်ဈေးတွေ ကြီးမြင့်နေမှုနဲ့ ပြည်သူလူထုရဲ့ ၀ယ်နိုင်အား ကျဆင်းမှုတို့ဖြစ်တယ်။ ကွာလတီ မဂ္ဂဇင်းဆိုတာတွေ စတင်ပေါ်ထွက်လာစဉ်က၊ မဂ္ဂဇင်းတွေ ကွာလတီအဖြစ် ပြောင်းလဲလာခြင်းဟာ စာပေ `သရောကြီးခိုင်း´ဖို့ အစပျိုးလာတာပဲလို့ ကိုယ်တိုင်လည်း ဆောင်းပါးရေးခဲ့တယ်။ အဲဒီဆောင်းပါး ရေးချိန်က ကွာလတီ မဂ္ဂဇင်း သုံးလေးအုပ်ပဲ ရှိသေးတယ်။ အခုတော့ ထွက်နေတဲ့ မဂ္ဂဇင်းအားလုံးလောက်နီးပါး ကွာလတီ ဖြစ်ကုန်ကြပြီ။ ကွာလတီခေတ် မဖြစ်ခင်က၊ ဘာစာအုပ် ရိုက်ရိုက် မဂ္ဂဇင်းဖြစ်ဖြစ်၊ လုံးချင်းဖြစ်ဖြစ် အုပ်ရေ အနည်းဆုံး ၁၀၀၀ ရိုက်ရာက အခု ကွာလတီခေတ်ကတော့ အုပ်ရေ ၅၀၀ သာ ရိုက်နေကြပြီ။ ဟိုးရှေးရှေး ရှုမ၀၊ သွေးသောက်တို့ခေတ်၊ ပုဂံတို့ နှလုံးလှတို့ခေတ် ဦးဘရီနှင့် သမီးများစာပေခေတ်၊ ကိုတင်အောင် မစန်းစာပေခေတ်တို့တုန်းကဆို ဘယ်လိုလုံးချင်းစာအုပ်ရိုက်ရိုက်၊ အနည်းဆုံးအုပ်ရေ ၂၀၀၀ ရိုက်ကြတာ၊ ပုံနှိပ်တိုက်ကလည်း အုပ်ရေ ၂၀၀၀ အပ်မှ လက်ခံတာ။
**ဓမ္မနဲ့ ဂမ္ဘီရ ရောင်းကောင်း***
အဲဒီတော့ ပညာခေတ်တို့ အိုင်တီခေတ်တို့ဆိုတဲ့ ကျနော်တို့ အော်သံတွေ လျှော့သင်ပြီလို့ မထင်ကြဘူးလား။ နောက်ပြီးတော့ ကျနော်တို့တတွေ ရေးနေကြတာတွေကိုလည်း ပြန်လှန်သုံးသပ်သင့်ပြီလို့ မယူဆဘူးလား။ ကျနော်တို့ စာရေးသူတွေ၊ အယ်ဒီတာတွေ၊ ထုတ်ဝေသူတွေ၊ အားလုံးလိုလိုက ပြည်သူတွေအတွက် ရေးသားပြုစုထုတ်ဝေနေကြတာလို့ ခံယူထားကြတာချည့်ပါပဲ။ ဒါပေမယ့် ကျနော်တို့ ရေးတဲ့စာတွေ ဘာကြောင့် ပြည်သူတွေ လက်ထဲမရောက်ကြတာလဲ။ အထက်က ဆိုခဲ့တဲ့ စာအုပ်ဈေးကြီးမှုနဲ့ လူထုရဲ့ ၀ယ်နိုင်အား ကျဆင်းမှု အချက်နှစ်ချက်ကြောင့် ချည့်တော့ ဟုတ်မယ်မထင်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ နာမည်ကြီး ဆရာတော်များရေးတဲ့ စာအုပ်တွေဆိုရင် အုပ်ရေ လေးငါးခြောက်သောင်းအထိ၊ တချို့ဆို သိန်းဂဏန်းထိအောင် ရောင်းချတာမျိုးတွေ ရှိသလို၊ ဗေဒင်၊ ယတြာနဲ့ လျှိုဝှက်ဆန်းကြယ် ဂမ္ဘီရစာအုပ်မျိုးစုံနဲ့ မဂ္ဂဇင်းဂျာနယ်များလည်း ရောင်းကောင်းနေကြတဲ့အတွက် ဖြစ်ပါတယ်။
**လူထုနဲ့ အလှမ်းကွာဝေး**.
အဲဒီစာအုပ်တွေကျတော့ လူတွေက ၀ယ်နိုင်ကြသားပဲ၊ အဲဒါဘာ့ကြောင့်လဲ၊ ကျနော်တို့ ဓမ္မဓိဌာန်ကျကျ သုံးသပ်ဆင်ခြင်ကြဖို့ လိုတယ်ထင်ပါတယ်။ ကိုယ်တိုင်ဥာဏ်မီသလောက်လေး စဉ်းစားမိတာကတော့၊ အဲဒီလို စာအုပ်တွေက လူထုရဲ့ ပကတိအခြေအနေနဲ့ ကိုက်ညီပြီး လူထုအမှန်တကယ် လိုချင်တာကို ပေးနိုင်လို့ဖြစ်တယ် ဆိုတာပဲ ဖြစ်ပါတယ်။ အကျယ်ချဲ့ စဉ်းစားကြပါကုန်။ အဲဒီလိုဆိုတော့ ကျနော်တို့ ရေးတဲ့စာတွေ၊ စာအုပ်တွေက လူထုရဲ့ ပကတိ ဘ၀အခြေအနေနဲ့ အလှမ်းကွာဝေးပြီး လူထုအမှန်တကယ် လိုချင်နေတာကိုလည်း ပေးနိုင်ခြင်း မရှိဘူးလို့ အဓိပ္ပါယ် ကောက်ယူ လို့ရပါတယ်။
**စဉ်းစားကြပါ**
ဒါဟာ လူတစ်ယောက် ဥာဏ်မီသလောက် စဉ်းစားမိတာသာဖြစ်ပါတယ်။ ၀ိုင်းပြီး စဉ်းစားကြစေလိုပါတယ်။ စာပေလောကရဲ့ လက်ရှိအခြေအနေကို ပြုပြင် ပြောင်းလဲ မပစ်နိုင်ရင်တော့ `စာပေသရောကြီးခိုင်း´တဲ့ အဖြစ်ကို မကြာမီအတွင်း ကြုံတွေ့ရနိုင်ပါတယ်။ အဲဒါကြောင့် စဉ်းစားကြပါ။ ဆွေးနွေးအဖြေရှာကြပါလို့ နှိုးဆော်လိုက်ရပါတယ်။
*** လူထု စိန်ဝင်း ***
(လူထုရနံ့စာစုများ)မှ ကူးယူဖော်ပြသည်။
ခုတလော မြန်မာမဂ္ဂဇင်းတွေနဲ့ ၀တ္ထုတွေဖတ်ရတာတယ်ပြီး အာသာမပြေချင်ပါဘူး။ မဂ္ဂဇင်းတစ်အုပ် ကောက်ကိုင်လိုက်ရင် ၁၅ မိနစ် လွန်ရောကျွံရောပဲ။ ဒါတောင် ရှေ့ပိုင်းစာမျက်နှာတွေမှာ ပါနေကျ၊ မင်းသားမင်းသမီးတွေ၊ အဆိုကျော်တွေ၊ မော်ဒယ်တွေရဲ့ ပုံတွေနဲ့စာတွေပါ လှန်လှောကြည့်ရင်း ဖတ်သွားတာ။ ဖတ်တုန်းကလည်း မရှိလို့သာ ဖတ်ရတာ၊ စိတ်က သိပ်ပါလှတာ မဟုတ်ဘူး။ ဖတ်ပြီးတော့လည်း နောက်တစ်ခါ ပြန်ကိုင်ချင်စိတ် ပေါ်မလာတော့ပါဘူး။

No comments:
Post a Comment