မြတ်စွာဘုရားသခင်သည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေစဉ်- ကိုယ်တော်တိုင်း မိုးရွာစေသည်ကို အကြောင်းပြု၍ အတိတ်ဇာတ်ကို ဟောတော်မူ၏။
(အကျယ်ကား) ကောသလတိုင်း၌ မိုးခေါင်နေ၏။ ရေကန်ကြီးငယ်တို့ ရေခန်းခြောက်ကြ၏။ ဇေတ၀န်ကျောင်းရှိ ရေကန်ကြီးသည်ပင် ရေခန်း၍- ရွံများတွင် တိုးဝှေ့နေကြသော ငါး၊ လိပ်တို့ကို ကျီး၊ စွန်တို့က ထိုးသုတ် စားသောက်ကြ၏။
လူတို့အတွက် ကောက်စပါးများလည်း ညှိုးကြ၏။ မြတ်စွာဘုရားသည် မဟာကရုဏာတော်ဖြင့် အရှင် အာနန္ဒာအား ရေသနုတ်တော်ကို ယူစေလျက် ရေသနုတ်တော်ကို ၀တ်ပြီး။ ဇေတ၀န်ရေကန်၏ စောင်းတန်းဦး၌ ရပ်တော်မူ၏။
သိကြားမင်း မနေနိုင်၍ မိုးနတ်သားကို ခေါ်ပြီး…. `မြတ်စွာဘုရားသည် ရေချိုးတော်မူလို၍ ရေသနုတ်ဝတ်တော်မူကာ စောင်းတန်းဦး၌ ရပ်တော်မူသည်။ ကောသလတိုင်းနှင့် တစ်စပ်တည်း မိုးကိုရွာချလော´ဟု စေ၏။
အရှေ့ဘက်မှ မိုးတိမ်တိုက် တစ်ခုသည် တဖြည်းဖြည်း တစ်ထပ်ပြီးတစ်ထပ် ပွားများလာကာ ထစ်ချုံးလျက် ရေအိုးကို မှောက်၍ ချလိုက်သကဲ့သို့ တစ်ဆက်တည်း ရွာချလိုက်ရာ ချောင်းကန်တို့ ရေပြည့်လျှံလျက် ဇေတ၀န် ရေကန်မှ ရေမှာ စောင်းတန်းဦးသို့တိုင် ဆိုက်လေ၏။
မြတ်စွာဘုရားသည် ရေကန်၌ ရေချိုးတော်မူ၏။
သတ္တ၀ါအပေါင်းတို့သည် ဘေးကင်း ရွှင်လန်းကြကုန်၏။
ခြောက်လ၊ ကောက်စပါးတို့ လန်းဆန်းကြကုန်၏။
ညနေတရားသဘင်၌ ရဟန်းတော်များက မြတ်စွာဘုရား၏ ပါရမီတော်ကို အံ့သြချီးကျူးနေကြရာ၊ မြတ်စွာဘုရား ကြွလာလျှင် ကြားသိတော်မူ၍ အတိတ်ဇာတ်တော်ကို ဟောကြားတော်မူခြင်းဖြစ်သည်။
အတိတ်ဇာတ်………………..
ရှေးရှေးအခါက ကောသတိုင်း၊ သာတတ္ထိပြည် ဤဇေတ၀န် ရေကန်အရပ်တွင် ချုံနွယ်တို့နှင့် ရေအိုင်ဖြစ်နေ၏။
ထိုရေကန်၌ ဘုရားလောင်းသည် ငါးရံ့မင်းဖြစ်၍ ငါးအပေါင်း အခြံအရံနှင့် နေ၏။
တစ်နှစ်တွင် ဤကဲ့သို့ မိုးခေါင်၏။
အင်းအိုင် ရေကန်တို့ ခန်းကြ၏။
ရွံ့ညွံများ အကြားတွင် တိုးဝှေ့နေကြသော ငါးတို့ကို ကျီးအစရှိသည်တို့ ထိုးသုတ်၍ စားကြ၏။
ဘုရားလောင်း ငါးရံ့မင်းသည် ဆွေမျိုးအပေါင်းတို့ ပျက်စီးခြင်းကို မြင်ရ၍…………..
`ငါမှတစ်ပါး အခြားကယ်မည့်သူ မရှိချေတကား´ဟု ဆွေမျိုးတို့ ဒုက္ခမြင်ရ၍ စိတ်ရော၊ ကိုယ်ပါ ဆင်းရဲလှသည်။
`အိုး…. ပဇ္ဇုန် နတ်မင်း´
ငါသည် ဆွေမျိုးတို့ ဒုက္ခကိုမြင်ရ၍ စိတ်ရော၊ ကိုယ်ပါ ဆင်းရဲလှသည်။
ငါသည် သီလကို စောင့်ထိန်းပါလျက် အဘယ့်ကြောင့် မိုးကို မရွာစေသနည်း။
ငါသည် ဇာတ်တူ သတ္တ၀ါတို့ကို စားတတ်သော အမျိုးဖြစ်ပါလျက် ဆန်စေ့မျှလောက် အရွယ်ရှိသော ငါးမှအစ မစားခဲ့ပါ၊ ငါသည် တစ်ပါးသော သတ္တ၀ါတို့ကိုလည်း သေအောင် မပြုခဲ့ဖူးပါ။
`ဤမှန်သော သစ္စာစကားကြောင့် မိုးကိုရွာစေပြီး ငါ၏ ဆွေမျိုးတို့ကိုလည်းကောင်း၊ ငါ့ကိုလည်းကောင်း ဆင်းရဲမှ လွတ်စေလော့´ဟူ၍ သစ္စာအဓိဌာန် ပြုသည်နှင့် ပဇ္ဇုန် နတ်မင်းသည် ကောသလတိုင်းကို ကြီးစွာသော မိုးကိုရွာစေပြီး ရေကို မှီရသော သတ္တ၀ါအပေါင်းတို့ သေခြင်းဆင်းရဲမှ လွတ်ကင်းကြ ကုန်သတည်း။
ဇာတ်ပေါင်းသော် ………………….
ငါးအပေါင်းသည် - ငါဘုရား၏ ပရိသတ်
ပဇ္ဇုန်နတ်သည် - အာနန္ဒာ
ငါးရံ့မင်းသည် - ငါဘုရားဟု ဇာတ်တော်ကို ပေါင်း၏။
*** ဦးလှခင် - ဆန်းညွန့်ဦး ***
*** ငါးမင်း သစ္စာ- ပစ္စုပ္ပန် ၀တ္ထု ***

No comments:
Post a Comment