(မတ်လ ၄-ရက် ၂၀၁၀) ထိုင်း အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားကာကွယ်ရေးနှင့် လူမှုဖူလုံရေးရုံး (ဆ၀ါဒီ ကန်)မှ ဦးစီးပြီး မြန်မာအလုပ်သမားအကျိုးဆောင်အဖွဲ့များက ပူးပေါင်းပါဝင်လျက် နှစ် ၁၀၀ မြောက် နိုင်ငံတကာ အမျိုးသမီးများနေ့ (အကြိုနေ့)အခမ်းအနားနှင့် ပျော်ပွဲ ရွှင်ပွဲများကို မဲဆောက်မြို့၌ ယနေ့ကျင်း ပကြသည်ကို တွေ့ရသည်။ ထိုင်းအလုပ်သမား ကာကွယ်ရေးရုံး(ဆ၀ါဒီကန်)မှ တာဝန်ရှိသူများ၊ ထိုင်းရှေ့နေ များကောင်စီ ဥပဒေအထောက်အကူပြုဌာန (LLC)နှင့် ၄င်း၏ ကွန်ယက်များဖြစ်ကြသော မြန်မာအလုပ်သမား အကျိုးဆောင်အဖွဲ့များ၊ တာ့(ခ်)ခရိုင် စက်မှုလုပ်ငန်းရှင်များနှင့် ကုန်သည်ကြီးများအသင်း (FTI)မှ တာဝန်ရှိ သူများက အမျိုးသမီး အလုပ်သမားများနှင့် အတူ ပျော်ရွှင်ရင်းနှီးစွာ ဆင်နွဲခဲ့ကြသည်။ (မြန်မာပြည်သား)
(မတ်လ ၃-ရက် ၂၀၁၀) သတ်မှတ်ရက်အတွင်း နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ် မလုပ်သည့် တရားဝင်ရွှေ့ပြောင်း အလုပ်သမား (၅) သိန်းခန့်ကို နေရပ်ပြန်ပို့ရန် ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးတို့ဖြင့် ကြပ်မတ်လုပ်ဆောင်တော့မည်ဖြစ်ကြောင်း ထိုင်းအလုပ်သမား ၀န်ကြီးဌာနမှ အလုပ်အကိုင်ခန့်ထားရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စတာ ဆူပတ် ဂူခွန်က ယမန်နေ့က ပြောကြားသည်။ မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမားများကို ဖေဖော်ဝါရီလကုန် နောက်ဆုံးထားပြီး နိုင်ငံသားစိစစ်ရေး လုပ်ဆောင်ရန် ရက်သတ်မှတ်ပေးခဲ့ပြီးနောက် သတ်မှတ်ချိန်အတွင်း နိုင်ငံသားစိစစ်ရေး မလုပ်သည့်၊ အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းလာမတိုးသည့် ရွှေ့ပြောင်းအလုပ်သမားများကို နေရပ်ပြန်ပို့မည်ဟု ထိုင်းအစိုးရက ပြောဆိုလိုက်ခြင်းဖြစ်သည်။ (ခေတ်ပြိုင်)
(မတ်လ ၂-ရက် ၂၀၁၀) ယနေ့သည် ထိုင်းအစိုးရမှ တရားဝင်ကြေညာထားသော အလုပ်သမားလက်မှတ် (WP-13) နှင့် ပူးတွဲပါ နိုင်ငံသားစီစစ်ရေး လျှောက်လွှာ(တင်ထားဆဲအဆင့်)နောက်ဆုံးရက်ဖြစ်သည့်အားလျော်စွာ ထိုင်း-မြန်မာနယ်စပ် တာ့(ခ်)ခရိုင်မဲဆောက်မြို့ရှိ တာ့(ခ်)ခရိုင် အလုပ်သမားရှာဖွေရေးနှင့် မှတ်ပုံတင်ရုံးတွင် မြန်မာအလုပ်သမားအများအပြားနှင့် ၄င်းတို့၏ အလုပ်ရှင်များ၊ အလုပ်ရှင်၏ ကိုယ်စားလှယ်များ လာရောက်လုပ်ကိုင်ကြသည်ကို တွေ့ရသည်။ (မြန်မာပြည်သား)
(မတ်လ ၁-ရက် ၂၀၁၀) ထိုင်း-မြန်မာနယ်စပ် ဒေသတခုဖြစ်သော ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်အတွင်းတွင် ကုန်သွယ်ရေးဇုန်အသစ်တခုကို ဖွင့်လှစ်မည်ဟု ချင်းမိုင်ပြည်နယ် ကုန်သည်ကြီးများ အသင်းထဲမှ သိရှိရသည်။ (မဇ္ဈိမ)

No comments:
Post a Comment