ဖေဖော်ဝါရီ ၂၈၊ ၂၀၁၀
[မူရင်း - yaw-han-aung.blogspot.com]
(ဒီကဗျာကို အသံထွက်ဖတ်ပါ။)
**ငါပြောချင်နေတာ တော်တော်များ
ငါ ဟစ်ပ်ဟော့ဆိုရရင် ကောင်းမလားတွေး။
**လူငယ်တွေကလည်း အချစ်အကြောင်းတွေချည်းပဲပြော...
ငါကလည်း နည်းနည်း ဆရာကြီး လုပ်ချင်နေတာနဲ့မော။
သူတို့ အိုင်ဒီယာ ပြောနေတာတွေလည်း သဘောမကျ...
မယ်လိုဒီ မဖန်ဆင်းနိုင်တဲ့ ငါ့လက်သံအစုတ်အပြတ်ကိုလည်း ဒေါပွ။
ရေးတဲ့ကဗျာတွေ မဂ္ဂဇင်း မရွေးတာလည်း တဒုက္ခ
နောက်ဆုံးတော့ ဘလော့ဂါ လုပ်ရတာပဲ မုချ....။
လမ်းရိုးဟောင်းကိုလည်း
မလိုက်ချင်ဘူး။
အဆန်းထွင်ချင်တဲ့ ဥာဉ်နဲ့ပဲ
ငါ့မှာရူး။
**တော်လှန်ရေးနတ်ကလည်း ပူးသေး
ကလေးကလားတွေကြားထဲ
ကူးဝင်ကာ ပေါက်ကွဲမယ်...
**ကိုယ့်ကိုယ်ကို ထင်တလုံးနဲ့ ကိုယ်ပြောချင်တာကို ကိုယ်ပြောမယ်။
ကိုယ့်ဒုက္ခကို တသသနဲ့ ရင်ဖွင့်တာကိုပဲ ဂုဏ်လုပ်ဆဲ။
**ရိုးသားမှုကို တရွတ်ဆွဲ ကံအမြဲလွဲနေရတဲ့ ဘဝ
ချစ်သူကလည်း အထင်သေးရဲ့ ......
တံခါးတွေပိတ်ထား... ဘာမှ အစွမ်းပြခွင့်မရ
မိဘတွေကလည်း သက်ပြင်းချ
ပါရမီ မရှိလှတဲ့ ရပ်ကွက်ကလည်း
သူ့လို မမိုက်ကြနဲ့တဲ့ ဥပမာပြ ...
(အင်း....) ဂြိုဟ်သားတယောက်ပမာ ငါ့ဘ၀..
ငါပြောချင်နေတာကလည်း ဘယ်နေရာမှာ ပြောရပါ့...။
**ကဗျာလေးရေးမိပါတယ်... လေးလုံးစပ် မဟုတ်ဖူးတဲ့ ရှုံ့ချ..
နိုင်ငံရေး ၀င်ဆွေးနွေးမိပါတယ်... အတိုက်အခံဆိုရင် နည်းနည်းမှ မဝေဖန်ရတဲ့ ပယ်ချ...
စာတိုလေးရေးမိပါတယ်... ရပ်တည်ချက် မရှိဖူးတဲ့ အုပ်စုလိုက် တွယ်ကြ...
ဘလော့မှာ တကုတ်ကုတ်ရေးမိပါတယ်... အရေမရ အဖတ်မရတဲ့ အလကား....။
**ငါ့မှာ.....
မိုက္ကရိုဖုန်း လိုတယ်။
စင်မြင့်ကနားလိုတယ်။
သူများတကာ ဖျားသွားစေဖို့
စာသားတွေလည်း လိုတယ်။
ငါ့အစွမ်းရဲ့ ချီးမွမ်းခန်းလည်း
တခန်းတနားလေး ကြားချင်သေးတယ်..
**ငါ့အတွက်လည်း ထွက်ပေါက်ဖြစ်...
ဒေါသတွေလည်း မြစ်မျောပစ်
အိပ်ပျော်နေတဲ့ ခေတ်ကိုလည်း
ထစ်ချုံးဖောက်ခွဲ လိုက်ချင်သေးတယ်။
**ငါ့ကဗျာတွေက ကာရန်မဲ့
ငါ့စာသားတွေက “မာရု” လိုရင့်သီးခဲ့
မီးလောင်ပြင်က အပင်လို ခပ်ရိုင်းရိုင်းကြီးပြင်းခဲ့...
သဘာဝအတိုင်း အရိုးရင့်
ငါကိုယ်တိုင်က ဒေါသဆင့်
ခံစားမှု အရိုင်းထည်က
ငါ့ရင်နဲ့အပြည့် တိုးမြင့်။
**လက်ညှိုးထိုးပြီး ပြောချင်
ရင့်ရင့်သီးသီး ပြောချင်
ပျက်စီးနေတဲ့ စနစ်ဆိုတဲ့
ခေတ်ကိုချည်း ပုံမချဘဲ
လူတွေပျက်နေတာလည်း ပြောချင်။
**ငါက ငြိမ်းချမ်းရေးအကြောင်းလည်း ပြောချင်
အချစ်အကြောင်းလည်း ပြောချင်
သဘာဝပတ်ဝန်းကျင်၊ အမှန်တရားနဲ့ ရှင်သန်ခြင်းအကြောင်း
တရားမျှတမှုနဲ့ လွတ်လပ်မှု အကြောင်း၊
ခေတ်နောက်ကျနေတဲ့ လူအဟောင်းတွေကိုလည်း ပြောချင်။
နားမထောင်ရင် နားရွက်ဆွဲ
မနေနိုင်အောင်ပဲ ပြောချင်
သည်းခံနိုင်လွန်းတဲ့ လူတွေကိုလည်း
ဘုရားမဖြစ်နိုင်ကြောင်း ပြောချင်။
၂၁ ရာစု လူသားတွေအတွက်
ကမ္ဘာဦးတရားလည်း ဟောချင်။
**(အင်း....) ရင့်သီးနေတဲ့ ငါ့ကဗျာတွေ
အချိုသတ်ဖို့
စိတ်ကောက်နေတဲ့ ချစ်သူလေးအတွက်
လိုအပ်လို့...
ကံကိုယုံနေတဲ့ သည်လူသားတွေ
တရားချဖို့
ဟောသည်ကောင် ယောဟန်အောင်က ပြောချင်နေတာများ
ငါ ဟစ်ပ်ဟော့ဆိုရရင် ကောင်းမလား။ ။
***ယောဟန်အောင် ***

No comments:
Post a Comment