မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးစဉ် ရဟန်းငါးရာ ကိလေသာနှိပ်စက်သည်ကို မြင်သော်မူ၍- `ရဟန်းတို့ ရွံ့ရှာသင့်သော အရာ၌ ရွံ့ရှာသင့်သည်။ ကိလေသာ ဟူသည် တိုးပွားလာလျှင် ညောင်ပင်သည် အခြားသစ်ပင်ကို မျိုးတတ်သကဲ့သို့ မျိုးတတ်ကုန်၏´ဟု အတိတ်ဇာတ်ကို ဟော်တော်မူလေသည်။
***အတိတ်ဇာတ်***
ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းစိုးစံစဉ်- ဘုရားလောင်းသည် လက်ပံပင်ကြီး၌ ရုက္ခစိုးဖြစ်၏။ ဂဠုန်တစ်ကောင်သည် မိမိကိုယ်ကို ယူဇနာတစ်ရာ့ ငါးဆယ် ရှိအောင် ဖန်ဆင်းလျက် သုမဒ္ဒရာရေကို နှစ်ခြမ်းကွဲစေပြီး သမုဒ္ဒရာအောက်မှ အလံတစ်ထောင်ရည်သော နဂါးတစ်ကောင်ကို အမြီးမှသုတ်လျက် ဦးခေါင်းကို ဇောက်ထိုးထားကာ စားထားသော အစာတို့ကိုအန်စေပြီး လက်ပံပင်ရှိရာသို့ ပျံ၍ အလာ။ နဂါးမင်းသည် ဇောက်ထိုးအနေအထားတွင် မိမိလွတ်မြောက်ရေးအတွက် ညောင်ပင်ကို ရစ်ပတ်ဆွဲလိုက်ရာ ညောင်ပင်ကြီး အမြစ်မှကျွတ်၍ ပါလာသည်။
ဂဠုန်မင်းသည် လက်ပံပင်အနီး ကောင်းကင် ခရီးတွင် နဂါးမင်း၏ ၀မ်းကိုခွဲကာ နဂါးဆီကိုဝအောင်စား၍ နဂါးကို သမုဒ္ဒရာ၌ပစ်ချရာတွင် ညောင်ပင်ပါ ပါသွားရာ ညောင်ပင်မှ ပါလာသော ငှက်မတစ်ကောင်သည် လက်ပံမင်ခွကြားတွင် နားလေသည်။
***ငှက်မ မြင်မှ တုန်လှုပ်ရ***
ရုက္ခစိုးနတ်သည် ငှက်မကိုမြင်လျှင် ထိတ်လန့်တုန်လှုပ်သွားရာ လက်ပံပင်ကြီး အရင်းအမြစ်အထိ လှုပ်တော့သည်။ ထိုအခါ ဂဠုန်မင်းက….
`အို…. ရုက္ခစိုး၊ ငါသည် အလံတစ်ထောင်ရှည်သော နဂါးကြီးကို ဆောင်ယူလာစဉ် ငါ့ကို မြင်၍ မတုန်လှုပ်ဘဲ၊ ငှက်မကို မြင်မှ ဘာကြောင့် တုန်လှုပ်ရသလဲ´ဟု မေးလေ၏။
ဖြစ်လာမည့်အန္တရာယ်ကြိုတင်မြင်….
ထိုအခါ ဘုရားလောင်းရုက္ခစိုးက- ငှက်မငယ်သည် ငါ့ခွကြားမှ လာနားလေပြီ။ ညောင်စေ့၊ ရေသဖန်းစေ့တို့ကို စားသော ငှက်မသည် ငါ့သစ်ပင်အကြားမှ ကျင်ကြီးစွန့်တော့မည်။ ငါ့သစ်ပင်ခွကြားမှာ ညောင်ပင်၊ ရေသဖန်းပင်တို့ပေါက်ပြီး ကြီးထွားလာလျှင် ငါ့လက်ပံပင်ကို မျိုလိမ့်မည်။ ထိုအခါ ငါ့မှာ နေစရာရှိတော့မည်၊ လာမည့်ဘေးကို ကြိုတင်မြင်သောကြောင့် ငါတုန်လှုပ်ပါသည်´ဟု ပြောကြား၏။ ဂဠုန်မင်းက….
`အို….. ရုက္ခစိုး၊ ရွံ့ရွာသည်ကို ရွံ့ရှာပေမည်။ လာမည့်ဘေးကို ကြိုတင် စောင့်ရှောက်ရပေမည်။ ပညာရှိသည်။ ပစ္စုပ္ပန်ရောတမလွန်ပါ လာမည့်ဘေးအတွက် ရှုလေ့ရှိပေသည်´ဟု ဆို၍ ဂဠုန်မင်းသည် ငှက်မကို လက်ပံပင်မှ ပြေးစေသည်။
***ဇာတ်ပေါင်းသော်***
ဂဠုန်မင်းသည် - သာရိပုတ္တရာ
ရုက္ခစိုးသည် - ငါဘုရားဟု ဇာတ်တော်ကို ပေါင်း၏။
*** ဦးလှခင်- ဆန်းညွန့်ဦး ***
*** (သတ္တကနိပါတ်၊ ၄၁၂-ကောဠသိမ္ဗနဇာတ်) ပစ္စုပ္ပန်ဝတ္ထု ***

No comments:
Post a Comment