ပူနေခဲ့ မောဟများ ကြမ်းပြင်မှာ ဖြန့်ခင်းသလို
လူတွေရဲ့ လောဘအား လောင်ကျွမ်းနေတဲ့ နွေနေ့လည်ခင်း ။
**ပိတောက်နဲ့ငုဝါ ဆိုတာ
ငါတို့ရင်ထဲက ထာဝရ တွင်တာဝါ( twin tower )
အခုတော့ ကျနေတဲ့သင်္ကြန်လို အဝေးမှာ လဲပြို ကျ
အကြမ်းဖက်သမားတွေက စစ်ဖွဲ့စည်းပုံနဲ့ ၀င်တိုက်ခဲ့ကြတယ် ။
**မြေမြှုပ်ပစ်မရတဲ့ သင်္ကြန်အလွမ်း
ခြေချုပ်မိထားခဲ့ အပြန်လမ်း
ပမ်းနေတဲ့ အလွမ်းတွေ နစ်မြုပ်လို့
လှမ်းနေဆဲ ခြေလှမ်းများ တွန့်ဆုတ်
ကိုယ့်ကံကြမ္မာ ကိုယ် အတိတ်မှာထမ်းပြီး
ကိုယ့်လာရာလမ်းကို ကိုယ် စိတ်နဲ့လှမ်းလျှောက်ခဲ့တယ် ။
**အဆိုးအမြင်တွေနဲ့ စစ်အရိုးနင်နေဆဲ အမိမြေမှာ
အကျိုးနဲတိုက်ပွဲမှာ နွံနစ်
စားပိုးနင့်လဲ လိုက်ပွဲကို မျှော်လင့်
အကျင့်ပျက်များကို စပွန်ဆာလုပ်ပြီး
လာဘ်လာဘတွေနဲ့ မဏ္ဍပ်ထိုး
အင်မတန် ကြမ်းတမ်း ဆိုးသွမ်း စက်ဆုပ်ပုံက
သင်္ကြန်အလွမ်းပေါ်မှာပါ အမြတ်ထုတ်ချင်ကြတယ် ။
**ခွေးမြီးကောက် ကျည်တောက်စွပ်တွေက
ရွေးပြီးကောက်ကြဦးမှာဆိုတော့
သိကြားမင်းတောင် တွေးပြီးကြောက်ကာ
လူ့ပြည်ကိုဆင်းသင့် မဆင်းသင့်စဉ်းစားနေပုံက
ဘန်ကီမွန်း မြန်မာပြည်ကို သွားသင့် မသွားသင့် ချင့်ချိန်သလိုမျိုးပါ ။
**မရီမောဖြစ်တာကြာတဲ့ ရီဝေမျက်လုံးများနဲ့
ပေါ်တာဆွဲခံ မဲဆွယ်ခံရမှာ စိုးရိမ်ပြီး
ကိုယ်ရောင်ဖျောက်ကာသိကြားမင်းက လူ့ပြည်ဆင်းလာချိန်
ပစ်ချခံလိုက်ရလို့ ကြေကွဲနေတဲ့အပြုံးများနဲ့
ပေါ်တာဆွဲပြီး ဖောက်လုပ်ခဲ့ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းရှိလဲ
ပေါ်ပေါ်တင်တင် ဓာတ်ဆီဈေးက နတ်ပြည်ထိ တက်သွားတယ် ။
**ရွေးကောက်ပွဲမှာ မဲလိမ်ပြီး သိကြားမင်းက တက်လာခဲ့တာလား
မသူတော်တွေကို ခွေးပုရပိုဒ်ပေါ်
မှတ်တမ်းတင်ဖို့ မေ့လျော့ခဲ့လေပြီ
နှစ်သစ်တွေသာ ပြောင်းလဲသွားတယ်
အဖြစ်သနစ်များက လမ်းကြောင်းပြောင်းမသွားဘူး ။
**ရွှေဝါရောင်တွေ သွေးစွန်းပေခဲ့ နေ့ရက်များ မြင်တွေ့ပြီး
ရွှေရောင် ပိတောက်တွေ တောက်ခေါက် ကြေကွဲ
အ၀ါရောင် ငုဝါများ ရင်ကွဲနာကြ
ငြင်းဆန်ခဲ့ သင်္ကြန်မိုးများ အပြင်းအထန် ငိုကြွေးနေတယ် ။
**အောင်ခိုင်မြင့်**
**ဆူဝေတဲ့ သောကအလွမ်းတွေ ရင်နဲ့မဆန့်လို့

No comments:
Post a Comment