ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, April 16, 2010

ချစ်သော သင်္ကြန်

>
***ရဲရင့်အောင် (နယူးဒေလီ)**

''ဟဲလို … ကျနော် ရင်မောင်ပါ။ ကား ထွက်သွားပြီလားဗျ။ …. ။ သြော် … ဟုတ်ကဲ့။ ကျေးဇူးပဲနော်။ ကျနော် အိပ်ယာထ နောက်ကျလို့လေ။ လိုက်သွားလိုက်ဦးမယ်''။

'မိချိုသဲ' သင်္ကြန်ကားထွက်တဲ့ စုရပ်နေရာကို ဖုန်းလှမ်းဆက်ကြည့်တာ။ ဗိုလ်ချုပ်လမ်းကနေ မြို့ပတ်လမ်းဘက် ချိုးမှာမို့ ရှာတွေ့ဖို့ မခဲယဉ်း။ အဲဒီမှာ ရေပက်မဏ္ဍပ်တွေ အုံခဲနေသလို၊ အချောအလှတွေကလည်း အောတိုက်ပဲ။ အောင်လင်းနဲ့ ထိန်ဝင်းက 'ပိတောက်သစ္စာ' မဏ္ဍပ်က ဟာလေးတွေနဲ့ အဆက်ကျနေတာ။ ဆိုတော့ 'မိချိုသဲ' အတော်နဲ့ တိုးပေါက်မှာ မဟုတ်ဘူး။ လိမ်ဖယ်လိမ်ဖယ်နဲ့ လိပ်သွားသလို သွားနေရမှာ။ အမီလိုက်လို့ ဖြစ်တယ်။ ဒါပေမဲ့ သိပ်နောက်ကျနေမယ်ဆိုရင်တော့ အစအန ပျောက်ကရောပဲ။ အဟုတ်။

ကျနော်တို့မြို့မှာ ၁၈ ရပ်ကွက် ရှိတယ်။ ရပ်ကွက်တိုင်း မဏ္ဍပ်ထိုး၊ ဇာတ်ခုံဆောက်တယ်။ နည်းနည်းနောနောမှ မဟုတ်တာ။ စည်ကားလိုက်တာမှ လွန်ပါရောလား။ နေရာစုံ အကုန်နှံ့ဖို့ သင်္ကြန်ရက် ၃ ရက်လုံး၊ တနေကုန်နဲ့ ညသန်းခေါင်အထိ လှည့်ပတ်ရင်တောင် မနှံ့ရေးချ မနှံ့။ ကားကို မရပ်တမ်း လှည့်ပတ်မောင်းနေလို့လည်း မရဘူးလေ။ လမ်းတိုင်းမှာ တငေးတမောနဲ့ ကြည့်ချင်စရာတွေချည်းပဲ။

အလှပြယာဉ်၊ သီချင်း-သံချပ် ပြိုင်ပွဲဝင်ယာဉ်တွေဆို တကားထဲကိုပဲ တစိမ့်စိမ့် ထိုင်ကြည့်နေဖို့ မဖြစ်နိုင်ဘူး။ သူတို့လိုပဲ ရင်မောင်တို့ ရေပက်ခံကားတွေလည်း လှည့်ပတ်နေတာ။ ဒါကြောင့် အများအားဖြင့် ဖြတ်သွားဖြတ်လာပဲ မြင်ရတယ်။ ပြိုင်ပွဲဝင်ကားအချင်းချင်း လမ်းဆုံလမ်းခွမှာ ဆုံကြပြီဆို တလှည့်စီ အပြိုင်အဆိုင် တီးကြခတ်ကြ၊ ဆိုကြကကြနဲ့မို့ ဒါမျိုးဆို အချိန်ပေး ကြည့်ကြတယ်။ သူတို့က အနုပညာအရာတွေ သယ်ကာပိုးကာနဲ့ ယှဉ်ပြိုင်ကြတာမို့၊ လမ်းမှာ တွေ့ပြီဆိုရင် ကားပေါ်ကဆင်း၊ လက်ခုပ်လက်ဝါးတီး အားပေးကြတယ်။ အလှပြယာဉ်၊ သံချပ်ကားတွေနဲ့ ဂီတ၀ိုင်းကားတွေက နှစ်စဉ် နာမည်ပေါက်ပြီးသားတွေပဲ များတယ်။ အသစ်ထွက်လာတာမျိုးက ခပ်နည်းနည်းပါ။

သင်္ကြန်မတိုင်ခင် တလကျော်ကတည်းက သံချပ်တိုက်တယ်။ အများအားဖြင့် စည်ပင်၊ သမ၀ါယမ၊ မီးသတ်၊ ယာဉ်ထိန်းရဲ၊ ရဲဌာန၊ ကျောင်း၊ ဘုရားလူကြီး-ရပ်ကွက်လူကြီး၊ ယဉ်ကျေးမှု စတဲ့ အထဲက ထော်လော်ကန့်လန့်ဖြစ်၊ မျက်စိဆံပင်မွှေး ဆူးတာတွေကို လက်ညှိုးထိုးသရော်ဖို့ ရေးကြတာပေါ့။ ပြိုင်ပွဲဝင်မယ့် တီးဝိုင်းတွေက ခေတ်ပေါ်စတူဒီယိုရော၊ ရှေးဟောင်း သီချင်းကြီး သီချင်းခန့်တွေပါ တိုက်ကြတယ်။

အလှပြကား အကြီး-အငယ်တွေ ဘေးမှာ သစ်သားဘောင်၊ သုံးထပ်သားကာနဲ့ ဘော်ဒီရိုက်ပြီး၊ အဲဒီအပေါ် အနုပညာ လက်ရာမြောက်တဲ့ ပန်းချီတွေ၊ ဒီဇိုင်းတွေ ဆေးရေးဆွဲကြတယ်။ လက်ရာတွေက ကောင်းပေ့သန့်ပေ့ များပါတယ်။ သံချပ်ဝိုင်း-တီးဝိုင်းနဲ့ ယိမ်းအဖွဲ့တွေအတွက် မီးစက် လိုတယ်။ လျှပ်စစ်မီးက အားကိုးလို့ မရတော့ မီးစက်ကို ရှာထားကြရတယ်။ မိဘတွေကလည်း သင်္ကြန်ကာလနဲ့ အကြို/အလွန် ရက်တွေတွက်ပြီး အိမ်မှာစားဖို့ စားသောက်စရာ ၀ယ်ဖြည့်ထားရတယ်။ ဒီအချိန်ဆို တနယ်တကျေးမှာ ရောက်နေတဲ့ မိသားစုဝင်တွေ အိမ်မှာ လာစုကြ၊တယ် နယ်က ဆွေမျိုးတွေ မြို့ပေါ်တက်လာပြီး တည်းကြခိုကြနဲ့ မဟုတ်လား။ အလုံအလောက် ဖြည့်တင်းထားနှင့်ရတာ။

ယိမ်းထွက်မယ့် သူတွေလည်း ဆိုင်းဝိုင်းတွေ အပြိုင်ငှားပြီး ကျယ်ဝန်းတဲ့ နေရာတွေမှာ အကလေ့ကျင့်ကြတယ်။ ကိုယ့်ယိမ်းသမတွေ အမောပြေဖို့ အရပ်ထဲက ဖျော်ရေကမ်း၊ လက်ဖက်ကမ်းနဲ့ တကယ့်ကို သိုက်သိုက်ဝန်းဝန်းပဲ။ သိတဲ့အတိုင်း ခုံပေါ်နဲ့ မဏ္ဍပ်မှာ ၀တ်မယ့် အထက်အောက်ဝမ်းဆက် အရေအတွက် ဒီဇိုင်း အရောင် ရွေးရတာ၊ စက်ချုပ်ဆိုင် အပ်ရတာ၊ မိတ်ကပ်ဆရာနဲ့ ဈေးညှိရတာ၊ ညီညာတဲ့ ယိမ်းအဖွဲ့ဖြစ်ဖို့ လက်သဲဆိုးဆီကအစ အစပ်အဟပ်မိအောင် လုပ်ရတာ၊ မင်းသမီးအထည်လိုရင် အငြိမ့်တွေဆီ ပြေးငှားရတာ၊ ကိုယ်ပိုင်သီချင်းနဲ့ ကချင်ရင် သင်္ကြန်သီချင်း အစပ်အဆိုကောင်းတဲ့ ဇာတ်ဆရာတွေဆီ အပ်ရတာ၊ ဆိုင်းဝိုင်းနဲ့ သီချင်းတိုက်ရတာ စသဖြင့် စသဖြင့် သူများခုံတွေထက် သာဖို့၊ ကောင်းဖို့၊ လှဖို့အတွက် ငြင်းခုန်ကြ၊ အော်ဟစ်ကြနဲ့ ပွက်လောရိုက်ခဲ့ကြရတာ။ ပွဲမ၀င်ခင် လေ့ကျင့်ခဲ့ကြ၊ ပြင်ဆင်ခဲ့ကြတာ။ ဒါက ညီအမတွေအပိုင်း။

ညီအကိုတွေအပိုင်းကျ … ။ ဘာမှ အကြီးအကျယ် မဟုတ်လှတဲ့ 'မိချိုသဲ' ရေပက်ခံ ဂျစ်ကားလေး ဖြစ်လာဖို့ ပြင်ရတာ ကြည့်ပါဦး။ ဂျစ်ကားကို အမိုးအကာဖယ်၊ ဘောနက်ကို ထူထဲတဲ့ အဖုံးနဲ့ လဲတပ်၊ ကားရဲ့ ကြံ့ခိုင်ရည်ကို စစ်ဆေး၊ ဓာတ်ဆီဝယ်၊ လူစာရင်းကောက်၊ ကျသင့်ငွေ လက်ခံ၊ ဘယ်အချိန် စထွက်၊ နား၊ ပြန်ထွက် စတဲ့ တနေ့တာ အချိန်ဇယားဆွဲ၊ စည်းကမ်းသတ်မှတ်၊ ကားနောက်တံခါးမှာ တိုင်ထူ၊ ဆိုင်းဘုတ်အဖြစ် စကောကို ဆေးသုတ် ဒီဇိုင်းဆွဲ နာမည်ရေး။ ဒီကြားထဲ BEDC အရက် စုဆောင်းထားဖို့ အ၀ယ်တော်က ရှိရသေးတယ်။ အခုပြောခဲ့သမျှအတွက် နှစ်ယောက်စ၊ သုံးယောက်စနဲ့တင် အလုပ်ပြီးပါတယ်။ ခက်တာက လူတွေကိုယ်၌က စုရုံးချင်နေတာ။ တစုတဝေးကြီး၊ တပျော်တပါးကြီးနဲ့ နေချင်ကြတာ။ ၀ိုင်းကို ဖွဲ့ချင်နေတာ။ အဲလိုပါ။

ဒါတွေက သင်္ကြန်မကျခင် တလလောက်မှာ ဖြစ်လာခဲ့တော့ သင်္ကြန်ရဲ့ အရိပ်အငွေ့က လူတွေကို တင်ကြိုဖမ်းစားထားပြီးသား။ ဘယ်သူမှ မလွန်ဆန်နိုင်ဘူး။ ဒါကြောင့် သင်္ကြန်ရောက်ပြီဟေ့!! ဆိုရင် ပျော်ပျော်ကြီးကို နေလိုက်နိုင်မှ မောရကျိုးနပ်သလိုပဲ။ ဒါကြောင့်လည်း ပြီးခဲ့တဲ့ နှစ်ရက်နဲ့ နှစ်ညလုံးလုံး စိတ်လွတ်ကိုယ်လွတ်နေခဲ့လို့ အိပ်ရေးကပျက်၊ ပင်ကပင်ပန်းနဲ့မို့ ဒီကနေ့ အတက်နေ့မှာတော့ နှိုးစက်သံတောင် မကြားတော့ဘဲ အအိပ်လွန်သွားလေရဲ့။ အခုတော့ 'မိချိုသဲ' ကို ရှာရပြီပေါ့။

သူ့ကိုရှာဖို့ တောင်ဘက်ကို ဦးတည်မောင်းတဲ့ သင်္ကြန်ကားတွေကို လက်တားပြီး တက်စီးလာတာပါ။ တကားပြီး တကား ပြောင်းစီးရင်း၊ တလမ်းဝင် တလမ်းထွက် ရှာတာပေါ့။ 'မိချိုသဲ' လာသွားပြီလားလို့ မဏ္ဍပ်တွေကို မေးကြည့်တယ်။ ညွှန်ပြတဲ့လမ်းအတိုင်း တရွေ့ရွေ့ ဆက်လာတယ်။ တကွေ့ကွေ့ တွေ့ရမှာပေါ့လေ။ မင်း … ဘယ်ပြေးမလဲ 'မိချိုသဲ' ။ ပြောသာပြောရတယ်၊ မတွေ့တော့ရော အဆန်းလား။ ဒါမျိုးတွေက မကြာခဏ ဖြစ်တတ်ပါ့။ ပြဿနာအကြီးအငယ် မရှိလှပါဘူး။

မဏ္ဍပ်တွေမှာ သာကူချို၊ မုန့်လက်ဆောင်၊ ရွှေရင်အေး၊ မုန့်လုံးရေပေါ်၊ ဇီးဖြူသီး စားရည်စိမ်၊ ဘာပဲကျွေးကျွေး ဘယ်လောက်ပေးပေး စားပစ်တာပဲ။ စတုဒိသာတွေများလွန်းလို့ တို့ကနန်း ဆိတ်ကနန်း စားရင်တောင် နေ့လည်စာကို အိမ်ပြန်မစားဘဲ ရောင့်ရဲနိုင်တယ်။ စားရသမျှနဲ့ကို တင်းတိမ်တယ်။

လမ်းတလျှောက်မှာ အရောင်အသွေးအမျိုးမျိုး၊ ဟန်ပန်အမျိုးမျိုးနဲ့ လူတွေကို တွေ့နေရတယ်။ အားလုံးဟာ ပျော်မဆုံးမော်မဆုံး တပြုံးပြုံးနဲ့။ တချို့တွေက မြင်းလှည်းအမိုးဖွင့်၊ ဆိုက်ကားနဲ့ ငြိမ့်ချင်တိုင်းငြိမ့်၊ တချို့များကျ ဂျစ်ကား၊ စက်ဘီးတွေနဲ့ လိမ့်ချင်ရာလိမ့်။ ခြေကျင်ကုန်းကြောင်း မညောင်းမညာ လျှောက်သူတွေလည်း ရှိပါ့။ ရင်ဘတ်မှာ ဆိုင်းဘုတ် ('ပျိုတိုင်းကြိုက်တဲ့မောင်'၊ 'လူပျိုကြီးခင်ဗျ'၊ 'ရေမပက်ရင် ချစ်လို့ပဲ'၊ 'ရှာပုံတော်မင်းသားကြီး' …)၊ မျက်နှာမှာ ဆေးရောင်စုံသုတ်ပြီး၊ တတွတ်တွတ် ရွတ်အော်နေသူတွေ ဖောချင်းသောချင်းပဲ။

လူပျိုအပျိုတွေ အကြည်ဆိုက်နေတာလည်း တမျိုးတဘာသာ ချစ်စရာ။ ကောင်လေးက ကောင်မလေးဆီကနေ ရေခွက်ယူပြီး ပြန်လောင်းချင်လို့ တိုးရှိုးတောင်းပန်လား တောင်းပန်ရဲ့၊ မဏ္ဍပ်အရံအတား သစ်သားရဲ့ အတွင်းအပြင်ဘက် ကပ်နိုင်သမျှ ကပ်ပြီး ကလူကျီစယ် ချစ်ကြိုးသွယ်ကြ တီးတိုးစကားဆိုလား ဆိုရဲ့၊ ကားပေါ်က ကောင်လေး သူ့ဆီကို တန်းတန်းမတ်မတ် ဆင်းလာတော့ ကောင်မလေးခမျာ ၀မ်းသာအားရ ရှက်သွေးဖြာလား ဖြာရဲ့ …၊

ကားသမားက ဟွန်းသံပေးတာတောင် ကောင်လေးက ထွက်တော်မူ နန်းကမခွာလို့ ကောင်မလေး စိုးရိမ်နေတာ၊ အတန်တန် တောင်းပန်ပေမယ့် ထွက်မသွားလို့ တမဏ္ဍပ်ထဲသူတွေက ၀ိုင်းကြည့်ချိန် ကောင်မလေး အိနြေ္ဒပျက်နေတာ။ မူနေတဲ့ ကောင်မလေးကို မရမက အဖြေတောင်းပြီး ၀မ်းသာလုံးဆို့သွားတဲ့ ကောင်လေး ကားနောက်ကို မမီမကမ်း ပြေးလိုက်သွားတာ၊ ဒီအဖြစ်ကိုကြည့်ပြီး ကောင်မလေး သဘောကျနေတာ၊ ကဲ … တကယ့်ကို တမျိုးတဘာသာ၊ အဟုတ်ကို ချစ်စရာ။

ရေပက်သူ မိန်းကလေးတွေက တခြားသူတွေ ဟုတ်ရိုးလား။ ယိမ်းသမတွေ၊ တပင်တိုင်သူတွေလည်း ပါရဲ့။ ညမှာ အိပ်ရေးပျက်ပေမယ့် နေခင်းဘက် ရေပက်မပျက်ဘူး။ အထင်မသေးလေနဲ့၊ တခြားအချိန်မှာသာ ညောင်နာနာ ဖြစ်ချင်ဖြစ်မှာ။ သင်္ကြန်ရက်တွေကျ အိုကေမှာ စိုပြေပဲ။ အ၀တ်အစား မထပ်အောင် ချုပ်ရ၊ မိတ်ကပ် သနပ်ခါး လူးရ၊ ခြေသဲလက်သဲနီ ဆိုးရ၊ ပန်းကုံးတွေ ပန်းခက်တွေ ခူးရသီရ ၀ယ်ရခြမ်းရနဲ့။ လှဖို့ပဖို့အရေး မနားမနေနဲ့မို့ မောမယ်များ မမှတ်လေနဲ့။ မပင်မပန်း ရွှင်လန်းနေကြတာ၊ သူတို့မှ ဟုတ်ပါလေစ။

ကြည့်စမ်းပါဦး၊ အသက်ကြီးလို့ ပျက်စီးပြီလား မှတ်ပါတယ်၊ ဘယ်ကလာ ဟုတ်ရမှာလဲ။ ငယ်မူငယ်သွေးပြန်ပြီး သွက်လက်ကြွတက်တဲ့ အဖိုးအဖွားတွေ။ 'ကုန်းနေတဲ့ခါးတွေ မတ်လိုက်ဟဲ့'၊ 'ငိုက်နေတဲ့ ဇက်တွေ မော့လိုက်ဟဲ့'၊ 'အားမရှိအင်မရှိ အရာတွေ၊ တုံချိချိတွေ ဘယ်ပျောက်လို့ ဘယ်ရောက်ကုန်လဲ မသိ'။ သူတို့ကြည့်ရတာလည်း မြင်သူအပေါင်း ၀မ်းပမ်းတသာ ရှိလှပါ့။

အဖို-အမ၊ အပျို-အအို တယောက်နဲ့ တယောက် ရှက်ကိုးရှက်ကန်း ဖြစ်စရာ မလိုပါဘူး။ ရိုးရိုးသားသား ဓာတ်ခံလေးနဲ့ နေမယ်၊ ယဉ်ကျေးမယ်၊ စည်းလေးဘောင်လေး အတိုင်းအတာလေးနဲ့ နေမယ်ဆိုရင် နှစ်ဦးနှစ်ဖက် လုံခြုံချောမွေ့ပါတယ်။ ကကြတာများဆို ကြည့်ပါဦး၊ ဘယ်အချိန်နဲ့မှကို မတူဘူး။ တခြားအချိန်မျိုး နေ့ခင်းကြောင်တောင်မှာ ဘယ်သူများ အော်ဟစ်၊ ကခုန်ရဲမလဲ။ အရှက်အကြောက်နဲ့ ဂုဏ်သိက္ခာကို ငဲ့ရသေးတယ်။ သင်္ကြန်မှာကျ ဒါမျိုးမဟုတ်ပေါင်။ မြူးတူးကခုန်နေတာတွေက အကမရဲသူတွေ၊ ကချင်သူတွေကိုတောင် ကချင်ရက်လက်တို့ နှိုးဆွနေသလို၊ ပိုးထချင်သလို။

ရေကစားမဏ္ဍပ်ရောက်လို့ ကားပေါ်က ကရင်းခုန်ရင်း ဆင်းကြတာ - ရေ၀ပ်နေတဲ့လမ်းမှာ ရေမှုန်ရေမွှားတွေက တဖြန်းဖြန်း၊ ယိမ်းအဖွဲ့ ကတဲ့အခါ ဇာတ်ခုံရှေ့ ကားထိုးရပ်ပြီး အမျိုးသမီးတွေ ကတဲ့အတိုင်း အမျိုးသားတွေက လိုက်ကတာ - ကားလေးတွေမှာ လှုပ်ခါတရမ်းရမ်း၊ ကားတစီးနဲ့တစီး ကပ်ရှောင်သွားတဲ့အခါ အော်ကြပြုကြရင်း ကကြလိုက်တာ အသံတွေ တိုးမိတိုက်မိပြီး နားစည်များပင် ကွဲအက်ခမန်း …။

ကလေးတွေမို့ မခွဲခြားပါလေနဲ့လေ။ ရေပြွတ်နဲ့ ထိုးရမလား၊ နို့ဆီဘူးနဲ့ ခွက်စောင်းခုတ်ရမလား၊ ရေပူပေါင်းနဲ့ ပေါက်ရမလား။ ခွက်၊ ရေပြွတ်၊ ရေပိုက်၊ ဘာတွေနဲ့ပဲဖြစ်ဖြစ် ပက်ပေါက်ဖြန်ပါစေ နှစ်ဟောင်းက အညစ်အကြေး နှစ်သစ်ဆီ ပါမသွားအောင် ဆေးကြောပေးတယ်လို့သာ မှတ်လိုက်ထား။ သူတို့လေးတွေကို ကျေးဇူးတောင် တင်လိုက်ဦး။ သူတို့က မိဘ စိတ်မချလို့သာ ဝေးဝေးလံလံ မသွားရတာ။ သင်္ကြန်အရသာကိုတော့ ကောင်းကောင်းသိတယ်။ ဟုတ်တယ်ဟုတ်။ ကိုယ်လည်း ငယ်ရာက ကြီးလာတာကိုး။ လူကြီးတွေက အိုးမဲလိုက်သုတ်ပြီဆိုရင် သူတို့လေးတွေ ရှေ့ဆုံးက ခံရတာ။ တငိုငို၊ တရယ်ရယ်နဲ့ အဖေ့တိုင် အမေ့တိုင်။ မိဘတွေက ပြုံးဖြီးဖြီးနဲ့ ချော့ကြမော့ကြပေါ့။

သင်္ကြန်ကာလမှာ လူအများအပြား ဥပုဒ်သီလ ဆောက်တည်၊ တရားစခန်းဝင်၊ ဘုရား ရေသပ္ပယ်၊ အလှူဒါနပြု၊ လူကြီးသူမတွေကို ကန်တော့၊ ခေါင်းလျှော်ပေးနဲ့၊ ကြည့်ရတာ စိတ်နှလုံး အေးချမ်းစရာပါ။ ဒီအဖြစ်တွေက ဟိုနေရာတကွက်၊ ဒီနေရာတကွက် ဖျတ်ခနဲ ဖျတ်ခနဲ တွေ့နေရတာ။

သင်္ကြန်မိုးများ ကျထားလို့ကတော့ ပိတောက်ပန်းတွေက လှိုင်လှိုင်ပွင့်၊ မြေသင်းနံ့တွေက ထကြွပြန့်လွင့်၊ အပူလှိုင်းတွေက ရိုက်ခတ်ထိုးပင့်နဲ့။ ဒါပေမဲ့လည်း အပူဟပ်မှာ၊ အပူရှပ်မှာ မကြောက်မိပေါင်။ လူတကိုယ်လုံး ရေအေးအေးတွေ ရွှဲရွှဲစိုနေတယ်။ အာရုံတခုလုံး သင်္ကြန်တေးသံတွေ၊ အော်ဟစ်ပျော်ပါးသံတွေ အပြတ်အလပ်မရှိ ကြားနေတယ်။ ခန္ဓာကိုယ်က စိတ်လိုလက်ရ တက်ကြွနေတယ်။ ပျော်ပျော်ရွှင်ရွှင် ရေကစားနေတာကိုပဲ မြင်ယောင်နေတော့တယ်။ သူသင်္ကြန်၊ ကိုယ်သင်္ကြန်၊ အကုန်လုံးသင်္ကြန်၊ ဟန်ကျနေကြတယ်။ အရာခပ်သိမ်း သင်္ကြန်မှ သင်္ကြန်သာ ဖြစ်လိုက်ချင်တော့တယ်။

ခရစ်ယာန်၊ အစ္စလာမ်နဲ့ ဟိန္ဒူ ဘာသာဝင် ညီအကိုမောင်နှမတွေပါ ရေကစားတာပဲ။ သူတို့ စည်းရုံးလှုံ့ဆော်နေတဲ့ မြင်ကွင်းတွေကလည်း အံ့သြစရာ မဟုတ်တော့ဘူး။ ဘုရားကျောင်းတက်၊ ဗလီတက် ပျက်ချင်ပျက်။ တနှစ်တခါ ဒီအခွင့်အရေးလေးကို လက်မလွှတ်ချင်ဘူး။ သင်္ကြန်ကို လူမျိုးတမျိုးထဲ ပိုင်တာမှ မဟုတ်တာ။

ညခင်းဘက် အိပ်ရေးပျက်လို့၊ နေ့ခင်းဘက် ကရခုန်ရ၊ အော်ရဟစ်ရတာ ပင်ပန်းလို့ နေ့ခင်းဘက် နားချိန်ကျ ကားပေါ်မှာ ဖြစ်သလို အိပ်လို့ရတယ်။ သစ်ရိပ်ဝါးရိပ် ကောင်းတဲ့နေရာ၊ မြစ်နားကမ်းနား သွားကြနားကြပေါ့။ အအိပ်အနေ ချေးများသူတွေလည်း ပစိပစပ် မများတော့ဘူး၊ ချေးမများတော့ဘူး။ အကုန် Flag (အလံ)ပြသွားကြရော။ သင်္ကြန်ရဲ့ ရင်ခွင်ထဲ အိပ်ပျော်သွားကြတာ။ နှစ်နှစ်ခြိုက်ခြိုက် ..။

တကယ်တော့ သင်္ကြန်ဟာ … လူတန်းစား၊ လိင်၊ ကိုးကွယ်ရာ၊ လူမျိုး၊ အသက်အရွယ် မခွဲခြား၊ မကွဲပြားဘဲ တသားထဲနေတဲ့ နှစ်သစ်ကူး ပွဲတော်တခုပါပဲ။ နှစ်တနှစ်ရဲ့ အဆုံးသတ်ကို စိတ်ချမ်းသာမှုနဲ့ အဆုံးသတ်တာ။ နှစ်တနှစ်ရဲ့ အစကို စိတ်ချမ်းသာမှုနဲ့ အစပြုတာ။ တနိုင်ငံထဲသားချင်း ချစ်ခြင်းမေတ္တာဓာတ်ခံနဲ့ ဆက်ဆံကြတာ။ ယဉ်ကျေးသိမ်မွေ့တဲ့ အနုပညာတွေနဲ့ သင်္ကြန်ရဲ့ ရင်ခွင်ထဲမှာ အပြန်အလှန် အသုံးတော်ခံကြတာ။ ပင်ပန်းဆင်းရဲတဲ့ ဒုက္ခအ၀၀ကို စာနာနားလည်မှုတွေနဲ့ ရေပက်ဖြန်းပြီး အေးမြစေတာ။ ကွဲပြားခြားနားမှုမရှိဘဲ (အတူတကွ) တသွေးတသားထဲ ဖြတ်သန်းကြတာ။

သင်္ကြန်ဟာ မိခင်နဲ့တူတဲ့ သူ့ရင်ခွင်ထဲမှာ တပြေးညီ ကျည်စယ်ချော့မြူပေးလိုက်တာ။ အားလုံးကို ကောင်းမြတ်တဲ့ သဘောထား၊ ကောင်းမွန်တဲ့ စိတ်ထားတွေ ခွန်အားတွေနဲ့အတူ တနိုင်ငံထဲသားတွေအဖြစ် မွေးဖွားပေးလိုက်တာ၊ ပြုစုပျိုးထောင်ပေးလိုက်တာ။ ဒါကြောင့်လည်း သင်္ကြန်ကို အချစ်တော် ပိုမြဲပိုဆဲပါပဲ။

တကယ့်ကို ချစ်တဲ့ သင်္ကြန်။

… သင်္ကြန်မှာ နိုင်ငံသားချင်း ခွဲခြားတဲ့ စနစ်တွေ၊
သင်္ကြန်ပျော် ပြည်သူတွေကို ထိတ်လန့်အောင်လုပ်တဲ့ လုပ်ရပ်တွေနဲ့
အခွင့်ထူးခံ စိတ်ဓာတ်တွေ ကျဆုံးပါစေ ..

(လွန်ခဲ့တဲ့ နှစ် ၂၀ မှာ ကြုံခဲ့ရတဲ့ သင်္ကြန်အကြောင်းကို အချက်အလက် နည်းနည်းနဲ့ ပြန်ရေးဖြစ်တာပါ။ အောက်မေ့တသ လွမ်းဆွတ်ခြင်း များစွာနဲ့ပါ။)

ဧပြီ ၁၆ ရက်၊ ၂၀၁၀ (သင်္ကြန်အတက်နေ့)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)