(ဧပြီလ ၁၇-ရက် ၂၀၁၀) `၁၀-ကြိမ်မြောက် သက်ကြီးပူဇော်ပွဲ´ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မယ် တော်ဆေးခန်း(ကျောင်းသားဆေးခန်း)တွင် လူထုအခြေပြုလူ့အဖွဲ့အစည်းများက စုပေါင်းပြီး ယနေ့ကျင်းပကြ ကြောင်း ကို တွေ့ရသည်။ ပူဇော်ပွဲတွင် မြန်မာပြည်သား ဘိုးဘွား (၂၉၀)ဦး ခန့်တို့က လာရောက်အပူဇော် ခံကြသည်။ (မြန် မာပြည်သား)
(ဧပြီလ ၁၆-ရက် ၂၀၁၀) ဖြစ်ရပ်-၁။ ။ ယနေ့သည် ထိုင်းနှစ်ဆန်းတစ်ရက်နေ့ဖြစ်သည့် အလျောက် တနှစ်တာပတ်လုံး မှောက်မှားမိခဲ့သမျှ အကုသိုလ်များကိုဆေးကြောသန့်စင်သော သဘောဖြင့် `မြို့ပတ်ပြီး ရေဆေးကြောခြင်း (၀ါ) မြို့တစ်ပတ်သင်္ကြန်ကားများလှည့်လည် ရေပက်ဖျန်းခြင်း´ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မြို့ပိုင်ရုံး(ခ) မြူနီစီပယ်ရုံးမှ ကြီးမှူးလျက် ထိုင်းနှင့် မြန်မာဘုန်းတော်ကြီးကျောင်းများကို အခြေခံသည့် အလှပြယာဉ်များ မြို့ပတ်လှည့်လည်ခြင်းကို ကျင်းပကြသည်ကို တွေ့ရသည်။ (မြန်မာပြည်သား)
ဖြစ်ရပ်-၂။ ။ မလေးရှားနိုင်ငံတွင် ယခုလ ၁၀-ရက်နှင့် ၁၄-ရက်နေ့များက တရားမ၀င် နိုင်ငံခြားသားအလုပ်သမားများနှင့် ပတ်သက်၍ စီမံချက်ဆိုင်ရာ အစည်းအဝေးတစ်ရပ်ကို ကျင်းပကြကြောင်း သိရသည်။ မလေးရှားနိုင်ငံတွင် တရားဝင်ရော၊ တရားမ၀င်ပါ နိုင်ငံခြားသားအလုပ်သမား (၁.၆)သန်းခန့်ရှိကြောင်း သိရသည်။ (RFA)
(ဧပြီလ ၁၅-ရက် ၂၀၁၀) ဖြစ်ရပ်-၁။ ။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်အခြေစိုက် `ခွန်အားသစ် အလုပ်သမားများအဖွဲ့၏ `ဒုတိယအကြိမ်မြောက် စုပေါင်းရှင်ပြု ရဟန်းခံ အလှူတော်မင်္ဂလာပွဲ´ကို မဲဆောက်မြို့ ဘွေးကလာကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ယနေ့ကျင်းပကြကြောင်း တွေ့ရသည်။ အလှူတော်မင်္ဂလာပွဲတွင် ဒုလ္လဘရဟန်း (၇၁)ပါးနှင့် ရှင်သာမဏေ (၃၁)ပါး၊ သီလရှင် (၂၃)ပါးတို့ ပါဝင်ကြောင်း သိရသည်။ (မြန်မာပြည်သား)
ဖြစ်ရပ်-၂။ ။ ထိုင်းနိုင်ငံတွင် (၁)လကြာ ဆန္ဒပြနေကြသော ရှပ်နီဝတ် ဆန္ဒပြသမားများအား `တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းဆီသို့´ ပြန်လာကြပါရန် ထိုင်းအစိုးရက ယနေ့ပန်ကြားလိုက်သည်။ (RFA)
(ဧပြီလ ၁၄-ရက် ၂၀၁၀) ဖြစ်ရပ်-၁။ ။ မလေးရှားနိုင်ငံမှ အတိုက်အခံ ခေါင်းဆောင် အန်ဝါအီဗရာဟင်၏ သူ့အပေါ် မတရားစွပ်စွဲထားသော လိင်တူဆက်ဆံသည့်အမှုအတွက် စွပ်စွဲခဲ့သူအား ပြန်လည်တရားစွဲဆိုမှုကို မလေးရှားတရားရုံးချုပ်က ယနေ့ပယ်ချလိုက်ကြောင်း သတင်းရရှိသည်။ (RFA)
ဖြစ်ရပ်-၂။ ။ ထိုင်းနိုင်ငံတွင် (၁)လကြာ ဆန္ဒပြနေကြသော အနီရောင်ရှပ်အင်္ကျီဝတ်ဂိုဏ်းသားများက ၄င်းတို့၏ စုရပ်နေရာကို တနေရာမှာပင် ထားတော့မည်ဖြစ်ကြောင်း ဤသို့ စုရပ်တနေရာထဲထားခြင်းအားဖြင့် လူအင်အား ပိုမိုများပြားစွာ စုစည်းနိုင်ရန် ရည်ရွယ်ကြောင်း ဆန္ဒပြခေါင်းဆောင်များက ပြောကြားသည်။ (BBC)
(ဧပြီလ ၁၃-ရက် ၂၀၁၀) ဖြစ်ရပ်-၁။ ။ ယနေ့သည် ထိုင်းသင်္ကြန်အကျနေ့ (၀ါ) မြန်မာသင်္ကြန် အကြိုနေ့ဖြစ်သဖြင့် ထိုင်းနိုင်ငံတ၀ှမ်းသို့ ပျံ့နှံ့ရောက်ရှိနေကြသော မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် မိမိတို့ လုပ်ငန်းခွင်များတွင် လည်းကောင်း၊ လုပ်ငန်းခွင်ပြင်ပရှိ အလုပ်သမားတန်းလျားများတွင် လည်းကောင်း၊ ခြံတောင်ယာနှင့် မွေးမြူရေးခြံများတွင် လည်းကောင်း ပျော်ရွှင်စွာ ရေကစားလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ (မြန်မာပြည်သား)
ဖြစ်ရပ်-၂။ ။ မလေးရှားနိုင်ငံကမ်းခြေစောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် အကြီးစားရေယာဉ်များနေရာတွင် အငယ်စားနှင့် အပေါ့စားအမြန်ရေယာဉ်ငယ်များဖြင့် အစားထိုးသုံးစွဲသွားမည်ဖြစ်ကြောင်း၊ ၄င်းရေယာဉ်ငယ်များသည် လုံခြုံရေး တာဝန်များကို ပိုမိုလျင်မြန်စွာ ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်ကြောင်း မလေးရှားရေတပ်အရာရှိများက ဧပြီလ ၁၂-ရက်နေ့က ပြောကြားသည်။ (ဘဟားမားသတင်း)
ဖြစ်ရပ်-၃။ ။ ထိုင်းနိုင်ငံ ဆမွတ်ဆခွန်ခရိုင်၊ မဟာချိုင်ဒေသတွင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများစုပေါင်းပြီး ရွှေတွံတေးဆရာတော် ဦးဝါယမအား အမှူးထားလျက် `သင်္ကြန်တွင် တရားစခန်းဖွင့်ပွဲ´ကို ယနေ့ကျင်းပကြကြောင်း သတင်းရရှိသည်။ (RFA)
ဖြစ်ရပ်-၄။ ။ `၀က်သားဈေးနှုန်း´များ ယခုအတိုင်း ဆက်လက်မြင့်မားနေပါက မလေးရှားနိုင်ငံအတွင်းသို့ ၀က်သားတင်သွင်းမှု ပိတ်ပင်ရမည်ဖြစ်ကြောင်း၊ မလေးရှားကုန်သွယ်ရေးဌာနက ပြောဆိုသည်။ မလေးရှားနိုင်ငံရှိ မလေးတရုတ်လူမျိုးများ စားသုံးနေသော ၀က်သားဈေးနှုန်းမှာ ၂၀၀၉-ခုနှစ်က စပြီး ၄-ရာခိုင်နှုန်းမြင့်တက်လာကြောင်း မလေးရှားနိုင်ငံထုတ် စထရိတ်တိုင်း(မ်)သတင်းစာမှာ ဖော်ပြထားသည်။ (RFA)
(ဧပြီလ ၁၂-ရက် ၂၀၁၀) ထိုင်းနိုင်ငံ ဆန္ဒပြပွဲများ၌ သွေးထွက်သံယိုမှုများရှိလာပြီးနောက် နိုင်ငံ၏ အခြေအနေကို လက်ရှိအစိုးရမှ ပြန်လည်တည်ငြိမ်အောင် ဖော်ဆောင်နိုင်ရန်အတွက် `လွှတ်တော်ကို ဖျက်သိမ်းပေးရန်´ ထိုင်းတပ်မတော်အကြီးအကဲ ဗိုလ်ချုပ်ကြီး အနူဖွန်ဖောင်ကျင်ဒါက တိုက်တွန်းလိုက်သည်။ (BBC)
(ဧပြီလ ၁၁-ရက် ၂၀၁၀) ဖြစ်ရပ်-၁။ ။ မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွင် အာဆီယံအဖွဲ့၏ ချဉ်းကပ်ဖျောင်းဖျရေးမူဝါဒသည် အလုပ်မဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် အာဆီယံဒေသ၏ ဒီမိုကရေစီနိုင်ငံ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များတွင် ဒေသတွင်းရှိ အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးဖြစ်သော `အင်ဒိုနီးရှား´နိုင်ငံက ပိုမို အားထုတ်သင့်ပါကြောင်း မလေးရှားအတိုက်အခံခေါင်းဆောင် အန်ဝါအီဗရာဟင်က ပြောဆိုလိုက်သည်။ (RFA)
ဖြစ်ရပ်-၂။ ။ ယမန်နေ့(စနေ့နေ့က) ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရှိ ရတ်ချာဒမ်နိုအန်းလမ်းပေါ်မှ နာရီပေါင်းများစွာကြာသော အကြမ်းဖက်တိုက်ခိုက်မှုများအပြီးတွင် ထိုင်းစစ်သား ၄-ဦး၊ ဂျပန်သတင်းထောက်တစ်ဦးအပါအ၀င် အရပ်သား ၁၈-ဦး သေဆုံးပြီး လူ(၁၀၀)ထက်မနည်း ဒဏ်ရာရရှိကြကြောင်း သတင်းရရှိသည်။ (ဘန်ကောက်ပို့စ်)ဘာသာပြန်-နေ့သစ်မီဒီယာ
(ဧပြီလ ၁၀-ရက် ၂၀၁၀) ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ၀န်ကြီးချုပ်ဟောင်း တက်ဆင် ရှင်နာဝတ် ကို ထောက်ခံကြတဲ့ အနီဝတ် ဆန္ဒပြသူတွေ အခြေအနေပိုဆိုးလာတာကြောင့် အစိုးရ တပ်တွေက ပစ်ခတ်နှိမ်နှင်းတာတွေ လုပ်နေတာ အခု ထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။ (VOA)
(ဧပြီလ ၉-ရက် ၂၀၁၀) ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့ပိုင် နိုင်ဖို့ရူးဝေါရားနားသည် အုန်းဖျန်ကရင်ဒုက္ခသည်စခန်းသို့ ယနေ့ လာရောက်လည် ပတ်ခဲ့ပြီး ဒုက္ခသည်များအား ထိုင်းနိုင်ငံ၏ စည်းမျဉ်းဥပဒေများကို အလေးထားလိုက်နာရန် ပြောဆိုသွားခဲ့သည်ဟု သိရသည်။ (ကရင်သတင်းစဉ်)
(ဧပြီလ ၈-ရက် ၂၀၁၀) ထိုင်းနိုင်ငံအတွင်း ခိုးဝင်လာကြသော မြန်မာအလုပ်သမားများ တနေ့တခြားများပြားလာနေသောကြောင့် (အမေရိကန်နှင့် မက္ကဆီကို နယ်စပ်ရှိ စီးပွားရေးဇုန်ကဲ့သို့) ထိုင်း-မြန်မာနယ်စပ်တွင် စီးပွားရေးဇုန်တစ်ခုကို ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ၄င်းတို့၏ မိခင်နိုင်ငံ မြန်မာပြည်တွင်ပင် နယ်စပ်စီးပွားရေးဇုန်တစ်ခုကို ဖန်တီးပေးခြင်းအားဖြင့် ၄င်းတို့နှင့် ပတ်သက်သော ကျနိးုမာရေး၊ လူမှုရေး၊ စီးပွားရေးများကို အဆင်ပြေစေမည်ဖြစ်ကြောင်း ထိုင်းအာဏာပိုင်တစ်ဦးက ပြောဆိုသည်။ (BBC)
(ဧပြီလ ၇-ရက် ၂၀၁၀) ထိုင်းနိုင်ငံအတွင်း ယနေ့နံနက်ပိုင်းက ထွက်ပေါ်ခဲ့သော `ဆူနာမီ´သတိပေးချက်ကြောင့် ထိုင်းနိုင်ငံ ပင်လယ်ကမ်းခြေပိုင်းဒေသများရှိ မြန်မာအလုပ်သမားများသည်လည်း ထိုင်းဒေသခံများနည်းတူ တိမ်းရှောင်ခဲ့ကြကြောင်း သိရသည်။ (ခေတ်ပြိုင်)
(ဧပြီလ ၆-ရက် ၂၀၁၀) မလေးရှားနိုင်ငံတွင် တောင်းရမ်းစားသောက်နေကြသော မြန်မာနိုင်ငံသား အချို့ကို သက်ဆိုင်ရာက နေရပ်ရင်းသို့ ပြန်ပို့ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ (RFA)
(ဧပြီလ ၅-ရက် ၂၀၁၀) ဖြစ်ရပ်-၁။ ။ အသက် ၃၃-နှစ်အရွယ်ရှိ မြန်မာအလုပ်သမား ကိုမင်းစောဦး ဆိုသူသည် ယမန်နေ့က မလေးရှားနိုင်ငံ ဆီလန်ဂါရှိ ကလန်မြို့မှ ပိုက်စက်ရုံတစ်ခုရှေ့တွင် လဲကျသေဆုံးနေသည်ကို တွေ့ရကြောင်း ယနေ့ထုတ်မလေး မေးလ်သတင်းစာ၌ ဖော်ပြထားသည်။ တွေ့ရှိချိန်တွင် တကိုယ်လုံး၌ သွေးများဖြင့် ပေကျံနေပြီး ၀မ်းဗိုက်တွင် ဓားဒဏ်ရာများတွေ့ရှိရကာ မသေခင် လူစုလူဝေးဖြင့် ရိုက်နှက်ခံထားရတာဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က သုံးသပ်သည်။ (Freedom news group)
ဖြစ်ရပ်-၂။ ။ ဘန်ကောက်မြို့ အချက်အချာနေရာများတွင် ၃-ရက်ကြာ ဆန္ဒပြနေကြသော ရှပ်နီဝတ် ဆန္ဒပြသမားများသည် ယနေ့တွင် ထိုင်းနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်ရုံးအား ၀င်ရောက်စီးနင်းသိမ်းပိုက်လိုက်ကြောင်း သတင်းရရှိသည်။ (RFA)
ဖြစ်ရပ်-၃။ ။ မလေးရှားနိုင်ငံ ဂျာဟိုးပြည်နယ်တနေရာတွင် တရားမ၀င် ၀င်ရောက်လာသော အင်ဒိုနီးရှားနိုင်ငံသား (၁၂)ဦးအား မလေးရှားရေကြောင်း ထိန်းသိမ်းရေး ရဲတပ်ဖွဲ့မှ ယမန်နေ့က ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။ (RFA)
(ဧပြီလ ၃-ရက် ၂၀၁၀) မြန်မာပြည်တွင်းမှ NLD ၏ ရွေးကောက်ပွဲ မ၀င်ရေးနှင့် ပါတီမှတ်ပုံမတင်ရေး ဆုံးဖြတ် ချက်ကို ထောက်ခံပွဲနှင့် နောက်ဆက်တွဲနိုင်ငံရေးအလားအလာ သုံးသပ်ချက် ဆွေးနွေးပွဲတရပ်ကို ထိုင်း-မြန်မာ နယ်စပ်တနေရာ၌ ယနေ့ကျင်းပသည်ကို တွေ့ရသည်။
(ဧပြီလ ၂-ရက် ၂၀၁၀) ဖြစ်ရပ်-၁။ ။ မလေးရှားနိုင်ငံတွင် အလုပ်လုပ်နေကြသော တရားမ၀င်နိုင်ငံခြားသားများအား အာဏာပိုင်များက နေ့စဉ်ရက်ဆက်ဖမ်းဆီးလျက်ရှိရာ၊ အလုပ်သမားလက်မှတ်မရှိသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများမှာ အခက်အခဲတွေ့နေကြကြောင်း သတင်းရရှိသည်။ (RFA)
ဖြစ်ရပ်-၂။ ။ ထိုင်းနိုင်ငံ တောင်ပိုင်း နာရာသီဝပ်ခရိုင်တွင် လူ ၆-ဦးပစ်သတ်ခံထားရတာကိုတွေ့ရှိရကြောင်း ဒေသခံရဲတပ်ဖွဲ့ကပြောဆိုသည်။ အဆိုပါ အခင်းဖြစ်ပွားရာသို့ ရဲများသွားကြချိန်တွင် လမ်းဘေး၌ ပေါက်ကွဲမှုဖြစ်ပွားပြီး ရဲအရာရှိ (၁၀)ဦး ဒဏ်ရာရရှိသွားသည်။ (VOA)
(ဧပြီလ ၁-ရက် ၂၀၁၀) ထိုင်းဘက်မှ မြန်မာဘက်သို့ ပြန်ပို့ရန်နောက်ဆုံး အသုတ်အဖြစ် ကျန်ရှိနေသော ကရင်စစ်ပြေးဒုက္ခသည် (၆၅၃)ဦးတို့ကို ယမန်နေ့က မြန်မာပြည်ဘက်ခြမ်းသို့ ပြန်ပို့လိုက်သည်။ ထိုင်း-မြန်မာနယ်စပ် တာ့(ခ်)ခရိုင် ထာ့ဆောင်ယန်းမြို့နယ်ရှိ ယာယီဒုက္ခသည်စခန်းများဖြစ်ကြသော `နောင်ဘိုး´ရွာမှ (၁၀၃)ဦးနှင့် မဲ့အူးစူရွာမှ (၅၅၀)တို့အား ထိုင်းအာဏာပိုင်များနှင့် အန်ဂျီအိုများ၏ စီစဉ်ပေးမှုဖြင့် ပြန်ပို့ခဲ့ခြင်းဖြစ်သည်။ (ခေတ်ပြိုင်)

No comments:
Post a Comment