(မော်စကို၊ ဧပြီလ ၁၀-ရက်)
ပိုလန်သမ္မတ လက်ခ်ျကာဇင်စကီနှင့် ဇနီးဖြစ်သူ မာရီရာတို့ လိုက်ပါစီးနင်းလာသော လေယာဉ်သည် ပိုလန်နိုင်ငံ ၀ါဆောမြို့မှ ရုရှားနိုင်ငံသို့ ဧပြီလ ၁၀-ရက်နေ့က ပျံသန်းလာစဉ် မော်စကို စံတော်ချိန် နံနက် ၁၀-နာရီ ၅၆- မိနစ်၌ ပျက်ကျခဲ့သဖြင့် သေဆုံးသွားကြောင်း မော်စကို အရာရှိများက ပြောကြားသည်။ လေယာဉ်ပေါ်တွင် ပိုလန်သမ္မတနှင့် ဇနီးအပါအ၀င် ပိုလန်ဒုတိယနိုင်ငံခြားရေး ၀န်ကြီး၊ ပိုလန်နိုင်ငံဗဟို ဘဏ်ဥက္ကဌနှင့် အခြားထိပ် တန်းအရာရှိများ လိုက်ပါလာခဲ့သည်။ လေယာဉ်ပေါ်တွင် စုစုပေါင်း ၈၅-ဦး လိုက်ပါလာရာ လေယာဉ်ပျက်ကျမှု ကြောင့် အားလုံးသေဆုံးကြောင်း သိရသည်။ အသက် ၆၀-အရွယ်ရှိ ပိုလန်သမ္မတ လက်ခ်ျကာဇင်စကီသည် ၂၀၀၅-ခုနှစ်မှ စတင်ကာ သမ္မတ တာဝန်ကိုထမ်းဆောင်ခဲ့သူဖြစ်သည်။ (အင်တာနက်)
*** ဧ၀ရက်တောင်၏ အမြင့်တိုင်းတာမှု တရုတ်နှင့် နီပေါ သဘောတူညီမှုရရှိ ***
(ခတ္တမန္ဒူ၊ ဧပြီလ ၁၀-ရက်)
တရုတ်နိုင်ငံနှင့် နီပေါနိုင်ငံတို့သည် ကမ္ဘာ့အမြင့်ဆုံး တောင်ထွက် ဧ၀ရက်တောင်၏ အမြင့်နှင့် ပတ်သက်ပြီး ကာလအတန်ကြာ အငြင်းပွားနေမှုမှာ ဧပြီလ ၈-ရက်နေ့က သဘောတူညီလိုက်ပြီဖြစ်ကြောင်း အင်တာနက်သတင်းတစ်ရပ်တွင် ဖော်ပြသည်။ အဆိုပါ နှစ်နိုင်ငံတို့သည် ဧ၀ရက်တောင်၏ အမြင့်ကို ၈၈၄၈ မီတာရှိကြောင်း သဘောတူထားခြင်းဖြစ်သည်။ တရုတ်နိုင်ငံ၏ ယခင်တိုင်းတာမှုမှာ ၈၈၄၄ မီတာရှိသည်။ အကြောင်းမှာ တောင်ထိပ်မှ ဆီးနှင်းထု၏ အမြင့်ကို တိုင်းတာခဲ့ခြင်းမရှိ၍ လေးမီတာလျော့ခဲ့သည်။ နီပေါနိုင်ငံက တောင်ထိပ်ရှိ ဆီးနှင်းထု၏ အမြင့်ကိုပါတိုင်းတာခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)
*** အီကွေဒေါ၌ ရေလွှမ်းမှု အရေးပေါ်ကြေညာချက်ထုတ်ပြန် ***
(ကွီတို၊ ဧပြီလ ၁၀-ရက်)
အီကွေဒေါအစိုးရသည် အီကွေဒေါနိုင်ငံ နာပိုပြည်နယ်အရှေ့ပိုင်းဒေသများ၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေလွှမ်းသဖြင့် ဧပြီလ ၈-ရက်က အရေးပေါ်ကြေညာချက်ထုတ်ပြန်လိုက်သည်။ မိုးသည်းထန်သဖြင့် အပါနိုမြစ်နှင့် အခြားမြစ်များရေလျှံကာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဌာန နှစ်ခုအပါအ၀င် အိုးအိမ်များ ပျက်စီးခဲ့ရသည်။ (ဆင်ဟွာ)
*** ဒစ္စကာဗာရီမှ အာကာသယာဉ်မှူးများ လမ်းလျှောက် ***
နိုင်ငံတကာအာကာသယာဉ်စခန်းသို့ ဒစ္စကာဗာရီ အာကာသယာဉ်ဖြင့် ရောက်ရှိနေသော အာကာသယာဉ်မှူး ၃-ဦးတို့ ပထမဆုံးအကြိမ် လမ်းလျှောက်ကြကြောင်း၊ နိုင်ငံတကာ အာကာသယာဉ်စခန်း၌ လိုအပ်သည့် ပြင်ဆင်မှုများလည်း ပြုလုပ်ကြကြောင်း နာဆာက ဧပြီလ ၁၀-ရက်နေ့၌ သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-မောင်ချစ်ကြည် ***
*** ပိုလန်သမ္မတနှင့် ဇနီးတို့ လေယာဉ်ပျက်ကျ၍ သေဆုံး ***

No comments:
Post a Comment