ကလေးဘ၀က၊ သင်္ကြန်ကျပြီဆို အင်မတန်ပျော်တယ်။ ဟိုအိမ် ဒီအိမ်က လာပို့တဲ့မုန့်လုံးရေပေါ်၊ ရွှေရင်အေး၊ သင်္ကြန်ထမင်းဆိုတာတွေက စားမကုန်ဘူး။ ကိုယ့်အိမ်က လုပ်တဲ့မုန့်ကို သူများအိမ်တွေ လိုက်ပို့ရတာလည်း ပျော်စရာကောင်းတယ်။ ဒီကြားထဲ ဟိုရပ်ကွက် ဒီရပ်ကွက်ဆိုသလို မဏ္ဍပ်ကြီးတွေထိုးပြီး၊ အစားအသောက် အမျိုးမျိုးကို၊ ဖိတ်ခေါ်ကျွေးမွေးတဲ့ဆီ လူကြီးတွေနဲ့ လိုက်သွားပြီး စားကြရတာကလည်း ပျော်စရာပါပဲ။
သင်္ကြန်တွင်းမှာ ရန်မဖြစ်ရဘူး။ စိတ်မဆိုးရဘူး။ စိတ်ကြည်ကြည်လင်လင် ထားရတယ်ဆိုတာ သိနေကြတော့ ခင်မင်သူချင်းစရ၊ နောက်ရ၊ ကျီစယ်ရတာကလည်း ကြည်နူးစရာပါပဲ၊ ရင်းနှီးခင်မင်သူကို မုန့်လုံးရေးပေါ်ထဲ ငရုပ်သီးမြှုပ်ကျွေးလိုက်တော့ စားရတဲ့သူ ငရုပ်သီးဝါးမိပြီးစပ်သွားတာ၊ သင်္ကြန်ထမင်းမှာ ဆားအများကြီး ဖြူးထည့်ပြီးကျွေးလိုက်တော့ ဆားငန်လွန်းလို့ မျက်နှာရှုံ့သွားတာများ မြင်လိုက်ရရင် ပျော်လိုက်ကြတာကိုး၊ ပြုံးစေ့စေ့လုပ်သူကလုပ်၊ အသံထွက်အောင် ရယ်သူကရယ်ပေါ့။
သင်္ကြန်တက်တော့မယ်ဆိုရင် မိသားစုအားလုံး ခြေသည်းလက်သည်းလှီးကြရတယ်။ ခေါင်းလျှော်ရတယ်။ အ၀တ်ညစ်မှန်သမျှ၊ စင်ကြယ် သွားအောင်လျှော်ရဖွပ်ရတယ်။ နှစ်ဟောင်းက ချေးညှော်တွေ၊ နှစ်သစ်ကို ယူမသွားကောင်းဘူးဆိုတဲ့ အယူအဆပါပဲ။ ပြီးတော့ ရှိသေးတယ်။ နှစ်ဆန်း တစ်ရက်နေ့ကိုရောက်ရင် လုံးဝပိုက်ဆီ မထွက်ရဘူး။ အဲဒီနေ့မှာ ဘာကိုမှ မ၀ယ်မခြမ်းရဘူး။ အိမ်မှာရှိတာကိုပဲ ချက်ပြုတ်စားသောက်ရတယ်။ အဲဒီနေ့မှာ ပိုက်ဆံထွက်မိရင် တစ်နှစ်လုံးလုံး ပိုက်ဆံထွက်မယ့်ကိန်းချည်း ကြုံနေရတယ်လို့ ရှေ့ကလူကြီးတွေ စိတ်မှာယုံကြည်မှတ်ယူထားကြတယ်လေ။
ဒီလိုမှတ်ယူကြတာ အကြောင်းမဲ့ မဟုတ်ပါဘူး။ သင်္ကြန်နဲ့ ပတ်သက်ပြီး ရှေးပညာရှိများက သင်္ကြန်းတွင်းမှာ ရှောင်ကြဉ်ရာ၊ ဆယ် ဖြာတရားစု ဆိုပြီး သတိပေးရေးသားထားတဲ့ အချက်တွေ ရှိခဲ့လို့ပါပဲ။ အဲင်္ဒအချက်တွေက ဘာတွေလဲဆိုတော့…..
ရုဒ- ငိုကြွေးပူဆွေးခြင်း။
မေထုန- မေထုန်သံဝါသပြုခြင်း။
မံသ- အသားဟင်းလျှာများ စားသောက်ခြင်း။
သူရာ- မူးယစ်သောက်စားခြင်း။
ကောစ- အမျက်ဒေါသထွက်ခြင်းနှင့် ရန်ဖြစ်သတ်ပုတ်ခြင်း။
ရုဓိရ- သွေးထုတ်၊ သွေးဖောက်ခြင်း။
တေလိက- ဆီလိမ်းခြင်း၊ စုဆောင်းခြင်း၊ သိုလှောင်ခြင်း။
ဝိက္ကလာ- ရောင်းချခြင်းဆိုတာတွေပဲ။ ရှေးလူကြီးတွေဟာ အစဉ်အဆက်က စပြီး အဲသလို မှတ်သားနာယူခဲ့ကြတာမို့၊ သင်္ကြန်တွင်းမှာ မကောင်းမှုမှန်သမျှကို ရှောင်ကြတယ်။ သက်သတ်လွတ်စား၊ ဥပုသ်စောင့်ပြီး၊ ဘုရားကျောင်းကန်တွေမှာ စိတ်အေးကိုယ်အေးသွားနေကြတယ်။
လူငယ်တွေက အဲသလိုမနေနိုင်ဘူး။ တစ်နှစ်တစ်ခါမို့ ရေကစားချင်ကြပါတယ်ဆိုရင် ဖလားထဲမှာ အမွှေးရည်နံ့သာရည်ပါတဲ့ရေနဲ့ ဆွတ်ရုံဖျန်းရုံးကလေး သပြေခက်နဲ့ နှစ်ပြီး ဖျန်းပက်ကြတယ်။ မိန်းမပျိုရှိတဲ့အိမ်သွားပြီး လောင်းချင်းသပဆိုရင် လူကြီးမိဘတွေကို ခွင့်တောင်းပြီးမှ လောင်းရတယ်။ အင်မတန် ချစ်စရာကောင်းတဲ့ မြန်မာ့ယဉ်ကျေးမှု တစ်ခုပါပဲ။
သည့်ထက်ပိုပြီး၊ သက္ကရာဇ်တွေပြောင်း၊ အချိန်အခါတွေ နှောင်းလာတော့ သင်္ကြန်ရောက်လာရင် လူငယ်- လုံမငယ်တို့ ပျော်ပျော်ရွှင်ရွှင်၊ ခင်ခင်မင်မင်နဲ့ မောင်ရင်းနှမတွေလို၊ ယဉ်ယဉ်ကျေးကျေး၊ အတူတွဲဖက်ပြီး ရေကစားကြပါတယ်။ ရပ်ကွက်ချင်း၊ မြို့နယ်ချင်း ရေကစားပြိုင်ကြပါတယ်။
သည့်နောက်သင်္ကြန်တွေကတော့ ခေတ်စနစ်ကို ထင်ဟပ်ဖော်ပြနေတဲ့ ပုံရိပ်တွေပေါ်လာတယ်။ သင်္ကြန်ရေကစားတာကို အကြောင်းပြုပြီး ခေတ်ကိုပြုပြင်ဖို့ သတိပေးလာကြတယ်။ ဖြစ်စေချင်တာတွေကို သင်္ကြန်ရောက်မှ ရင်ဖွင့်ကြတယ်။ ဒုတိယကမ္ဘာစစ်အတွင်းကာလာ၊ ဂျပန်ခေတ်သင်္ကြန်မှာ ရေကစားသူအများစု ပါးစပ်က တညီတည်းထွက်လာကြတဲ့ သံချပ်တွေကတော့-
"ယောရောရှိ… ယောရောရှိ" ဆိုတာနဲ့ "နီပွန်ဘီရုမာဘန်ဇိုင်း" ဆိုတာပဲ အများဆုံးကြားရတယ်။ တချို့ကတော့ "ဖြည်းဖြည်း လုပ်ပါမာစတာရဲ့ ယောရောရှိ….. ယောရောရှိ၊ ဘီးကျိုးပါ့မယ်မာစတာရဲ့၊ ယောရောရှိ… ယောရောရှိ" တဲ့။
မဟာမိတ်တွေဝင်လာတော့ ရန်ကုန်မြို့ပေါ်မှာ ဂေါ်ရာစစ်သားတွေ၊ ကပ္ပလီစစ်သားတွေကို အနှံ့အပြား မြင်လာရပါတယ်။ ထောပတ်နဲ့ ယိုဘူး၊ ငါးသေတ္တာကြိုက်သူတွေက သူတို့ ကိုအပေါင်းအသင်းလုပ်ပြီး၊ သူတို့လာမှ မြင်ဖူးတဲ့ ဂျစ်ကားတွေကို ကပ္ပလီတွေနဲ့ တွဲစီးဝံ့တဲ့၊ အမျိုးသမီးတွေကို မြင်လာရတယ်။ အမြင်မတော်ကြတဲ့ အနုပညာရှင်တွေက “ဂျစ်လေဒီ၊ ကပ္ပလီ” ဆိုတဲ့ စာအုပ်ပါးလေး တွေကို ထုတ်တယ်။ ကန်တော်ကြီး စောင်းက မြိုင်ရုံမှာ “ကပ္ပလီ” ဆိုတဲ့ ပြဇာတ်ကို ကပြတယ်။
အဲဒီနှစ်သင်္ကြန်မှာ ထွေထွေထူးထူး သံချပ်မထိုးကြဘူး။ မျက်နှာကို အိုးမည်းသုတ်ပြီး ကပ္ပလီရုပ်ဆင်လာတဲ့လူနဲ့ အမျိုးသမီးလိုပြင်ဆင်လာတဲ့ လူတို့၊ လက်ချင်းတွဲချိတ်ပြီး ရေကစားထွက်လာတဲ့ ပုံရိပ်တွေကို ရန်ကုန်မြို့ရဲ့ ကန်တော်ကြီးစောင်းမှာ အများအပြားတွေ့ရပါတယ်း။ သင်္ကြန်ရေကစားကြတာဆိုပေမယ့်။ သင်္ကြန်ရေကစားကြတာဆိုပေမယ့်။ ရင်ထဲမှာ သိုဝှက်ထားကြတာကိတော့ ဖွင့်ထုတ်တတ်ကြတာပဲ။ နောက်နှစ်သင်္ကြန်မှာ ရန်ကုန်တစ်မြို့လုံး သုံးနှုန်းအော်ဟစ်ကြတာကတော့ "မယ်သုံပေါက်စီဆွေမျိုး" ဆိုတဲ့အသံတွေပဲ။ ဂုဏ်ရည်မတူ ရှပ်ရှင်ထဲက မေသစ်က မယ်သုံ ၏၊ ခင်မောင်က စိတ်ဝေဒနာသည် ပေါက်စီအဖြစ်နဲ့ ပြောကြတဲ့ စကားလေ။ အဲဒီကား အောင်မြင်သွားတော့ လူတိုင်းပါးစပ်မှာ "မယ်သုံ၊ ပေါက်စီဆွေမျိုး" ဆိုတဲ့ စကားက ကျန်ရစ်ခဲ့တာကိုး။ ဒီတော့ အဲဒီနှစ်သင်္ကြန်ဟာ မယ်သုံ၊ ပေါက်စီ သင်္ကြန်ဖြစ်သွားရတယ်။
ဖဆပလ ခေတ်ရောက်လာတော့ စီးပွားရေးကြော်ငြာ၊ အလှပြကားတွေ ထွက်လာကြတယ်။ မဏ္ဍပ်တွေက အလှပြကားတွေကို ပထမဆု၊ ဒုတိယ၊ တတိယဆုတွေပေးလာကြတယ်။ သင်္ကြန်နားရောက်လာရင် ဒီနှစ်အတွင်း ခေတ်အစားဆုံးသတင်းဟာ ဘာလဲဆိုတာကို ရေကစားအဖွဲ့တွေ ရှာဖွေစုဆောင်းတတ်ကြတယ်။ ဒီတော့ အစည်းအရုံးကြီးတစ်ခုရဲ့ ဥက္ကဌ နယ်လှည့်သွားရင်း ဗိုလ်တဲတစ်ခုမှာ အမျိုးသမီးတစ်ဦးနဲ့ ဇာတ်လမ်းဖြစ်ခဲ့တယ်လို့ သတင်းစာတွေမှာ တော်တော် ကြာအောင်ပါနေတော့ သင်္ကြန်ရောက်ရင် အော်ဟစ်စရာဖြစ်တော့မှာပဲလို့ တွေးကြတယ်။ ကာယကံရှင်က မဟုတ်ကြောင်း၊ နိုင်ငံရေးအရ၊ သူ့ကို အပုပ်ချတာဖြစ်ကြောင်း ရှင်းတယ်။ အမျိုးသမီးနာမည်က "မကျင်စိန်"တဲ့ အဲ- သင်္ကြန်လည်းရောက်ရော "ဂေါ်သာဂေါ်၊ ဂေါ်သာဂေါ်- မကျင်စိန်ရော၊ ဘာသောညာသော ဂေါ်သာဂေါ်" ဆိုတဲ့ အသံတွေ၊ တစ်မြို့လုံးကို ညံသွားတာပဲ။ မိန်းကလေး စုစုတွေ့ရင် "မကျင်စိန်ပါလား"လို့ မေးတယ်၊ ကြံဖန်ပြီး အပျော်ရှာကြတာ။
အဲဒီခေတ်က သတင်းစာတွေ အများကြီးထုတ်လာကြတယ်။ ဖတ်သူဦးရေကလည်း တစ်နေ့တခြား များလာကြတယ်။ သတင်းဦး၊ သတင်းထူးဆိုရင်၊ အလုအယက်ဝယ်တယ်။ အဲဒီတော့ သတင်းဝေေ၀ဆာဆာနဲ့ ပြည့်စုံအောင်၊ ခမ်းခမ်းနားနားဖော်ပြတတ်တဲ့ ဗမာ့ခေတ်ဟာ၊ အရောင်းရဆုံး စောင်ရေအများဆုံးဖြစ်လာတယ်။ တစ်နေ့တော့ ဗမာ့ခေတ်က "သာဗိန္ဒ" ဆိုတဲ့ လူတစ်ဦးရဲ့ အကြောင်း၊ သတင်းဦး သတင်းထူးဖော်ပြခဲ့တယ်။
အဲဒီသာဗိန္ဒ ဆိုတဲ့၊ အသက်သုံးဆယ်ကျော်အရွယ် အသားဖြူဖြူ သွယ်သွယ်မြင့်မြင့် လူထူးဆန်းအကြောင်းကို ဓာတ်ပုံနဲ့တကွ သတင်းစာတွေမှာဖော်ပြကြတယ်။ ပန်ချာပီလူမျိုးတွေပေါင်းတဲ့ ခေါင်းပေါင်းအနက် ၀တ်စုံပြည့်၊ ဘောင်းဘီရှည်အနက်နဲ့၊ သာဗိန္ဒကို၊ အမျိုးသမီးကြီးငယ်တွေ ၀ိုင်းအုံနေကြပုံ၊ သူ့မှာ အမျိုးသမီးတွေ ချစ်ခင်စွဲလမ်းစေတဲ့ ပီယဆေးရှိပုံကြောင့်၊ ရုရှားနိုင်ငံက ရုရှားနန်းတွင်း သူတွေ ကိုးကွယ်ဆည်းကပ်ခဲ့တဲ့၊ နန်းတွင်းပျောက်စေ မှော်ဆရာကြီးရပ်စပြူတင်လို ဖြစ်နေကြောင်း ရေးသားခဲ့တယ်။ နောက်မကြာခင်မှာ ရန်ကုန်မြို့တော်ရဲ့ အထက်တန်းစားမိန်းမကြီးတစ်ဦးနဲ့အတူ သာဗိန္ဒပျောက်ကွယ်သွားတော့မှပဲ၊ သူ့သတင်းတွေ ချုပ်ငြိမ်းသွားတော့တယ်။
အဲဒီနှစ် သင်္ကြန်မှာ သာဗိန္ဒနဲ့ တူအောင်ဆင်ပြင်ထားသူနဲ့ မိန်းမအသွင်ဆင်ထားတဲ့ စုံတွဲတွေဟာ ရေကစားကြတဲ့နေရာတိုင်းမှာ အများအပြားတွေ့နေရပါတယ်။ သာဗိန္ဒလိုပဲ မုတ်ဆိတ်ကျင်စွယ်ရေး ရေးခြယ်လို့၊ အင်…. ကြံဖန်ပြီး အပျော်ရှာတတ်ကြပါပေ့လို့၊ တွေးမိပါရဲ့။ ဒါပေမယ့် အပျော်သက်သက်တော့လည်း မဟုတ်ပေဘူး။ မမှားသင့်တာ မမှားအောင်၊ သိသင့်တာသိအောင် သတိပေးတဲ့သဘောလည်း တွဲဖက်ပါဝင်နေပါတယ်။
ရှေးစာတွေမှာ မှတ်သားရတာကတော့ မြန်မာ့ဆယ့်နှစ်လရဲ့ ပထမဆုံးလဖြစ်တဲ့ တန်ခူးလကို ပန်းမျိုးစုံတို့ဖူးပွင့်တဲ့လ။ သာယာကြည်နူးဖွယ်ကောင်းတဲ့လဆိုပြီး ကဗျာ၊ လင်္ကာ အမျိုးမျိုးဖွဲ့ဆိုကြတယ်။ တန်ခူးလမှာ ရှေးမြန်မာမင်းများ လက်ထက်ကဆိုရင် သင်္ကြန်ခေါ်ပွဲ၊ ခေါင်းဆေးမင်္ဂလာ ဆင်ယင်ကျင်းပပွဲ၊ ရေဖျန်းသဘင်ခံယူပွဲတွေကို အလေးထားပြီး ကျင်းပခဲ့ကြတယ်လို့ မှတ်သားရတယ်။
သင်္ကြန်ပွဲတော်အစကို ပုဂံခေတ်လို့တွေ့ရပေမယ့် သာသနာဝင်ကျမ်းများမှာတော့ ဘုရားရှင်လက်ထက်တော်မှာ သာကီဝင်မင်းများ ရေဖျန်းသဘင်ခံယူပြီး ပျော်ပျော်ရွှင်ရွှင် ရေကစားကြပုံတွေကို ဖော်ပြထားပါတယ်။ ဒီအခြေခံကြောင့်ပဲ မြန်မာတို့ရဲ့ သင်္ကြန်ပွဲတော်ရဲ့ ဓလေ့ထုံးစံ တချို့မှာ ဟိန္ဒူယဉ်ကျေးမှု ဓလေ့ထုံးစံတွေပါဝင် ရောနှောနေတာကို တွေ့ရ တာဖြစ်ပါလိမ့်မယ်။
ပုဂံခေတ်သင်္ကြန်အကြောင်းကတော့ ပုဂံမင်း နရသီဟပတေ့(တရုတ်ပြေးမင်း)နဲ့ မိဖုရား စောလုံတို့ရဲ့ ကြေကွဲဖွယ်ရာအဖြစ်ကြောင့် သင်္ကြန်ကို အရုပ်ဆိုးသွားစေပါတယ်။ ဒါကြောင့်လည်း နှောင်းခေတ်စာပေပညာရှင်များဟာ သင်္ကြန်နဲ့ပတ်သက်ပြီး သတိထား ရှောင်ကြဉ်သင့်တာတွေကို ရေးသားပြုစုပေးခဲ့ကြတာပဲ ဖြစ်တယ်။
အမှန်မှာတော့ သက္ကရာဇ်တွေပြောင်းလို့ အခါကောင်းရောက်လာပြီဆိုတဲ့ နိမိတ်ကိုယူပြီး နှစ်သစ်ကို မွန်မြတ်အပြစ်ကင်းစွာ ကြိုဆိုကြမယ်။ ပျော်ရွှင်စွာရေကစားကြမယ်။ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ကြမယ်ဆိုမှသာ မြန်မာ့ယဉ်ကျေးမှု ဓလေထုံးစံဖြစ်တဲ့ သင်္ကြန်ပွဲတော်ကြီး ဖြစ်ပါလိမ့်မယ်။
*** တေဇအောင် ***
(ဧပြီလ- ၂၀၀၇-ထုတ် ချယ်ရီမဂဇင်းမှ ကူးယူဖော်ပြသည်)

No comments:
Post a Comment