(၁၅)ကြိမ်မြောက် နိုင်ငံတကာ ကဗျာလင်္ကာရွတ်ပွဲတော်ကို ကျူးဘားနိုင်ငံ ဟာဗားနားမြို့၌ မေလ ၂၄-ရက်နေ့က စတင်၍ သီတင်းတစ်ပတ်ကြာ ကျင်းပမည်ဖြစ်ရာ ကမ္ဘာ့နိုင်ငံပေါင်း ၄၀-ကျော်မှ စာရေးဆရာများ၊ ကဗျာဆရာများ စုစုပေါင်း ၁၆၀-ခန့် တက်ရောက်ကြမည်ဖြစ်ကြောင်း ကျူးဘားပြန်ကြားရေးအရာရှိများက မေလ ၁၄-ရက်၌ ပြောကြားသည်။ (အင်တာနက်)
*** နိုင်ငံတကာ မူးယစ်ဂိုဏ်း ကိုလံဘီယာရဲတပ်ဖွဲ့ ဖြိုခွင်း ***
(ဘိုဂိုတာ၊ မေလ ၁၄-ရက်)
ကိုလံဘီယာရဲတပ်ဖွဲ့သည် အမေရိကန်နိုင်ငံသို့ မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်လျက်ရှိသည်ဟု မသင်္ကာသူ ၂၀-ဦးပါဝင်သည့် နိုင်ငံတကာ မူးယစ်ဂိုဏ်းတစ်ဂိုဏ်းကို ဖြိုခွင်းနိုင်ခဲ့ကြောင်း ရဲမှူးအိုစကာနာရန်ဂျိုက မေလ ၁၃-ရက်နေ့၌ ပြောကြားသည်။ ၄င်းတို့ကို ဆန်အန်ဒရက်စ်ကျွန်းအပါအ၀င် ကော်ဒိုဘာပြည်နယ်မြောက်ပိုင်းနှင့် အန်တိုကာပြည်နယ်အနောက်မြောက်ပိုင်းတို့မှ ဖမ်းဆီးရမိခြင်းဖြစ်ပြီး အဆိုပါ မူးယစ်ဂိုဏ်းသည် ဆန်အန်ဒရက်စ်ကျွန်း၌ အခြေချနေထိုင်ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ (ဆင်ဟွာ)
*** ဘူလ်ဂေးရီးယား သင်္ဘော ပင်လယ်ဓားပြများ အပိုင်စီးခဲ့ ***
(မိုဂါဒစ်ရှူး၊ မေလ ၁၄-ရက်)
ဘူလ်ဂေးရီးယားအလံ လွှင့်ထူထားပြီး သင်္ဘောသား ၁၅-ဦးလိုက်ပါလာသည့် သင်္ဘောတစ်စင်းကို အေဒင်ပင်လယ်ကွေ့တွင် ပင်လယ်ဓားပြများက အပိုင်စီးခဲ့ကြောင်း ဥရောပသမဂ္ဂ(အီးယူ)ရေတပ်က ပြောကြားသည်။ အဆိုပါသင်္ဘောသည် ဓာတုဗေဒပစ္စည်းသယ်ယူသည့် သင်္ဘောဖြစ်ပြီး အေဒင်ပင်လယ်ကွေ့ ယီမင်ကမ်းလွန်တစ်နေရာ ရေကြောင်းမိုင် ၁၀၀-ခန့်တွင် မေလ ၁၁-ရက်နေ့က အပိုင်စီးခံရခြင်းဖြစ်သည်ဟု အီးယူရေတပ်ကထုတ်ပြန်သည့် ကြေညာချက်၌ပါရှိသည်။ သင်္ဘောသားအားလုံးသည် ဘူလ်ဂေးရီးယားနိုင်ငံသားများဖြစ်သည်ဟု ဘူလ်ဂေးရီးယား နိုင်ငံခြားရေ၀န်ကြီးဌာနက ကြေညာသည်။ ယင်းသင်္ဘောသည် ပင်လယ်နီမှ ပါကစ္စတန်နိုင်ငံသို့ ဦးတည်မောင်နှင်လာခြင်းဖြစ်သည်။ ဒေသတွင်းရှိ ရေတပ်တပ်ဖွဲ့ဝင်များက သင်္ဘောသားများနှင့် အဆက်အသွယ်ရရှိစေရန် ကြိုးပမ်းနေကြသည်ဟု ယင်းကြေညာချက်တွင် ဖော်ပြထားသည်။ (ဆင်ဟွာ)
*** နယူးယောက်မြို့လယ်၌ သံသယဖြစ်ဖွယ် ကားတစ်စီးတွေ့ရှိ ***
အမေရိကန်နိုင်ငံ နယူးယောက်မြို့လယ်တွင် မေလ ၁၄-ရက်နေ့ နံနက်က သံသယဖြစ်ဖွယ် ကားတစ်စီးကို တွေ့ရှိရသဖြင့် ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးလျက်ရှိရာ ကားနောက်ပိုင်းကိုယ်ထည်တွင် သံယသဖြစ်ဖွယ် ဓာတ်ငွေ့အိုးနှစ်လုံးတွေ့ရှိရကြောင်း နယူးယောက်ရဲတပ်ဖွဲ့က ပြောကြားသည်။ (အင်တာနက်)
*** ဗြိတိန်သင်္ဘော ဆိုမာလီဓားပြများ ပြန်လွှတ်ပေး ***
၂၀၀၉-ခုနှစ် ဒီဇင်ဘာလ ၂၈-ရက်နေ့က အေဒင်ပင်လယ်ရေပြင်တွင် ဆိုမာလီဓားပြများက အပိုင်စီးသွားခဲ့သည့် ဗြိတိန်ဓာတုကုန်တင်သင်္ဘောကို မေလ ၁၄-ရက်နေ့၌ ပြန်လွှတ်ပေးလိုက်ကြောင်း သင်္ဘောသား ၂၆-ဦးလည်း ပြန်လည်ပါရှိလာကြောင်း ဗြိတိသျှရေကြောင်းအရာရှိများက ပြောကြားသည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-မောင်ချစ်ကြည် ***
*** နိုင်ငံတကာ ကလင်္ကာရွတ်ပွဲတော် ကျူးဘား၌ ကျင်းပမည် ***

No comments:
Post a Comment