(အဂ္ဂဒက်၊ မေလ ၁၈-ရက်)
အီရတ်နိုင်ငံတောင်ပိုင်း နာစီရီမြို့အနီးတွင် အမေရိကန်စစ်ဘက်ရဟတ်ယာဉ် တစ်စင်းပျံသန်းစဉ် စက်ချွတ်ယွင်းမှုကြောင့် ပျက်ကျခဲ့ကြောင်း မေလ ၁၆-ရက်နေ့တွင် ပြည်နယ် မီဒီယာများက သတင်းထုတ်ပြန်သည်။ ရဟတ်ယာဉ်ပျက်ကျမှုနှင့် စပ်လျဉ်း၍ နောက်ထပ် အသေးစိတ် အချက်အလက်များ မရရှိကြောင်း သိရသည်။ အဆိုပါရဟတ်ယာဉ်ပျက်ကျမှုအတွင်း သေဆုံးသူမရှိကြောင်း သတင်းတွင် ဖော်ပြသည်။ (အင်တာနက်)
** အိုက်စလန်မီးတောင်ပြာများ ဥရောပလေထုအတွင်း မျောပါ လေဆိပ်အချို့ ထပ်မံပိတ်ထား ***
(လန်ဒန်၊ မေလ ၁၈-ရက်)
အိုက်စလန် မီးတောင်ပေါက်ကွဲရာမှ ထွက်ပေါ်လာသည့် မီးတောင်ပြာတိမ်တိုက်များသည် ဥရောပလေထုအတွင်း မျောပါလျက်ရှိရာ ဥရောပဒေသတစ်ဝန်းအတွင်းရှိ အထင်ကရလေဆိပ်များ နောက်တစ်ကျော့ ထပ်မံပိတ်လိုက်ရသည်ဟု မေလ ၁၆-ရက်နေ့တွင် ဆင်ဟွာသတင်း၌ ဖော်ပြသည်။ မီးတောင်ပြာတိမ်တိုက်များ ပိုမိုများပြားလာသဖြင့် ဗြိတိန်လေကြောင်းပျံသန်းရေးအာဏာပိုင်အဖွဲ့က ဟီးသရီုး၊ ဂက်ဝစ်နှင့် လန်ဒန်လေဆိပ်များကို ခေတ္တပိတ်ထားရန် ညွှန်ကြားထားသည်။ (ဆင်ဟွာ)
*** ယူဂန္ဓာ၌ မြေပြို ၃-ဦးသေဆုံး၊ လူ ၃၀၀-အိုးမဲ့အိမ်မဲ့ဖြစ် ***
(ကမ်ပါလာ၊ မေလ ၁၈-ရက်)
ယူဂန္ဓာနိုင်ငံ မာဘေးခရိုင်အရှေ့ပိုင်း၌ ပြီးခဲ့သည့် သီတင်းပတ်အတွင်း မြေပြိုသဖြင့် ၃-ဦးသေဆုံးပြီး လူ ၃၀၀-ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ရကြောင်း ယူဂန္ဓာကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးက ပြောကြားသည်။ (ဆင်ဟွာ)
*** ဘင်္ဂလားဒေ့ရှ်၌ မိုးကြိုးပစ် ၅-ဦးသေဆုံး ***
(ဒါကာ၊ မေလ ၁၈-ရက်)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခူရီဂမ်ခရိုင်မြောက်ပိုင်း၌ မိုးသည်းထန်စွာရွာသွန်းနေစဉ်အတွင်း မိုးကြိုးပစ်ခံရသဖြင့် ၅-ဦးသေဆုံးကြောင်း ဒေသဆိုင်ရာရဲတပ်ဖွဲ့က မေလ ၁၇-ရက်နေ့တွင် ပြောကြားသည်။ သေဆုံးသူ ၅-ဦးအနက် နှစ်ဦးမှာ မိသားစုတစ်စုတည်းမှဖြစ်ပြီး သေဆုံးသူများသည် အသက် ၅-နှစ်မှ ၄၀-အတွင်းရှိကြသည်ဟုဆိုသည်။ အဆိုပါဒေသတွင် မေလ ၁၇-ရက်နေ့၌ ရုတ်တရက်မိုးသည်းထန်စွာရွာသွန်းခဲ့ရာမှ ယင်းကဲ့သို့ မိုးကြိုးပစ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ (ဆင်ဟွာ)
*** ကမ္ဘာ့ဈေးကွက်၌ ရေနံဈေးနှုန်းတန့်နေ ***
ကမ္ဘာ့ဈေးကွက်တွင် ရေနံဈေးနှုန်းများ အတက်အကျမရှိဘဲ တန့်နေလျက်ရှိရာ နယူးယောက်မြို့ဈေးကွက်၌ မေလ ၁၈-ရက်နေ့က ရေနံတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၈၂-ဒေါ်လာရှိနေကြောင်း အမေရိကန်ရေနံလုပ်ငန်းရှင်များက ပြောကြားသည်။ (အင်တာနက်)
*** ဆိုမာလီကမ်းလွန်၌ ကုန်တင်သင်္ဘောအပိုင်စီးခံရ ***
ဆိုမာလီနိုင်ငံတောင်ပိုင်း ကမ်းလွန်တွင် မေလ ၁၈-ရက်နေ့ နံနက်က ဓာတုပစ္စည်းများတင်ဆောင်လာသော ကုန်တင်သင်္ဘောတစ်စင်းကို ဆိုမာလီဓားပြများက အပိုင်စီးသွားခဲ့ကြောင်း၊ သင်္ဘောပေါ်တွင် သင်္ဘောသား ၁၆-ဦးပါရှိကြောင်း၊ မည်သည့်နိုင်ငံမှ ကုန်တင်သင်္ဘောဖြစ်သည်ကိုမူ စုံစမ်းလျက်ရှိကြောင်း ဆူဒန်ရေကြောင်း အရရှိများက ပြောကြားသည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-မောင်ချစ်ကြည် ***
*** အီရတ်တောင်ပိုင်း နာစီရီယာမြို့အနီး ကန်ရဟတ်ယာဉ် ပျက်ကျ ***

No comments:
Post a Comment