(မေလ ၁၈-ရက် ၂၀၁၀) မလေးရှားနိုင်ငံရှိ အဓိကမဲဆန္ဒနယ်ကြီးတစ်ခုဖြစ်သော `ဘော်နီယိုကျွန်း´တွင် အ တိုက်အခံဘက်မှ မဲ အနိုင်ရရှိသွားကြောင်း သတင်းရရှိသည်။ အတိုက်အခံခေါင်းဆောင် အန်ဝါအီဗရာဟင် က လည်း မိမိအပေါ်စွပ်စွဲထားသော လိင်တူချင်းဆက်ဆံမှုနှင့် အဂတိလိုက်စားမှု စသည့် မတရားသောအမှုများအ ပေါ်၌ ပြည်သူလူထုက မည်သို့မျှ သဘောမထားကြောင်းကို ပြသလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုလိုက်သည်။ (RFA)
(မေလ ၁၆-ရက် ၂၀၁၀) ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မြို့လည်ခေါင်မှာ သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြနေကြတဲ့ သူတွေထဲက အမျိုးသမီး၊ ကလေးငယ်တွေ၊ အသက်အရွယ်ကြီးတဲ့သူတွေနဲ့ လက်နက်မပါတဲ့ ဆန္ဒပြသူတွေ ဒီကနေ့ ၁၇-ရက်နေ့ မွန်းတည့်ချိန်တောက်ဆုံးထားပြီး သပိတ်စခန်းထဲက သပိတ်စခန်းထဲကနေ ထွက်ပေးကြဖို့ ထိုင်းအစိုးရက ကြေညာထားပါတယ်။ (VOA)
(မေလ ၁၄။ ၂၀၁၀) ပြင်သစ်နိုင်ငံတွင်နေထိုင်ပြီး ဗြိတိန်နိုင်ငံဖွားတဦးဖြစ်သူ ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော်နှင့်မော်ဒယ်တဦးဖြစ်သူ JANE BIRKIN သည် မြန်မာ့နိုင်ငံရေးအခြေအနေများကို လေ့လာရန် သုတေသနလေ့လာရေး ခရီးစဉ်အဖြစ် ထိုင်း-မြန်မာနယ်စပ်တွင် (၄) ရက်ကြာ ရောက်ရှိနေခဲ့ပြီးနောက် ယနေ့ မဲဆောက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်သည်။မြန်မာပြည်သူများ၏အရေး ကူညီဆောင်ရွက်ရာတွင် ဥရောပသမဂ္ဂအနေနှင့် ညီညွတ်မှုမရှိပါက မြန်မာပြည်သူများ ခံစားနေရသည့်ဒုက္ခများ ပြေလည်နိုင်မည်မဟုတ်ကြောင်း မြန်မာ့အရေးကူညီဆောင်ရွက်နေသည့် ဗြိတိန်နိုင်ငံမှ နာမည်ကြီး သရုပ်ဆောင်အဆိုတော် JANE BIRKIN က ပြောကြားသည်။ (ခေတ်ပြိုင်)
ဖြစ်ရပ်-၂။ အလုပ်သမားခွန် ဖြတ်တောက်သည်ကို သဘောမတူသဖြင့် မလေးရှားအလုပ်ရှင်နှင့်ရဲ ပူးပေါင်းကာ ဖမ်းဆီးခံထားရသည့် မြန်မာအလုပ်သမား ခေါင်းဆောင် (၅) ဦးသည် ယမန်နေ့က ပြန်လည်လွတ်မြောက်လာသည်။
အဆိုပါ မြန်မာအလုပ်သမားများအား မေလ (၁၂) ရက် ည (၇) နာရီခန့်တွင် မလေးရှားရဲက လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မလေးရှားနိုင်ငံရှိ Malaysia Trade Union Congress (MTUC) ၏ ကြားဝင်ဆောင်ရွက်ပေးမှုကြောင့် ယမန်နေ့ ညနေပိုင်းတွင် ပြန်လည်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။(ခေတ်ပြိုင်)
(မေလ ၁၃။ ၂၀၁၀) ဖြစ်ရပ်-၁။ ။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က အစိုးရဆန့်ကျင်ဆန္ဒပြပွဲတွေ စတည်းချနေတဲ့နေရာမှာ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့လို့ ထိုင်းဗိုလ်ချုပ်တယောက် အပြင်းအထန် ဒဏ်ရာ ရရှိခဲ့သလို တခြား အတော်များများလည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြပါတယ်။ ရက်သီတင်းပတ်များစွာနဲ့ချီ ဆန္ဒပြနေကြသူတွေကို သူတို့ဆန္ဒပြနေတဲ့ နေရာတွေကနေ ထွက်ခွာဖို့ ထိုင်းအစိုးရက ဖိအားပေး ခြိမ်းခြောက်မှုတွေလုပ်ခဲ့ပြီးတဲ့နောက် အခုလို ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာပါ။(VOA)
ဖြစ်ရပ်-၂။ ကရင်ပြည်နယ်ကို ၎င်းတို့ပါတီ၏ ဦးစားပေးပြည်နယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည်မဟုတ်ဟု ကရင်ပြည်သူ့ပါတီ (ကေပီပီ) အထွေထွေအတွင်းရေးမှူး၏ ပြောဆိုချက်သည် စစ်အာဏာရှင် သက်ဆိုးရှည်ရေးအတွက် အဆိပ်ပင်ရေလောင်းနေခြင်းသာ ဖြစ်သည်ဟု ကေအန်ယူက ပြောဆိုလိုက်သည်။ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ၏ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ပဒိုစောလှငွေက ကရင်ပြည်သူ့ပါတီ၏ သဘောထားထုတ်ပြန်ချက်နှင့်ပတ်သက်၍ ခေတ်ပြိုင်သို့ ပြောကြားခြင်းဖြစ်သည်။ထိုသို့ပြောဆိုချက်ကို ပဒိုစောလှငွေက ၂၀၁၀ ရွေးကောက်ပွဲဝင်ရောက်မည့် ကရင်ပါတီများသည် ကရင်ပြည်နယ်နှင့် ကရင်အမျိုးသားများကို ကိုယ်စားပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ၎င်းတို့ပါတီများ၏ အဓိကရည်မှန်းချက်များမှာ စစ်အာဏာရှင်စနစ် မပြိုလဲသွားရန် ကြားခံပေးမည့် ဒေါက်တိုင်များသာဖြစ်သည်ဟု ပြောဆိုသည်။
(ခေတ်ပြိုင်)
(မေလ ၁၂၊ ၂၀၁၀) ဖြစ်ရပ်-၁။ ။ ထိုင်းနိုင်ငံအတွင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများအား နိုင်ငံသားစိစစ်မှုနှင့် ယာယီပတ်စပို့စ် ထုတ်ပေးမှု လုပ်ငန်းစဉ်အား ၂၀၁၂ ခုနှစ်တွင် အပြီးသတ်ပြုလုပ်မည်ဟု ထိုင်းအစိုးရက ယမန်နေ့က ကြေညာသည်။ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေကြသော မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ နိုင်ငံသား စိစစ်ရေးပြုမှုနှင့် ယာယီပတ်စပို့စ် ကိုင်ဆောင်ခွင့် လုပ်ငန်းစဉ်အား ၂၀၁၂ ခုနှစ်တွင် အပြီးသတ်လုပ်ဆောင်မည်ဖြစ်ပြီး ၎င်းတို့ကိုင်ဆောင်သော သက်သေခံကတ်ပြား အရောင်နှင့် အဆင့်အတန်းတို့ကိုလည်း ပြောင်းလဲပေးမည်ဟု ထိုင်းနိုင်ငံ အလုပ်အကိုင်ခန့်ထားရေးဌာန ညွှန်ချုပ် မစ္စတာ ဂျီလီဆက်ဆူခွန်ချတ်က ပြောကြားကြောင်း ထိုင်းနိုင်ငံရှိ sanook အင်တာနက် စာမျက်နှာနှင့် ယနေ့ထုတ် The Nation သတင်းစာတွင် ဖော်ပြပါရှိသည်။(ခေတ်ပြိုင်)
ဖြစ်ရပ်-၂။ ။ ထိုင်းနိုင်ငံတွင် လုပ်သားပြတ်လပ်မှုကို ဖြေရှင်းရန်အတွက် နိုင်ငံခြားသားအလုပ်သမားများကို ငှားရမ်းခေါ်ယူရန် နိုင်ငံတော်ရင်းနှီးမြှုပ်နှံမှု အမှုဆောင်ကော်မတီမှ ပြီးခဲ့သည့် သောကြာနေ့က သဘောတူညီလိုက်ကြောင်း သိရသည်။
ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့၏ အတွင်းရေးမှူးချုပ် အတ်ချာကာ စီဘူရူယန်က အမှုဆောင်ဒါရိုက်တာများအဖွဲ့ အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး စီမံကိန်း လိုအပ်ချက်များအရ ဒေသတွင်း လိုအပ်နေသော အလုပ်သမားအရေအတွက် (၃) သိန်းမှ (၅) သိန်းကို ဖြည့်ဆည်းရန်အတွက် နိုင်ငံခြားသား အလုပ်သမားများအား ငှားရမ်း အသုံးပြုခွင့် ရရှိရေးကို ပြန်လည်သုံးသပ်ရန် တောင်းဆိုသွားမည်ဟု ပြောဆိုခဲ့ပြီးနောက် ယင်းသဘောတူညီမှု ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းစာတွင် ပါရှိသည်။ပုံမှန်အားဖြင့် ရင်းနှီးမြှုပ်နှံမှုကော်မတီ စီမံကိန်းများတွင် ကျွမ်းကျင်သူများနှင့် ထိုင်းလူမျိုးဝန်ထမ်းများကိုသာ ငှားရမ်းအသုံးပြုလေ့ရှိသော်လည်း ယခုအခါတွင် စွမ်းရည်နိမ့်နှင့်စွမ်းရည်မြင့် လုပ်သားပြတ်လပ်မှုကို ကုစားရန်အတွက် နိုင်ငံခြားသား အလုပ်သမားများကို ခေါ်ယူမည်ဟု သိရသည်။ (ခေတ်ပြိုင်)
(မေလ ၁၁ ရက်၊ ၂၀၁၀ ခုနှစ်) ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့တွင် တိုက်ခတ်ခဲ့သည့်လေပြင်းကြောင့်နေအိမ် အဆောက်အဦများ၊ ဘုန်းကြီး ကျောင်းအချို့နှင့် စာသင်ကျောင်းတစ်ခု ပျက်စီးခဲ့သည်။ ယမန်နေ့ ညနေသုံးနာရီခန့်က လေပြင်းနှင့်အတူ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်ကွက်တချို့ရှိ လူနေအိမ် နှင့် ဘုန်းကြီးကျောင်းတချို့ ပျက်စီးခဲ့သည်ဟု တာချီလိတ်မြို့ခံ တဦးက ယခုလိုပြောသည်။(NMG)
(မေလ ၁၀၊ ၂၀၁၀) ဖြစ်ရပ်-၁။ ။ ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ဒေသရှိ ငါးဖမ်းသင်္ဘောများ ဆိုက်ကပ်ရာလှေဆိပ်များတွင် မြန်မာပြည်သားအချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုများ၊ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှုများကြောင့် အသက်ဆုံးရှုံးရမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
ယခုရက်ပိုင်းအတွင်း ဖူးခက်မှ အုံကန်စဖန်ဖလားဟု ခေါ်သည့် လှေဆိပ်တွင် မြန်မာပြည်သားများသည် မူးယစ် ဆေးဝါးသုံးစွဲခြင်း၊ အရက်သေစာ အလွန်အကျွံ သောက်သုံးခြင်းတို့ကြောင့် စိတ်မူမမှန်ဖြစ်ကာ တဖွဲ့နှင့်တဖွဲ့ ခိုက်ရန်ဖြစ်ပွားခြင်း၊ မိမိကိုယ်မိမိ သေကြောင်းကြံစည်မှုတို့ကြောင့် ပြီးခဲ့သည့် ရက်သတ္တပတ် တပတ်အတွင်း မြန်မာပြည်သား (၆) ဦး သေဆုံးခဲ့ပြီး ဖြစ်သည်။
ဧပြီလ (၃၀) ရက် နံနက်တွင် ရန်ကုန်သင်္ဃန်းကျွန်းသား (၁) ဦးနှင့် ရခိုင်လူမျိုး (၁) ဦး၊ မေလ (၁) ရက်တွင် ထားဝယ်လူမျိုး (၂) ဦးနှင့် ရခိုင်လူမျိုး (၁) ဦးတို့၏ အလောင်းများကို နံနက်ခင်းပိုင်းတွင် တွေ့ရှိကြသည်ဟု မျက်မြင်သက်သေများက ပြောသည်။
(ခေတ်ပြိုင်)
ဖြစ်ရပ်-၂။ ။ မဲဆောက်ဒေသအတွင်း တရားမ၀င် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများအား လိုက်လံဖမ်းဆီးမည့် စစ်ဆင်ရေးတခု ရှိသည့်အတွက် အလုပ်ရှင်များက အလုပ်သမားများကို ဘေးလွတ်ရာသို့ တိမ်းရှောင်ကြရန် အသိပေးထားသည်ဟု အလုပ်သမားများက ပြောသည်။မဲဆောက်တွင် တရားမ၀င်အလုပ်သမားများ အသုံးပြုနေကြသည့် စက်ရုံအလုပ်ရုံများနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်အချို့က ယခုလောလောဆယ်တွင် လုပ်ငန်းခွင်များကို ရပ်နားထားကြသည်။(ခေတ်ပြိုင်)
(မေလ ၈ရက်။၂၀၁၀) ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်း ဇုံစီ ရပ်ကွက်(၂)ရှိ ကရင်လူငယ်အစည်းအရုံး (ကေ၀ိုင်အို)ရုံး ယနေ့မနက်တွင် မီး လောင်မှုတခုဖြစ်ပွားခဲ့ပြီး ကွန်ပျူတာ (၇)လုံး လောင်ကျွမ်းပျက်စီးသွားခဲ့သည်ဟု သိရသည်။(ကေအိုင်စီ)
(မေလ ၇၊ ၂၀၁၀) မလေးရှားနိုင်ငံရှိ လုပ်သက် (၅) နှစ် ပြည့်သွားသော မြန်မာအပါအ၀င် နိုင်ငံခြားသား ရွှေ့ ပြောင်းအလုပ်သမားများအား မလေးရှားအစိုးရက အလုပ်လုပ်ခွင့်သက်တမ်းများ ထပ်တိုးမပေးတော့ဟု သိရသည်။လူဦးရေ (၂၅) သန်းရှိသော မလေးရှားနိုင်ငံတွင် (၂.၂) သန်းရှိနေသော နိုင်ငံခြားသား ရွှေ့ ပြောင်းအလုပ်သမားများအား (၁.၅) သန်းအထိ လျှော့ချရန် ရည်ရွယ်၍ မလေးရှားအစိုးရက သက်တမ်းတိုးခွင့် ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။ယင်းသို့ ပြုလုပ်မည့်အကြောင်းကို ယခုနှစ်ဦးပိုင်းတွင် အလုပ်သမားဝန်ကြီးနှင့် ပြည်ထဲရေးဝန်ကြီးတို့က တရားဝင် ပြောကြားခဲ့သော်လည်း ယခုရက်ပိုင်းမှစ၍ သက်တမ်းတိုးပေးမှုများကို စတင်ရပ်ဆိုင်းလာခြင်းဖြစ်သည်။(ခေတ်ပြိုင်)
(မေလ ၆-ရက် ၂၀၁၀) ဖြစ်ရပ်-၁။ ။ လက်ရှိ ဖြစ်နေတဲ့ အကျပ်အတည်းအပေါ်မှာ ထိုင်း တပ်မတော်က ဘယ်လိုရပ်မလဲ ဆိုတာ ပိုင်းဖြတ်ဖို့ ထိုင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အနုဖုံပေါင် ချင်ဒါဟာ သောကြာနေ့နေ့လည်က ထိပ်တန်းဗိုလ်ချုပ်ကြီးတွေနဲ့ အထူးစည်းဝေးပွဲတခု ကျင်းပခဲ့ပါတယ်။ ၀န်ကြီးချုပ်ခေါ်ဆိုတဲ့ အရေးပေါ်အစည်းအဝေးကြောင့် အစည်းအဝေးအစီအစဉ် ပျက်သွားချိန်ကစလို့ ထိပ်တန်း စစ်ခေါင်းဆောင်တွေ ရဲ့ အစည်းအဝေးကို တနင်္လာနေ့ကနေ ရွှေ့ဆိုင်းလိုက်တာပါ။ ဧပြီလ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုမတိုင်ခင်မှာ လူ အုပ်ကြီးကို ထိန်းချုပ်ရာမှာ တပ်မတော်က ဘယ်လိုပါဝင်မလဲဆိုတာအပေါ် အနေအထားတခုချမှတ်ဖို့ အနုဖုံက စီစဉ်ထားပါတယ်။ အ စည်းဝေးကနေ ရတ်ခ်ျဖရာဆွန်လမ်းဆုံက ရှပ်နီတွေနဲ့ ပတ်သက်ပြီး သတိပေးတဲ့ နောက်ထပ်လှုပ်ရှားမှုတခုကို မျှော်လင့်ရပါတယ်။ (နေ့သစ်)
ဖြစ်ရပ်-၂။ ။ မလေးရှားနိုင်ငံ၌ သူနာပြုအသက်မွေးဝမ်းကျောင်းလုပ်ငန်းတွင် ပိုမိုစိတ်ဝင်စားလာစေရန်အတွက် သူနာပြုသင်တန်းများမှ ဘွဲ့များ၊ ဒီပလိုမာများပေးအပ်ရန် စီစဉ်လျက်ရှိသည်။ လက်ရှိအချိန်တွင် လူ ၃၄၀-တွင် သူနာပြုတစ်ဦးနှုန်းရှိရာမှ ၂၀၁၅-ခုနှစ်၌ လူ ၂၀၀-လျှင် တစ်ဦးနှုန်းရှိမည်ဟု မျှော်မှန်းထားသည်။ (အင်တာနက်)
ဖြစ်ရပ်-၃။ ။ မလေးရှားနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေးအချုပ်ထောင်များတွင် မြန်မာပြည်သား (၁၀၀၀)ခန့်ရှိနေပြီး ငွေပေးနိုင်သူများက ရက်အနည်းငယ်သာ နေထိုင်ရသော်လည်း ငွေမပေးနိုင်သူအများစုမှာ လပေါင်းများစွာ နေထိုင်ရကာ အချုပ်ခန်းအတွင်းမှ ယားနာ၊ ချောင်းဆိုးရောဂါမှသည် အခြားရောဂါအများအပြားကို ကူးစက်ခံနေကြရကြောင်း ကာယကံရှင်များက ပြောဆိုသည်။ (RFA)
(မေလ ၅-ရက် ၂၀၁၀) နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် လက်မခံသည့် ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့ကို နအဖစစ်အစိုးရက စစ်ရေးနည်းဖြင့် အရေးမယူသေးဘဲ အခြားနည်းလမ်းများဖြင့် စည်းရုံးလျက်ရှိသည်။သတ်မှတ်ရက် နောက်ဆုံးနေ့ဖြစ်သည့် ပြီးခဲ့သည့်ဧပြီ (၂၈) ရက်တွင် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ငြင်းဆန်ခဲ့သည့် ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့ကို နအဖတပ်များက အင်အားပြခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ယခုတဖန် ပြန်လည်စည်းရုံးနေသည်ဟု ကေအန်ယူ-ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့မှ တပ်မှူးတဦးက ပြောသည်။(ခေတ်ပြိုင်)
(မေလ ၄-ရက် ၂၀၁၀) ဖြစ်ရပ်-၁။ ။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ကို အကြီးအကျယ် ထိခိုက်စေခဲ့တဲ့ ဆန္ဒပြပွဲတွေ အဆုံးသတ်ဖို့ ရည်ရွယ်ပြီး ကမ်းလှမ်းခဲ့တဲ့ အစိုးရရဲ့ အစီအစဉ်ကို အစိုးရ ဆန့်ကျင်ရေး ရှပ်နီ ဆန္ဒပြ ခေါင်းဆောင်တွေက အပြုသဘော တုံ့ပြန်ခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ၂ လနီးပါးကြာ ဆန္ဒပြပွဲတွေကို ရပ်ဆိုင်းပစ်လိုက်ဖို့ကိုတော့ ဆန္ဒပြ အောက်ခြေလူထုက တွန့်ဆုတ်နေကြတယ်လို့ပြောပါတယ်။ ဘန်ကောက်မြို့တော်က ကုန်တိုက်ကြီးတွေနဲ့ စည်ကားလှတဲ့ ရာဂျာပရာဆောင် (Rajaprasong) အရပ်ကနေ ရှပ်နီ ဆန္ဒပြသူတွေ ထွက်သွားဖို့ ရည်ရွယ်ချက်နဲ့ ရွေးကောက်ပွဲတွေကို နိုဝင်ဘာလမှာ ကျင်းပပေးပ့ါမယ်ဆိုတာ အပါအ၀င် တခြားအချက်တွေကို ၀န်ကြီးချုပ် အဘီဆစ် ၀တ်ချာချီဝ (Abhisit Vejjajiva) က ကမ်းလှမ်းခဲ့ပါတယ်။(VOA)
ဖြစ်ရပ်-၂။ ။ တောင်တရုတ်ပင်လယ်အတွင်းရှိ ရေနံလုပ်ကွက်များနှင့် ပတ်သက်ပြီး မလေးရှားနှင့် ဘရူးနိုင်းနိုင်ငံတို့အကြား ဆွေးနွေးလျက်ရှိကြောင်း ဆင်ဟွာသတင်းတပုဒ်က မေလ ၃-ရက်နေ့က ဖော်ပြသည်။ (အင်တာနက်)
(မေလ ၃-ရက် ၂၀၁၀) ဖြစ်ရပ်-၁။ ။ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းနိုင်ငံတွင်း အလုပ်လုပ်ကိုင်ခွင့်လက်မှတ်အသစ် ထုတ်ပေးတော့မည်မဟုတ်ဟု ထိုင်းအစိုးရဘက်မှ ပြောဆိုနေသော်လည်း ထိုင်းနိုင်ငံအတွင်းသို့ မြန်မာနိုင်ငံသားများ တရားမ၀င် ဝင်ရောက်နေဆဲဖြစ်ပြီး ယခုလ (၃) ရက်တွင် မြန်မာပြည်သား (၁၀၃) ဦးအား ထိုင်းဒေသဆိုင်ရာ စစ်တပ်နှင့်နယ်ခြားစောင့်တပ်တို့က ဖမ်းဆီးရမိသည်။မေလ (၃) ရက် ညနေ (၄) နာရီနှင့် (၇) နာရီအချိန်တွင် ဘုရားသုံးဆူနယ်စပ်မှ ထိုင်းနိုင်ငံအတွင်းသို့ တရားမ၀င် ဝင်ရောက်လာသော မြန်မာပြည်သား (၁၀၃) ဦးအား ကန်ချနဘူရီခရိုင်၊ စံခရဘူရီမြို့နယ်အတွင်းရှိ ဘူရားသုံးဆူလမ်းခွဲအနီး ထိုင်းကရင်လူမျိုးများနေထိုင်ရာ စနီဖောင်းကျေးရွာအ၀င်တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခြင်းဖြစ်သည်။ အဖမ်းခံရသူများသည် အသက် (၁၅) နှစ်မှ (၄၅) နှစ်အရွယ် အလုပ်လုပ်ကိုင်နိုင်သော အရွယ်များဖြစ်ကြသည်။(ခေတ်ပြိုင်)
ဖြစ်ရပ်-၂။ ။ နိုင်ငံသားစိစစ်မှုပြုရေးလျှောက်လွှာ တင်သွင်းပြီးသော မြန်မာအလုပ်သမား အရေအတွက်မှာ ဧပြီ (၂၇) ရက်နေ့အထိ (၈၂၂,၀၉၃) ဦး ရှိပြီး ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ခွင့် ရရှိထားသူ အရေအတွက်မှာ (၇၁,၃၉၀) ဦး ရှိပြီဖြစ်ကြောင်း ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ နိုင်ငံတကာအဖွဲ့ (IOM) က ထုတ်ပြန်ပြောဆိုသည်။ဧပြီ (၃၀) ရက်တွင် ထုတ်ပြန်သည့် အဆိုပါထုတ်ပြန်ချက်တွင် အချက် (၈) ချက်ပါရှိပြီး အဓိကအချက်မှာ အလုပ်သမားတဦးလျှင် ဧဂျင့်များက ဘတ်ငွေ (၅,၀၀၀) ထက်ပို ကောက်ခံခွင့်မပြုကြောင်း၊ အကယ်၍ ပိုမိုကောက်ခံပါက မြန်မာအစိုးရထံသို့ အသိပေးအကြောင်းကြားပြီး ခွင့်ပြုချက်ကို ရုပ်သိမ်းမည်ဖြစ်ကြောင်း ပါရှိသည်။(ခေတ်ပြိုင်)
(မေလ ၂-ရက် ၂၀၁၀) ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်တွင် ပေါ်ပေါက်လျက်ရှိသော မငြိမ်သက်မှုများအတွက် တရားဥပဒေပြန်လည်စိုးမိုးရေးနှင့် နိုင်ငံတော် တည်ငြိမ်ရေးကို ပြန်လည်တည်ဆောက်ရန် ရဲတပ်ဖွဲ့အတွက် ဘတ် (၈)သန်း၊ အထူးစုံစမ်းစစ်ဆေးရေးဌာန အတွက် ဘတ်(၉)သန်းကို အထူးရံပုံငွေအဖြစ် ထိုင်းအစိုးရက လျာထားသတ်မှတ်လိုက်ကြောင်း သတင်းရရှိသည်။ (VOA)
(မေလ ၁-ရက် ၂၀၁၀) `၁၂၀-ကြိမ်မြောက် မေဒေးနေ့ အခမ်းအနား´များကို ထိုင်းနိုင်ငံရောက် မြန်မာပြည်သားများက သက်ဆိုင်ရာ အန်ဂျီအိုများ၊ ဒေသခံထိုင်းအဖွဲ့အစည်းများနှင့် ကျင်းပလျက်ရှိရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ မဲဆောက်မြို့၊ ဖန်ငဒေသ စသည်တို့တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား တက်ရောက်စေသည့် အခမ်းအနားများ ကျင်းပခဲ့ကြကြောင်း သတင်းရရှိသည်။ (မြန်မာပြည်သား)

No comments:
Post a Comment