ကျနော်တို့ မြန်မာပြည်သားတွေကြားမှာ ခေတ်စားတဲ့စကားတစ်ခွန်းကို သွားသတိရတယ်။ အဲဒါဘာလဲ ဆိုတော့ `ပြေးရင် မလွတ်- ပေးရင်လွတ်´တဲ့ဗျ။ အခုလည်းကြည့်ဗျာ။ လာဖမ်းတဲ့ ထိုင်းအာဏာပိုင်တွေကို ငွေရှင်ကြေး ရှင်ပီပီ ငွေပေးလိုက်တော့ အလုပ်ရှင်က လွတ်သွားပြီး ခင်တန်းတွေဆီ (တောအုပ်ငယ်တွေဆီ)၊ ခြံတောင်ယာ စိုက်ခင်းတွေဆီ ထွက်ပြေးနေရတဲ့ နဖူးကွဲ၊ ဒူးပြဲ၊ ပုံစံနဲ့ ၀မ်းကိုက်၊ ၀မ်းလျှော ရောဂါတွေခံစား နေရတဲ့ မြန်မာ အလုပ်သမားတွေကတော့ ပြေးတော့ မလွတ်ဘူးခင်ဗျ။ (သူဌေးတွေလို ပေးမှမပေးနိုင်ဘဲကိုး) ကျ- ကျပါရဲ့ဗျာ။
ယမန်နေ့က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ အရှေ့တောင်ဘက်က မယ်ကုနွဲ့ကျေးရွာမှာရှိတဲ့ ဖုပို(မြန်မာတို့အခေါ်- SR)သိုးမွှေးစက်ရုံက လက်မှတ်မရှိရှာတဲ့ မြန်မာအလုပ်သမား (၁၀၀၀)လောက်ထဲက အလုပ်ရှင်က နေပြီးတော့ လာဖမ်းသူတွေနဲ့ သုံးပန်းသဘောမျိုး `လိုက်သွားစေ´လို့ အမိန့်ချမှတ်ပေးလိုက်တာက (လက်မှတ်ရှိသူ ၄၀-ဦးနဲ့ မရှိသူ ၁၃-ဦး) စုစုပေါင်း (၅၃)ဦးပါတဲ့။ အဲဒီ မြန်မာအလုပ်သမား ၅၃-ဦးကတော့ စက်ရုံမှာ ကျန်ခဲ့တဲ့ အလုပ်ရှင်က ငွေပေးပြီး (ဒဏ်ကြေးသဘောနဲ့) ရွေးချင်ရွေး၊ မရွေးလို့ကတော့ ထိုင်းဥပဒေအရ ထောင်ဒဏ် ၄၅-ရက် (အခြေအနေအရ ၁၂-ရက်ပဲ ဒဏ်ချ)ကျခံကျရမှာပါ။ ဟောဒီနေ့လည်းကြည့်…။ အလုပ်ရှင်ရဲ့ စေခိုင်းချက်အရ မန်နေဂျာက မဲဆောက် လ၀ကရုံးမှာ လိုက်ရွေးလို့ လက်မှတ်ရှိသူ (၀ါ) လက်မှတ်ရှိပေမယ့် တစ်နှစ်သက်တမ်းအပြည့်မရှိသူ (၄၀)ဦးကတော့ ကံကောင်းထောက်မပြီး ပြန်လွတ်လာလေရဲ့။ ကံဆိုးသူ မောင်ရှင်ဘွဲ့ကို ခံယူကြရမယ့် လက်မှတ်မရှိသူ ၁၃-ဦးကတော့ အာမခံသူမရှိလို့ လ၀ကအချုပ်ထဲမှာ ခွေးဆိုးတောရောက် ကျန်ရစ်ခဲ့လေရဲ့။ မနေ့က မန်နေဂျာတွေ၊ လိုင်းကြပ်(၀ဏ္ဏ)တွေက `ပြေးကြ´ဆိုလို့ ပြေးကြရသူတွေ၊ စက်ရုံပြင်ပ မလွယ်ပေါက် (ခွေးတိုးပေါက်)မှာ ပြေးဖို့ အဆင်သင့် ပြင်စဉ်ကြရသူတွေနဲ့ နေပူရှိန်ပြင်းနေတဲ့ (မနေ့က မိုးမရွာချသေးခင်)အချိန်မှာ တွေ့ကြုံရတဲ့ မြန်မာအလုပ်သမားတွေရဲ့ ဒုက္ခကို မျှဝေကြည့်ရှုလိုက်ကြပါဦး။ သြော်….။ တလက်စထဲ ပြောလက်စနဲ့ ပြောရဦးမယ်။ လ၀ကတွေက လာဖမ်းမယ့်သာလာဖမ်းကြတာ။ အလုပ်ရှင်က အလုပ်သမားတစ်ဦးချင်းဆီက တစ်လကို လ၀ကလိုင်းကြေး (၂၀၀-ဘတ်) ဆီ တောင်းယူထားသတဲ့။ အခုဟာကလည်း လ၀က လိုင်းကြေး မပေးလို့ တာ့(ခ်)ခရိုင်က အထူးရဲတွေလာပြီး ကွင်းဆင်းဖမ်းဆီးခိုက်မှာ မဲဆောက်မြို့က လ၀ကတွေက `အဆင်းကို ဘီးတွန်းပြီး´ လက်တို့ ဖမ်းခိုင်းလိုက်တာတဲ့။ ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ။ အလုပ်ရှင်တွေကိုလည်း တလှည့်ပြေးစေချင်ပါသေးတယ်။ အခုဟာက လုပ်အားစိုက်ထုတ်ရတဲ့ အလုပ်သမားတွေချည်း ပြေးနေရတာမို့လို့လေ….။
သတင်းမှတ်တမ်း- မြန်မာပြည်သား

No comments:
Post a Comment