(မက္ကဆီကိုစီးတီး၊ မေလ ၂၀-ရက်)
မက္ကဆီကိုသမ္မတကော်ဒရွန်နှင့် ပြင်သစ်သမ္မတဆာကိုဇီတို့ စပိန်နိုင်ငံ၌ မေလ ၁၈-ရက်နေ့က တွေ့ဆုံကြပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာနှင့် ပြန်ပေးဆွဲမှုနှင့်စပ်လျဉ်းသည့် ပြင်သစ်အမျိုးသမီးတစ်ဦးအား မက္ကဆီကိုနိုင်ငံ၏ အပြစ်ပေးမှုကိစ္စတို့ကို ဆွေးနွေးကြသည်။ (အင်တာနက်)
*** ပီရူးမြောက်ပိုင်း၌ ငလျင်လှုပ် ***
(လီမာ၊ မေလ ၂၀-ရက်)
ပီရူးနိုင်ငံမြောက်ပိုင်း အမေဇိုးနားပြည်နယ်၌ မေလ ၁၉-ရက်နေ့တွင် မြေပြင်အနက် ၂၁၉-ကီလိုမီတာကို ဗဟိုပြုကာ အင်အားရစ်ခ်ျတာစကေး ၆ ဒသမ ၄-ရှိ ငလျင်လှုပ်သွားကြောင်း ပီရူးနိုင်ငံ ဘူမိဗေဒဌာနက သတင်းထုတ်ပြန်သည်။ ယင်းဖြစ်ပွားမှုသည် ၄င်းနိုင်ငံရှိ ပြည်နယ်ကြီးသုံးပြည်နယ်တို့၌ ငလျင်ဒဏ်ခံခဲ့ရပြီး သေကျေပျက်စီးမှုစာရင်းများ ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။ ပီရူးနိုင်ငံ၌ ၂၀၀၇-ခုနှစ်က ရစ်ခ်ျတာစကေး ၇ ဒသမ ၅-အဆင့်ရှိ ငလျင်ဒဏ်ကြောင့် လူပေါင်း ၆၀၀-ကျော်သေဆုံးခဲ့ရပြီး အိမ်ခြေ ၇၀၀၀၀-ခန့် ပျက်စီးခဲ့ရသည်။ (ဆင်ဟွာ)
*** ပိုလန်မြောက်ပိုင်း၌ ရေလွှမ်းမှုဖြစ်ပွား ***
ပိုလန်နိုင်ငံ မြောက်ပိုင်းနယ်စပ်ဒေသများတွင် မိုးသည်းထန်ပြီး ရေလွှမ်းမှုဖြစ်ပွားခဲ့ရာ ၅-ဦးသေဆုံးပြီး နေအိမ်အများအပြား ရေလွှမ်းလျက်ရှိကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပိုလန်အရာရှိများက ပြောကြားသည်။ (အင်တာနက်)
**ကွန်ဂိုအရှေ့ပိုင်း မီးတောင်၌ မြေပြိုကျမှုဖြစ်ပွား ***
ကွန်ဂိုနိုင်ငံအရှေ့ပိုင်း နီရာဂွန်ဂိုမီးတောင်သည် မေလ ၂၀-ရက်နေ့က မြေပြိုကျမှုဖြစ်ပွားရာ အနီးဝန်းကျင်၌ နေထိုင်ကြသော ဒေသခံ ၄၆-ဦးသေဆုံးပြီး အိမ်ခြေ ၂၀၀-ကျော် ပျက်စီးခဲ့ကြောင်း ကွန်ဂိုအရာရှိများက ပြောကြားသည်။ (အင်တာနက်)
*** ကမ္ဘာ့ဈေးကွက်၌ ရွှေဈေးနှုန်းကျဆင်း ***
ကမ္ဘာ့ဈေးကွက်၌ ရွှေဈေးနှုန်းများကျဆင်းလျက်ရှိရာ တရုတ်ဈေးကွက်၌ မေလ ၂၀-ရက်နေ့က ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၁၉၆ ဒသမ ၁၇-ဒေါ်လာသာရှိခဲ့ကြောင်း တရုတ်ရွှေလုပ်ငန်းရှင်များက ပြောကြားသည်။ (အင်တာနက်)
*** ကမ္ဘာ့ဈေးကွက်၌ ရေနံဈေးနှုန်းကျဆင်း ***
ကမ္ဘာ့ဈေးကွက်တွင် ရေနံဈေးနှုန်းများကျဆင်းလျက်ရှိရာ အမေရိကန်နယူးယောက်မြို့ ဈေးကွက်၌ မေလ ၂၀-ရက်နေ့က ရေနံတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၆၇ ဒသမ ၉၀-သာရှိခဲ့ကြောင်း အမေရိကန်လုပ်ငန်းရှင်များက သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** အိန္ဒိယ၌ မုန်တိုင်းသတိပေးချက် ထုတ်ပြန် ***
အိန္ဒိယနိုင်ငံ အနာဒရာပရာဒေ့ရှ်ပြည်နယ်သို့ ဦးတည်ကာ လာမည့် ၂၄-နာရီအတွင်း အင်အားပြင်းမုန်တိုင်း ၀င်ရောက်တိုက်ခတ်နိုင်သဖြင့် ဒေသခံပြည်သူ ၄၀၀၀၀-ခန့်အား ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးနေရကြောင်း အိန္ဒိယအရာရှိများက မေလ ၂၀-ရက်နေ့တွင် ပြောကြားသည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-မောင်ချစ်ကြည် ***
*** ၂၀၁၀ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံအောင်မြင်ရန် ပြင်သစ်အစိုးရ စိတ်အားထက်သန် ***

No comments:
Post a Comment