လက်ဖျံရိုးကျိုးခဲ့သဖြင့် ခွဲစိတ်ကုသမှုခံထားသည့် အိုင်ဗရီကို့စ် တိုက်စစ်မှူး ဒရော့ဘာသည် ဇွန်လ ၁၅-ရက် နေ့၌ အဖွင့်ပွဲစဉ်အဖြစ် ကစားရမည့် ပေါ်တူဂီနှင့်ပွဲတွင် ပါဝင်ကစားမည်ဖြစ်ကြောင်း အိုင်ဗရီကို့စ်အသင်း မှ တာဝန်ရှိသူ များက ပြောကြားသည်။ (အင်တာနက်)
*** ပီယာလို ဒဏ်ရာသက်သာသဖြင့် ကစားနိုင်ပြီ ***
မက္ကဆီကိုနှင့် ခြေစမ်းပွဲတွင် ၀ဲဘက်ခြေထောက် ဒဏ်ရာရရှိခဲ့သော အီတလီကွင်းလယ်ကစားသမား ပီယာလို သည် ဒဏ်ရာသက်သာသဖြင့် ဇွန်လ ၁၄-ရက်၌ ပါရာဂွေးနှင့် ကစားရမည့်ပွဲတွင် ပါဝင်ကစားမည်ဖြစ်ကြောင်း အီတလီအသင်းက ဇွန်လ ၁၁-ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ (အင်တာနက်)

*** ချီလီပရီသတ်များအတွက် အစိုးရက အထူးစီစဉ်ပေး ***
ကမ္ဘာ့ဖလားပွဲ၌ ပါဝင်ယှဉ်ပြိုင်မည့် ချီလီအသင်းကစားသည့် ရက်များတွင် ဘောလုံးအသင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အားပေးကြည့်ရှုနိုင်ရန် ၀န်ထမ်းများအား အလုပ်ချိန်လျှော့ပေါ့ကာ အထူးစီစဉ်ပေးထားကြောင်း ချီလီအစိုးရအရာရှိများက ဇွန်လ ၁၁-ရက်နေ့၌ သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** ဂရိဘောလုံးသမားများ ဒေါ်လာများ အခိုးခံရ ***
အာဖရိကနိုင်ငံ အမ်လန်ဂါမြို့ ဘီဗာလီဟီးလ်ဟိုတယ်၌ တည်းခိုးနေသော ဂရိဘောလုံးအသင်းမှ ကစားသမားသုံးဦး အခန်းတွင် အမေရိကန်ဒေါ်လာ ၁၉၀၀ အခိုးခံခဲ့ရကြောင်း အမ်လန်ဂါရဲတပ်ဖွဲ့က ဇွန်လ ၁၁-ရက်နေ့၌ အတည်ပြုပြောကြားသည်။ (အင်တာနက်)
*** ကိတ်ဗ်တောင်းမြို့၌ ပရိသတ်ခြောက်ဦး ဆေးရုံတင်ရ ***
၂၀၁၀ တောင်အာဖရိက ကမ္ဘာ့ဖလားဘောလုံးပွဲကို ကြည့်ရှုရန်ရောက်ရှိနေသော ပရိသတ်များအား ဖီဖာက ကြိုဆိုဂုဏ်ပြုသည့် အထိမ်းအမှတ်ဖျော်ဖြေပွဲတစ်ရပ်ကို ကိတ်ဗ်တောင်းမြို့ ဂရင်းပါရာဒီကွင်း၌ ဇွန်လ ၁၀-ရက်နေ့ညက ကျင်းပရာ ပရိသတ်များ တွန်းထိုးပြိုလဲကျမှုကြောင့် ပရိသတ်သုံးဦး ခြေထောက်ကျိုးပြီး အခြားသုံးဦး ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံသို့တင်ပို့ကာ ဆေးကုသခံနေရကြောင်း ကိတ်ဗ်တောင်းမြို့ ရဲတပ်ဖွဲ့က ဇွန်လ ၁၁-ရက်နေ့၌ ပြောကြားသည်။ (အင်တာနက်)
*** စပိန်းအသင်းဗိုလ်လုပွဲရောက်မည်ဟု ဇာဗီးပြောကြား ***
စပိန်အသင်း ကွင်းလယ်ကစားသမား ဇာဗီးက ဇွန်လ ၁၁-ရက်နေ့ နံနက်၌ သတင်းထောက်များနှင့် တွေ့ဆုံရာတွင် စပိန်အသင်းဗိုလ်လုပွဲတက်မည်ဟု အခိုင်အမာ ယုံကြည်နေကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ (အင်တာနက်)
*** ဒဏ်ရာသက်သာ၍ ကီးဝဲလ် ပါဝင်ကစားမည် ***
သြစတြေးလျအသင်း ကွင်းလယ်ကစားသမား ကီးဝဲလ်၏ ဒူးဒဏ်ရာမှာ သက်သာနေပြီဖြစ်သဖြင့် ဇွန်လ ၁၃-ရက်နေ့၌ ဂျာမနီအသင်းနှင့် ယှဉ်ပြိုင်ရမည့်ပွဲတွင် ပါဝင်ကစားမည်ဖြစ်ကြောင်း သြစတြေးလျအသင်းနည်းပြ ဗာဘက်က ဇွန်လ ၁၁-ရက်နေ့၌ ပြောကြားသည်။ (အင်တာနက်)
*** အင်္ဂလန်အသင်း အကျပ်အတည်းနှင့် ရင်ဆိုင်ရမည် ***
အင်္ဂလန်အသင်းသည် အဖွင့်ပွဲစဉ်အဖြစ် မိမိတို့အမေရိကန်အသင်းနှင့် တွေ့ဆုံရခြင်းမှာ အကျပ်အတည်းနှင့် ရင်ဆိုင်ရခြင်းပင်ဖြစ်ကြောင်း အမေရိကန်အသင်းနောက်ခံလူ အိုဂူချီက ဇွန်လ ၁၁-ရက်နေ့၌ သတိပေးပြောကြားလိုက်သည်။ (အင်တာနက်)
*** အင်္ဂလန်ပရိသတ် ၂-ဦး ယာဉ်မတော်တဆမှုကြောင့် သေဆုံး ***
အင်္ဂလန်အသင်းကို အားပေးရန် တောင်အာဖရိကနိုင်ငံသို့ ရောက်ရှိနေသော အင်္ဂလန်ပရိသတ်နှစ်ဦးသည် ဂျိုဟန်နစ္စဘတ်မြို့အနီးတွင် ၄င်းတို့စီးလာသော ဘတ်စ်ကား မတော်တဆမှုဖြစ်ပွားခဲ့စဉ် သေဆုံးခဲ့ကြောင်း ဂျိုဟန်နစ္စဘတ်မြို့ ရဲတပ်ဖွဲ့က ဇွန်လ ၁၁-ရက်နေ့၌ ပြောကြားသည်။ (အင်တာနက်)
*** အကြိုဗိုလ်လုပွဲအထိ တက်ရောက်မည်ဟု ဂါနာနောက်ခံလူ ပြောကြား ***
ဂါနာအသင်းသည် လက်ရှိခြေစွမ်းအရ အကြိုဗိုလ်လုပွဲအထိ တက်ရောက်နိုင်မည့် အနေအထားရှိကြောင်း မိမိတို့ အစွမ်းကုန်ကြိုးစားမည်ဖြစ်ကြောင်း ဂါနာနောက်ခံလူ ဂျွန်ပင်ဆယ်က ဇွန်လ ၁၁-ရက်နေ့၌ သတင်းထောက်များအား ပြောကြားသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- ချစ်စိုးနိုင် **
*** အဖွင့်ပွဲတွင် ဒရော့ဘာ ပါဝင်ကစားမည် ***

No comments:
Post a Comment