ဗန်းမော်ဆရာတော်ကား ပရိသတ်၏ အခြေအနေကို ကြည့်ကာ တရားဟောလေ့ရှိပါသည်။ ချဲ့ထွင်သိုင်းဝိုင်း ကာ ဟောခြင်းထက် လိုရင်းကို မြင်သာ ထင်သာအောင် ဟောလေ့ ရှိပါသည်။ အချို့သော ပရိသတ်က ရှည်ရှည် ဟောမှ ကြိုက်သည်။ အချို့က လိုရင်း တိုရှင်းကို ကြိုက်သည်။
`တပည့်တော်တို့ကို အတိုဆုံးနည်းနဲ့သာ ဟောတော်မူပါ ဘုရား´ ဒကာအချို့က လျှောက်သည်။
လိုရင်း တိုရှင်း ဟောတတ်လေ့ရှိပါလျက် ဤသို့ လျှောက်ထားသည်မှာ ရွဲ့သည့်သဘော ဖြစ်နေသည်။ ဆရာ တော်ကား အပြုံးမပျက်ပါ။

`တရားကို အတိုဆုံးနည်းနဲ့သာ ဟောပါဆိုတော့ တစ်ယောက်တည်း တည့်အောင်နေကြပေါ့ကွယ်´
ဆရာတော်က ဤမျှသာ ဟောသည်။ ဒကာတို့မှာ ဘာမျှ သဘောမပေါက်ကြတော့၊ နားမလည်ကြတော့။
`ဆရာတော်ဘုရား၊ တစ်ယောက်တည်းနေတာပဲ ဘာများ မတည့်စရာရှိပါသေးလို့လဲ ဘုရား´
ဆရာတော်၏ တရားဆိုလိုရင်းကို သဘောမပေါက်ကြသဖြင့် မေးလျှောက်ကြသည်။
`ဒကာတို့က တရားတောင်းတာ တောင်းပေါ့။ ဘယ့်နှယ် တိုတိုဟောပါဘုရား၊ ရှည်ရှည်ဟောပါ ဘုရားနဲ့ တယ်ပြီး ဆရာလုပ်ကြတာကိုး´
ဆရာတော်ကား စကားကြွေးအတင်ခံသည့် ပုဂ္ဂိုလ်မဟုတ်။ ချက်ချင်းပင် တုံ့ပြန်သည်။
`တိုတိုဟောပါပြောလို့ တိုတိုဟောတော့လဲ ဥာဏ်က မမီဘူး။ တရားတောင်းရင် ဟောတဲ့ပုဂ္ဂိုလ်က သင့်သလိုဟောမှာပေါ့´
`တပည့်တော်တို့ မှားပါတယ် ဘုရား´
`တစ်ယောက်တည်း တည့်အောင်နေဆိုတာက ကိုယ့်ကိုယ်မှာ ဖြစ်နေတဲ့ လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့ တရားတွေကို တိုက်နေရတယ်မဟုတ်လား။ အဲဒီတရားတွေ မလွှမ်းမိုးအောင် တရားနဲ့ ဆင်ခြင်နေလို့ ပြောတာကွယ့်´
`သဘောပေါက်ပါပြီ ဘုရား´
ဆရာတော်အား ရိုသေစွာ ကန်တော့ကြသည်။ ထို့နောက် အသီးသီး ပြန်ကြလေတော့သည်။
** နေဘုန်းဝေ **
(စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ)
** စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ **

No comments:
Post a Comment