ဥပုသ်နေ့ဖြစ်သဖြင့် ဆရာတော်သည် စာဝါမပို့ချဘဲ အနားယူသည်။ စာပေကျမ်းဂန် ဖတ်ရှုရင်း အချိန်ကုန်စေ သည်။ ထိုစဉ် ဒကာတစ်ဦး ကျောင်းပေါ်သို့ တက်လာပြီး ဆရာတော်အား ကန်တော့သည်။ ထို့နောက် အနီးတွင်ပင် ထိုင်၍နေသည်။ ဤတွင် ဆရာတော်လည်း အကြောင်းထူးရှိအံ့ဟု တွက်မိသည်။
“ကိစ္စအထူးရှိသလား ဒကာ” ဆရာတော်က မေးသည်။
“တပည့်တော် မရှင်းလင်းတာ တစ်ခုလောက် မေးလျှောက်ခွင့်ပြုတော်မူပါ ဘုရား”
“ဘာများတုန်း ဒကာရဲ့၊ မေးပါ” ဆရာတော်ခွင့်ပြုတော်မူသည်။
“တပည့်တော်တို့ သူငယ်ချင်းနှစ်ဦး အရက်အကြောင်း ပြောကြရင်း အငြင်းအခုံဖြစ်လလို့ပါ ဘုရား”

“ဖြစ်ပုံ ဆိုစမ်းပါဦး ဒကာရဲ့”
“အရက်သေစာကို ရေအဖြစ်နဲ့ စိတ်က ပြဌာန်းပြီးသောက်ရင် အပြစ်ရှိ မရှိ အငြင်းအခုံဖြစ်တာပါဘုရား။ တရာတော်ပဲ ဆုံးဖြတ်ပေးတော်မူပါဘုရား” ဒကာဖြစ်သူက လျှောက်ထားပန်ကြားသည်။
“ဒကာက ဘယ်ဘက်ကလဲ၊ အပြစ်ရှိတဲ့ဘက်ကလား အပြစ်မရှိတဲ့ဘက်ကလား”
“အရက်ကို ရေအဖြစ်နဲ့ စိတ်က ပြဌာန်းပြီး သောက်ရင် အပြစ်မရှိဘူးလို့ တပည့်တော်က ထင်ကြောင်းပါဘုရား”
“ဘာ့ကြောင့် ဒီလို ထင်ရသတုန်းကွယ့်”
“စတ်သာရှင်စောဘုရားဟော၊ စိတ်သာပဓာန ဆိုတဲ့ စကားများရှိတယ် မဟုတ်လား ဘုရား”
“ကောင်းပါလေ့ကွယ်၊ ဆရာတော် ဥပမာ ပေးမယ်”
“တင်ပါ့ ဘုရား”
“မြွေပွေးတစ်ကောင်ကို မြက်လျှောတစ်ကာင်လို့ အမှတ်ထားပြီး အမြီးကို ကိုင်ရင် ဘာဖြစ်မလဲကွယ့်”
“မြွေပေးက ပေါက်မှာပါ ဘုရား”
“ကိုက်မိရင်ကော အဆိပ်မတက်ဘူးလား”
“တက်မှာပါ ဘုရား”
“အဲဒီတက်တဲ့ အဆိပ်ဟာ ဒကာကြီး အမှတ်ထားတဲ့ မြက်လျှောအဆိပ်ဖြစ်မလား၊ မြွေပွေးအဆိပ်ဖြစ်မလားဒကာ”
“မြွေပွေးအဆိပ်ပဲ ဖြစ်မှာပါ ဆရာတော်”
“မြွေပွေးအဆိပ်ဆိုရင် သေနိုင်မလား၊ မသေနိုင်ဘူးလား”
“သေနိုင်ပါတယ် ဘုရား”
“အဆိပ်သတ္တိကို စိတ်နဲ့မှတ်ပြီး လောင်းလို့ရနိုင်ပါ့မလား”
“မရနိုင်ကြောင်းပါ ဘုရား”
“ဒါဆို မြွေပွေးဆိုတာ အဆိပ်တက်မှန်းသိရက်ကနဲ့ မြွေပွေးကို မြက်လျှောဆိုပြီး ကိုင်ရဲပါ့မလား ဒကာကြီး”
“မကိုင်ဝံ့ပါဘူး ဘုရား”
“ဒီသဘောပဲ ဒကာကြီး၊ အရက်ကို ရေအမှတ်နဲ့ သောက်တော့ အရက်ရဲ့ သတ္တိပြမလား၊ ရေရဲ့ သတ္တိပြမလား”
“အရက်ကို သောက်ရင် အရက်သတ္တိပြမှာပါပဲ ဘုရား”
“အရက်သတ္တိပြရင် မူးမလား၊ မမူးဘူးလား”
“မူးမှာပါပဲ ဘုရား”
“မူးပြီး…. မသင့်မလျော် မဖွယ်မရာတွေ ဖြစ်တော့ အပြစ်ဖြစ်တော့မပေါ့။ ဒီတော့ အရက်ကို ဘာအမှတ်နဲ့ သောက်သောက် အရက်ဟာ အရက်ပဲ၊ အပြစ်ဟာ အပြစ်ပါ ဒကာ”
“ဗန်းမော်ဆရာတော်က စကားအရာ ကျွမ်းကျင်လှသည်မှာ ငြင်းစရာမရှိပေ။ ဒကာ၏ အမေးကို မေးလျက်နှင့်ပင် ပြဿနာ၏ အဖြေထုတ်ယူ ဖြေဆိုပုံမှာ မှတ်သားနည်းယူလောက်ပါပေသည်။”
“မြွေဆိပ်ပမာ အရက်သေစာ” ဆိုသည်ကို ထိုဒကာလည်း ကောင်းစွာ သဘောပေါက်၍ သွားလေသည်။
ဆရာတော်ကို ရိုသေစွာ ကန်တော့ပြီးနောက် ထိုဒကာ ပြန်၍သွားသည်။ ဗန်းမော်ဆရာတော်လည်း စာကို ဆက်၍ ဖတ်လေသည်။
*** နေဘုန်းဝေ ***
(စာချိုးအကျော် ဗန်းမော်ဆရားတော် စွယ်စုံပုံပြင်များ)

No comments:
Post a Comment