အချို့က ဗန်းမော်ဆရာတော်ကို အပြောကြမ်းသည်ဟု ဆိုကြသည်။ စင်စစ် ဆရာတော်ကား ချမ်းသာသူကို ဖြစ် စေ၊ မျက်နှာလိုမျက်နှာရလုပ်သည်ကို သဘောမကျပေ။ “သခင်အားရ ကျွန်းပါးဝ” လုပ်သည်ကိုလည်း မနှစ်မြို့ တတ်ပေ။ ဤသို့သောအခါမျိုးတွင် ပွင့်လင်းစွာ မိန့်ကြားတတ်ခြင်းဖြစ်သည်။
တစ်ခါသော် မင်းတုန်းမင်းကြီးသည် မဟာဒါန်ဝန်၊ မဟာဒါန်စာရေးစသည့် နောက်တော်ပါတို့နှင့် ဗန်းမော် ကျောင်းတိုက်သို့ လှည်းယာဉ်နှင့် ကြွတော်မူသည်။
ကျောင်းလမ်းတစ်လျှောက်တွင် ချုံနွယ်သစ်ပင်တို့ ရှိသည်။ မင်းတရားကြီးသည် ထိခိုက်မိမည်စိုးသဖြင့် ရှောင်ရင်း တိမ်းရင်း လိုက်ပါစီးနင်းရသည်။

မင်းတရားကြီးနောက်မှ လိုက်ပါလာသော မဟာဒါန်ဝန်က လမ်းပေါ်သို့ ကိုင်းကျနေသော သစ်ပင်ချုံနွယ်တို့ကို ခုတ်ပစ်ချင်သည်။ ဗန်းမော်ဆရာတော်၏ ခွင့်ပြုချက်မရဘဲ ခုတ်လျှင် အပြစ်ပြောမည်ကို ကြောက်သောကြောင့်သာ မခုတ်ရဲ။
မင်းတုန်းမင်းတရားကြီးက ဗန်းမော်ဆရာတော် ဘုရားကြီးအား ကန်တော့ပြီးသောအခါ မဟာဒါန်ဝန်က ဤသို့ လျှောက်ထားလေသည်။
“အရှင်ဘုရား ကျောင်းတိုက်လမ်းတစ်လျှောက်မှာ သစ်ပင်ချုံနွယ်တွေ ပေါက်ရောက်နေတာ အချို့အပင်တွေက ရိုးရိုးလမ်းသွားတဲ့အခါ လွတ်ပေမယ့်၊ လှည်းယဉ်ပေါ်ကဆိုရင် မလွတ်အောင်ဖြစ်နေပါတယ် ဘုရား။ အခု မင်းတရားကြီးလှည်းယဉ်တော်နဲ့ ကြွချီလာတာမှာ မထိမခိုက်ရအောင် အတော်ကလေးရှောင်တိမ်းစီးခဲ့ရပါတယ် ဘုရား။ ဒါ့ကြောင့် မလွတ်တဲ့ သစ်ပင်ချုံနွယ်တွေကို ခုတ်ထွင်ခွင့်ပြု တော်မူပါ ဘုရား”
မင်းတရားကြီးရှိခိုက် မဟာဒါန်ဝန်က လျှောက်ထားသည်။
“နေပါဦး မဟာဒါန်ဝန်ရဲ့၊ ငါ့ကျောင်းလမ်းက သစ်ပင်ချုံနွယ်တွေက အရင်ရှိတာလား၊ မင်းတို့ရဲ့ မင်းတရားကြီးက အရင်ရှိတာလား”
“မှန်လှပါ အရှင်ဘုရားရဲ့ ကျောင်းလမ်းက သစ်ပင်ချုံနွယ်တွေက အရင်ရှိတာပါ ဘုရား”
“ဒါဆို ဖြတ်ချင်ဖြတ်ရင် နောက်မှလာတဲ့ မင်းတို့ရဲ့ မင်းတရားကြီးရဲ့ မလွတ်တဲ့ ခေါင်းတို့၊ လက်တို့ကိုသာ ဖြတ်သင့်တာပေါ့”
ဗန်းမော်ဆရာတော်က ခွကျကျပင် မိန့်တော်မူလိုက်သည်။
မင်းတုန်းမင်းတရားကြီးမှာ ဗန်းမော်ဆရာတော်အကြောင်း ကောင်းစွာ သိသူဖြစ်၍ ပြုံးတော်မူ၍သာ နေသည်။
မျက်နှာလို မျက်နှာရ လျှောက်ထားမိသော မဟာဒါန်ဝန်မှာသာ ငို၍ ရယ်၍ မရသော မျက်နှာနှင့်…။
** နေဘုန်းဝေ **
(စာချိုးအကျော် ဗန်းမော်ဆရားတော် စွယ်စုံပုံပြင်များ)
**(စာချိုးအကျော် ဗန်းမော်ဆရားတော် စွယ်စုံပုံပြင်များ)**

No comments:
Post a Comment