အဓိပ္ပာယ် နှစ်ခွနှစ်မျိုး ကောက်ယူနိုင်သည့် သဘောကို သန်လျက်သွားစပ်နည်းဟူ၍ တင်စားပြောဆိုလေ့ ရှိပါ တယ်။ လပြည့်နေ့ အခါကြီးတစ်နေ့တွင် ဖြစ်သည်။
သာသနာပိုင် ဆရာတော်ကြီးအပါအ၀င် သုဓမ္မာဆရာတော်များ၊ ဘွဲ့တံဆပ်တော်ရဆရာတော်များအား နန်း တော်သို့ ပင့်၍ ဆွမ်းခဲဘွယ်ဘောဇဉ်တို့ ဆက်ကပ်လှူဒါန်းသောနေ့ တစ်နေ့ဖြစ်သည်။
သီလရှင်များကိုလည်း ဆွမ်းကပ်သည်။ သီလရှင်မယ်ကင်းတို့က အစောပိုင်း ရောက်ရှိသည်။ ဆွမ်းစားပြီး အပြန် လမ်းခုလတ်တွင် နန်းတော်သို့ ဆွမ်းစားကြွလာသော ဗန်းမော်ဆရာတော်နှင့် မယ်ကင်းတို့ ဆုံသည်။
မယ်ကင်းသည် လမ်းဘေးသို့ ဆင်းသည်။ ဆရာတော်အား ရိုသေစွာ ကန်တော့သည်။ ထို့နောက်…

“နှစ်စေ့တစ်ချောင်း အရှင်ကောင်း”
“ဘယ်လမ်းကြောင်းသို့ ကြွမည်နည်း။”
ဟူ၍ လက်တန်းစာချိုး၍ မေးသည်။ စာချိုးမှာလည်း အခံပိုဒ်ပါသည်။ အအုပ်ပိုဒ်ကို ချန်ထားသည်။
ဘယ်လမ်းကြောင်းသို့ ကြွမည်နည်း - ဆိုသည်မှာလည်းနန်းတော်လမ်းကြောင်းလော၊ မဂ်လမ်းကြောင်းလော နှစ်မျိုး တွေးစရာပါရှိပါသည်။
ဤတွင် ဗန်းမော်ဆရာတော်က ရုတ်ခြည်းပင် အအုပ်ပိုဒ်ကို စပ်ဆိုကာ ဖြေဆိုလေသည်။
“နှစ်ခြမ်းတစ်စေ့ လမ်းကိုကြည့်”
“နန်းတော်အထိသွားမလို့။”
သီလရှင်မယ်ကင်းအား သာမန် လမ်းကြည့်သွားဟုလည်း တွေးနိုင်သည်။ မဂ်ဆိုက်ဖိုလ် ဆိုက်လမ်းကို ကြည့်ပါဟုလည်း တွေးနိုင်သည်။
တစ်ဖန် နန်းတော်အထိသွားမလို့ ဟူသည်တွင် မင်းတရားစံရာနန်းတော်ဟုလည်း ယူဆနိုင်သည်။ လောကုတ္တရာအထွတ်အမြတ်နဗာန်နန်းဟုလည်း ယူဆနိုင်သည်။
သီလရှင်မယ်ကင်းလည်း ဆရာတော်အား ရိုသေစွာ ကန်တော့ပါသည်။ ထို့နောက် ခရီးဆက်ကြတော့သည်။
** နေဘုန်းဝေ **
(စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ)
**(စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ)**

No comments:
Post a Comment