သီလရှင်မယ်ကင်းက ဗန်းမော်ဆရာတော်၏ ပြောပုံနှင့် ပတ်သက်ကာ မင်းတုန်းမင်းကြီးအား အခွင့်သင့်ခိုက် တိုင်ကြားသည်။
မင်းတုန်းမင်းတရားကြီးသည် မယ်ကင်းကို အထင်ကြီးသလို ဗန်းမော်ဆရာတော်အား ကြည်ညိုလေးစားသည်။ ဗန်းမော်ဆရာတော်အား နန်းတော်သို့ ပင့်ကာ မယ်ကင်း၏ တိုင်တန်းချက်ကို လျှောက်ထားလေသည်။
“ဘုန်းကြီးက ရိုးရိုးနဲ့ ပြောလိုက်တာပါ။ ဒီလို ဒကာတော်ရေမြေ့ရှင်၊ ကျုပ်ကို သင်္ဘောသီးကြီးလျူတယ်။ ပြီး တော့ ဘုရားဆုပန်တယ်လို့ မှာလိုက်တယ်။ မိန်းမဘ၀နဲ့ ဘုရားဆုမရနိုင်ဘူးလေ၊ အဲ… ယောင်္ကျားဘ၀ ရောက်အောင် အရင်လုပ်လို့ ပြောလိုက်တာပဲ ရေမြေ့ရှင်၊ ပထမပြဿနာ မပြီးခင် အခု တစ်ခုတိုင်ပြန်ပြီဆို တော့ စိန္တိတံတုန်း ပုစ္ဆိပြန်နေပြီ”

“ရှင်းပါဦးဘုရား”
“ရှေးတုန်းက ရွာတစ်ရွာမှာ တောင်ကျောင်းနဲ့ မြောက်ကျောင်း ဆိုပြီး ကျောင်းနှစ်ကျောင်းရှိသတဲ့။ ထုံးစံအတိုင်းပဲလေ အပြိုင်အဆိုင်ဖြစ်ကြတာပေါ့”
တောင်ကျောင်းကို ကိုးကွယ်သူများကလည်း တောင်ကျောင်းဆရာတော်က စာပို၍ တတ်သည်။ မြောက်ကျောင်းကို ကိုးကွယ်သူများကလည်း မြောက်ကျောင်းဆရာတော်က စာပို၍ တတ်သည်ဟု ပြိုင်ကာ စကားနိုင်လုကြသည်။
“ဘယ်ဘုန်းကြီး စာပိုတတ်သလဲဆိုတာ စာပြိုင်အရွတ်ခိုင်းကြမလား”
ရွာသားတစ်ဦးက အကြံပြုသည်။
“ဒီလိုတော့ မကောင်းဘူး။ ကျောင်းထိုင်တွေက တို့ပြောတိုင်း ပြိုင်ရွတ်ကြပါ့မလား”
“ဒါဆို ဘယ်လို ဘယ်လို ရှင်းကြမလဲ”
“တစ်နည်းတော့ရှိတယ်”
“ပြောပါဦး”
“တောင်ကျောင်းဆရာတော်မှာရော၊ မြောက်ကျောင်းဆရာတော်မှာရော ဦးသူတော်တစ်ယောက်စီ ရှိတယ်။ ဘုန်းကြီးတွေက ကိုယ့်ဦးသူတော်ကို ကိုယ်စာသင်ထားကြမှာပဲ။ ဦးသူတော်နှစ်ဦးကို ပြိုင်ခိုင်းရင် ဘုန်းကြီးချင်း ပြိုင်ခိုင်းတာနဲ့ အတူတူဖြစ်မှာပဲ”
“ဒီအကြံဟာ အနီးစပ်ဆုံးပဲ”
သို့နှင့် ရွာသူရွာသားများက တောင်ကျောင်းဦးသူတော်နှင့် မြောက်ကျောင်းဦးသူတော်တို့ စာပြိုင်ပွဲဖြစ်မြောက်အောင် စည်းရှုံးကြသည်။ မြှောက်ပင့်ပေးကြသည် ဦးသူတော်နှစ်ဦးသည်လည်း ရွာသားများအလိုကျ စာပြိုင်ရန် လက်ခံကြသည်။
ဦးသူတော်နှစ်ဦး စာပြိုင်ရန်အတွက် ရွာလယ်ဇရပ်ကြီးတွင် ချိန်းဆိုလိုက်ကြသည်။ ဦးသူတော်တို့အပ်ြင စိတ်ဝင်စားသော ရွာသူရွာသားတို့လည်း စုဝေးရောက်ရှိနေကြသည်။
“ကဲ- စာတတ်တယ်ဆိုရင် ကျုပ်မေးတဲ့ပါဠိကို မြန်မာလို အနက်ပြန်ရမယ်နော်။ ကဲ- မေးတော့မယ်။”
တောင်ကျောင်း ဦးသူတော်က မြောက်ကျောင်းဦးသူတော်ကို ပြောသည်။
“မေးစမ်းပါဗျာ။ ကျုပ်ဖြေပါ့မယ်”
မြောက်ကျောင်းဦးသူတော်က ပြန်ပြောသည်။
“ဒါဆို စိန္တိတံကို အနက်ပြန်စမ်းပါ”
မခံချင်၍သာ မေးစမ်းပါဗျာ ဟု ပြောလိုက်ရသည်။ စင်စစ် မြောက်ကျောင်းဦးသူတော်သည် စာမတတ်လှ။ ထို့ကြောင့် ချက်ချင်းမဖြေနိုင်။ စိန္တိတံ- ဆိုသည့် စကားကို ကြားဖူးသည်။ သို့သော် အဓိပ္ပါယ် တိတိကျကျ မသိ။ စဉ်းစားနေသည်။ ထိုအခါ တောင်ကျောင်း ဦးသူတော်က စိတ်မရှည်သဖြင့် မြန်မြန်ဖြေရန် တိုက်တွန်းသည်။
“ဘယ်လိုလဲ မြောက်ကျောင်းဦးသူတော်၊ ဖြေမှာဖြင့်လဲ မြန်မြန်ဖြေဗျာ။ ကျုပ်မှာ နောက်တစ်ခုမေးဖို့ ပုစ္ဆိဆိုတာ ရှိသေးတယ်။”
“တောင်ကျောင်းဦးသူတော်ကလဲ ဘယ်လိုဖြစ်နေတာလဲ။ စိန္တိတံ- ဆိုတာ ကြံစည်တုန်း ရှိသေးတယ်။ ပုစ္ဆိ ဆိုတာ မေးပြန်ပြီ”
“ဟာ”
တောင်ကျောင်းဦးသူတော်က မြောက်ကျောင်း၏ ဦးသူတော်ကို အထင်ကြီးသွားသည်။ မြောက်ကျောင်းဦးသူတော်ပြောလိုက်သော စကားများက အဖြေမှန် ဖြစ်နေသည်။
“မြောက်ကျောင်းဦးသူတော်က စာတတ်ပါပေတယ်”
အားလုံးကပင် ချီးကျူးစကားဆိုကြသည်။
“ဒီပုံပြင်လိုပါပဲ ဒကာတော်ရေမြေ့ရှင်၊ သီလရှင် မယ်ကင်းကိစ္စ ဘုန်းကြီးက ကြံစည်တုန်းရှိသေး၊ အခုတော့ ရေမြေ့ရှင်က ပုစ္ဆိ မေးပြန်ပြီ”
ဗန်းမော်ဆရာတော်၏ ပုံပြင်ဆုံးလျှင် မင်းတုန်းမင်းတရားကြီးနှင့် ပရိသတ်အပေါင်းတို့ ရယ်မောကြသည်။ မင်းတရားကြီးလည်း မဟာဒါန်ဝန်ကို သီလရှင်မယ်ကင်းထံ စေလွှတ်ကာ ရှင်းလင်းပြောကြားစေသည်။
သီလရှင်မယ်ကင်းလည်း နားလည်သဘောပေါက်ကာ ကျေနပ်သည်။
** နေဘုန်းဝေ **
(စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ)
**(စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ)**

No comments:
Post a Comment