လပြည့်လကွယ်၊ ရှစ်ရက် သီတင်းဥပုသ်နေ့တွင် မြင်းဝန်ကျောင်းတိုက်ရှိ ဦးပဉ္စင်းများသည် သင့်မြတ်ရာ ဦးပဉ္စင်းတို့ ချင်းဆုံကြပြီး ဥပုသ်ပြုလေ့ရှိပါသည်။ တစ်ခုသော ဥပုသ်နေ့တွင် ဦးပဏ္ဍိတသည် ဥပုသ်ပြုရန် ရောက်ရှိမလာချေ။ အပေါင်းအသင်း ဦးပဉ္စင်းတို့က သာမဏေတစ်ပါးကို လွှတ်၍ အပင့်ခိုင်းသည်။
ဦးပဏ္ဍိတမှာ ပေါင်ခြံမှာ ပွေးစွဲ၍ နေသည်။ ပွေးက ယားလိုက်၊ ကုတ်လိုက်၊ လက်သည်း ဆိပ်တက်လိုက်၊ ပွေးတွေ ပွားလိုက်၊ ယားလိုက်၊ ကုတ်လိုက်နှင့် ဦးပဏ္ဍိတခမျာ မထိုင်သာ မလျောင်းသာ ဗျာများသောကပွား၍ နေသည်။ အပေါင်းပါဦးပဉ္စင်းများ စေလွှတ်လိုက်သော သာမဏေကလေး ဦးပဏ္ဍိတအပါးသို့ ရောက်လာသည်။
`ဥပုသ်ပြုရန် ကြွရောက်ဖို့ ပင့်ဖိတ်လိုက်ကြောင်းပါ ဘုရား´ ကိုရင်ငယ်က လျှောက်ထားသည်။
`ဦးပဏ္ဍိတမှာ ပွေးရောဂါကြောင့် လိုက်နိုင်မည့် အခြေအနေမရှိ။
`နေဦးကွယ့်၊ စာတစ်စောင်ရေးပေးလိုက်မယ်´
ဦးပဏ္ဍိတသည် ပေတစ်ချပ် ယူသည်။ ကညစ်ကိုင်ကာ အချိုးကဗျာတစ်ပုဒ် ချက်ချင်းဖွဲ့သည်။
`ဒီစာ… ငါ့ရှင် ဦးပဉ္စင်းကို ပေးလိုက်ကွယ့်´
ရှင်သာမဏေငယ်လည်း ဦးပဏ္ဍိတပေးလိုက်သော ပေစာကို သူ့ဆရာ ဦးပဉ္စင်းအား ကပ်သည်။ ဦးပဉ္စင်းက စာကို အားလုံးကြားအောင် ဖတ်၍ ပြသည်။
`အတွင်းယားလိုက်ပါဘိ
ဖင်ကြားက ပွေးကွက်တွေ
စုံကုတ်ကာ ထိုင်လို့ညည်းမိတော့
တည်းမှမပြေ။
စိတ်တလေ သေပါဟဲ့ လရှီး။
ပဏ္ဍိတမှာ ပွေးတွေစွဲလိုက်တာ
လဲသေလုနီး…။ ။
ဥပုသ်ပြုရန် စောင့်နေကြသည့် ဦးပဉ္စင်းအားလုံးပင် ၀ါးခနဲ ရယ်လိုက်ကြသည်။
ဦးပဏ္ဍိတ၏ ရုတ်ခြည်းဥာဏ်သည်လည်းကောင်း၊ ပွင့်လင်းရိုးရှင်းသည့် စရိုက်သည်လည်ကောင်း၊ အံ့ဖွယ်ကောင်းလောက်ပေသည်။
*** နေဘုန်းဝေ ***
(စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ)
**(စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ)**

No comments:
Post a Comment