မြန်မာ့ တပ်မတော်ဟာ ပြည်သူလူထု အသက်အိုးအိမ် စည်းစိမ်တွေကို ကာကွယ် စောင့်ရှောက်ဘို့ တည်ထောင်ထားတဲ့ တပ်မတော် ဖြစ်တယ်၊ ပါတီနိုင်ငံရေး၊ အာဏာရရေး မလုပ်ဘူး၊ အမျိုးသား နိုင်ငံရေးဘဲ လုပ်တဲ့ မျိုးချစ် တပ်မတော် ဖြစ်တယ်၊ နိုင်ငံရေး ပါတီမထောင်ဘူး၊ နိုင်ငံရေးနဲ့ မပတ်သက်ဘူး ဆိုတဲ့ တပ်မတော်ရဲ့ ထွန်းပြောင်တဲ့ ဂုဏ်ထူး ဂုဏ်ပုဒ်တွေကို တပ်မတော် အစိုးရ အဆက်ဆက် နားလျှံအောင် ကြားနာ မှတ်သားခဲ့ကြပါတယ်။
အခုတော့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တဖက်လှည့်နဲ့ ဥပဒေကို ချိုးဖောက်ပြီး ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကို တည်ထောင် လိုက်တာ အားလုံး တွေ့ကြတဲ့ အတိုင်းပါဘဲ။ နှစ်ပေါင်းများစွာ အများ ပြည်သူပိုင်၊ နိုင်ငံပိုင် ဘဏ္ဍာ ငွေကြေးတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ အသုံးပြုပြီး အမျိုးသားရေး လုပ်နေတဲ့ လူမှုရေး အသင်းကြီးကို သူ့ကျောထောက် နောက်ခံ နိုင်ငံရေးပါတီ အဖြစ် သိမ်းပိုက် လိုက်ပါတယ်။ လက်ရှိ နအဖ တပ်မတော် အစိုးရ ၀န်ကြီးချုပ် ခေါင်းဆောင်ပြီး အစိုးရအဖွဲဝင် ၀န်ကြီးများ၊ တပ်မတော်ထိပ်တန်း စစ်ဗိုလ်ကြီးများ၊ ဌာန အကြီးအကဲများနှင့် တပည့် တပန်း အရာရှိကြီးများက ၂၀၁၀ ရွေးကောက်ပွဲမှာ ပါတီရဲ့ ကိုယ်စားလှယ်လောင်း အဖြစ် ၀င်ရောက် အရွေးခံကြမယ်၊ ပါတီနိုင်ငံရေး ၀င်လုပ်ကြတော့မယ်လို့ ကြေညာ လိုက်ပါတယ်။
အရင်က တပ်မတော် အစိုးရဟာ ဒီမိုကရေစီကို ဖေါ်ဆောင် ပေးမယ်လို့ ပြောထားတဲ့ အတိုင်း ၂၀၀၈ အခြေခံဥပဒေ အရ လွှတ်တော်ထဲမှာ အမတ်နေရာ ၂၅% ယူထားပြီး အရပ်သားတွေကို ၇၅% နေရာပေးလိမ့်မယ်၊ တပ်မတော်က အရေးကြီးတဲ့ ၀န်ကြီးနေရာ ၆ နေရာလောက် ကိုင်ထားပြီး လက်ရှိ အရပ်သား ဖြစ်နေသူ ၀န်ကြီးတွေ လောက်ဘဲ နိုင်ငံရေး ပါတီထောင်ပြီး ရွေးကောက်ပွဲ ၀င်လိမ့်မယ်၊ ကျန်ဝန်ကြီး ဌာနတွေမှာ အရပ်သားတွေ တာဝန်ယူ ကြရလိမ့်မယ်၊ ၂၀၁၀နောက်ပိုင်း ၇၅%သော အရပ်သား နိုင်ငံရေး သမားတွေ လွှတ်တော်ထဲမှာ လုပ်ကြ ကိုင်ကြနဲ့ မြိုင်မြိုင် ဆိုင်ဆိုင် ကြည့်ကောင်း လိမ့်မယ် ထင်ထားခဲ့ပါတယ်။ ခုဒီလို မဟုတ်ပါဘူး၊ ရွေးကောက်ပွဲက လုပ်စရာတောင် မလိုတော့ပါဘူး။
ရွေးကောက်ပွဲကို ၀င်ပြိုင်ကြဘို့ ဆော်သြနေသူများက ၂၀၁၀ ရွေးကောက်ပွဲဟာ တပ်မတော်က နိုင်ငံရေးကနေ တပ်မှူးကောင်း တစ်ယောက်လို “စနစ်တကျ နောက်ဆုတ် ပေးတာ” တဲ့၊ မျက်နှာများ ရမလားလို့ စစ်ပရိယာယ်တွေ မတတ် တတတ်နဲ့ ရွတ်ပြခဲ့ကြ ပါသေးတယ်။ အခုလို နအဖတွေ အုံနဲ့ကျင်းနဲ့ စစ်တပ်က ထွက်ပြီး သူတို့ဘယ်တော့မှ မလုပ်ဘူးလို့ အမြဲနှိမ့်ချပြောခဲ့တဲ့ ပါတီနိုင်ငံရေးထဲ ခတ်ပြောင်ပြောင် ၀င်ပါကြလိမ့်မယ် လို့မထင်ခဲ့ပါဘူး၊ ခေတ်အဆက်ဆက် တပ်မတော်က လက်နဲ့ရေးခဲ့တဲ့ ဂုဏ်ထူး ဂုဏ်ပုဒ်တွေကို ခြေနဲ့ ဖျက်ကြလိမ့်မယ်လို့ မထင်ထားခဲ့ ပါဘူးဗျာ။
ခုတော့ မြန်မာ့တပ်မတော် ထိပ်ပိုင်း ခေါင်းဆောင်ကြီးတွေဟာ သုံးရက်အတွင်း စစ်ရာထူးတွေကိုစွန့် စစ်ဝတ်စုံတွေကို မျက်လှည့်ပြသလို အမြန်ချွတ်ခွာပြီး ပါတီနိုင်ငံရေး ရထားကြီးပေါ်ကို ရှေ့ဆုံးက ဒိုင်ဗင်ထိုး ခုန်တက်သွားခဲ့ကြပါပြီ်။ ထိပ်တန်း ဗိုလ်ချုပ်ကြီးတွေ ကိုယ်တိုင် ဆယ့်ကိုးနှစ်သား ဒုဗိုလ် ဘ၀ကထဲက အမိအဖလို သံယောဇဉ် တွယ်လာတဲ့ တပ်မတော်ကို ဒီလို လွယ်လွယ် ကူကူ စွန့်ခွာပြီး ပါတီနိုင်ငံရေး သမားဘ၀ကို တပြုံတမကြီး ကူးပြောင်း ခံယူကြတယ် ဆိုတော့ မကောင်းဘဲတော့ မလုပ်ပါဘူး။ ကောင်းလို့နေမှာပါ။ ဘယ်အချိန်၊ ဘယ်ကာလကထဲက တနေ့ဒီလို လုပ်ကြမယ်လို့ ကြိတ်ကြံစည်ထားလဲ တော့ ကာယကံရှင်တွေ မေးကြည့်မှ သိမှာဘဲ။
သူတို့ ကြံ့ဖွတ်ပါတီကို လူမ၀င်မှာ၊ ၀င်အရွေးခံမဲ့ အမတ်လောင်း နေရာ မပြည့်မှာမပူပါနဲ့၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်တိုင် ထောင်တဲ့ပါတီ၊ စေတလုံးပိုင်ရှင် လက်ရှိ အာဏာရ နအဖ တပ်မတော်အစိုးရ ထိပ်သီး ခေါင်းဆောင်ကြီးတွေ ၀င်ပြိုင်မဲ့ပါတီ၊ လက်ဝေခံ သန်းကြွယ် သူဌေးကြီးတွေ၊ နိုင်ငံပိုင် မီဒီယာတွေ၊ ကြံ့ခိုင်ရေး ရံပုံငွေတွေနဲ့ အဘက်ဘက်က အသာစီးယူ ထားတဲ့ပါတီ။ ကိုယ်တိုင် စိတ်ကြိုက် အခြေခံဥပဒေဆွဲ၊ ကိုယ်တိုင် ရွေးကောက်ပွဲလုပ် ကိုယ်တိုင် ၀င်ပြိုင်၊ ကိုယ်တိုင် မဲရေတွက်မှာ ဆိုတော့ မြေကြီး လက်ခတ်မလွဲ အာဏာရမဲ့ မျက်နှာကြီး ပါတီကြီးမို့ အမတ်လောင်းလုပ် ရွေးကောက်ပွဲ ၀င်ချင်သူတွေ ကြိတ်ကြိတ် တိုးနေမှာပါ။ မဲဆန္ဒနယ် အနဲဆုံး ၉၅% မှ မနိုင်ရင် နအဖ ညံ့လို့ဘဲ။ အပြင်လူ လွှတ်တော်ထဲ ရောက်ဖို့ မပြောနဲ့ သူတို့လူစု တပည့်တပန်းတွေနဲ့ ရှိတဲ့ အမတ်လောင်း နေရာ ၅၀၀-၆၀၀ လောက်မှာတောင် မဟုတ်ပါဘူး လို့ ဆိုကြပါတယ်။
ဒီကြေညာချက်ဟာ ၂၀၀၈အခြေခံဥပဒေဟာ နအဖ သက်ဆိုးရှည်အောင်၊ မြန်မာနိုင်ငံ ဒီမိုကရေစီ စနစ်နဲ့ ဝေးသထက် ဝေးအောင်၊ မတရား ရေးဆွဲထားတာမှန်တယ်။ ဒါပေမဲ့ ဒေါ်စုအပါအ၀င် အတိုက်အခံ နိုင်ငံရေးသမားတွေ ညံ့လို့ ရွေးစရာလမ်း မရှိဘဲ ၂၀၁၀ ရွေးကောက်ပွဲကို လက်ခံ နအဖနဲ့ ပူးပေါင်း ပါဝင်ကြမယ်။ ဘာမှ မရတာနဲ့စာရင် ၇၅% ဒီမိုကရေစီ ရပါပြီဆိုပြီး ပါတီမှတ်ပုံတင် စားရိတ်ကို အိမ်ပေါင် ယာပေါင်ရှာနေတဲ့ အမတ်လောင်း ကိုကိုကြီးတွေ၊ ညီအစ်ကို သုံးယောက်နဲ့ သားအဖ နှစ်ယောက် စုပေါင်း ပါတီဝင် အင်အား ငါးယောက်နဲ့ ပါတီမူဝါဒကို မိတ္တူ အကြွေးကူးပြီး ပါတီထောင်တမ်း ကစားချင်တဲ့ ကိုကိုလေးတွေ၊ မိဘဆင်ထားတဲ့ လက်ဝတ် လက်စားလေး ချွတ်ရောင်းနေတဲ့ မမကြီး မမလေးတွေ၊ ခေါင်းအေးအေးနဲ့ ခဏလောက် ထိုင်ပြီး စဉ်းစားကြည့်ကြပါ၊ ၂၀၁၀မှာ ၀င်အရွေးခံတာဟာ ဘာအဓိပါယ် ရှိသလဲ၊ နအဖက “ဘာတပ်ဆုတ်တာမှ မဟုတ်ဘူး စိတ်ကူးယဉ် မနေနဲ့ မင်းတို့ အရပ်သားတွေ အတွက် ဘာစပေ့ တစ်နေရာမှ မရှိဘူး” လို့ ခတ်ပြတ်ပြတ် ပြောချလိုက် တာပါဘဲ။ “အထဲမှာ ရုံပြည့်နေပြီ ဟောက်စဖူး” ပါ ဆရာတို့။
ဒီအတိုင်းတော့ တစညလို ပါတီတောင် လွှတ်တော် အမတ်တစ်နေရာ ရဘို့ မလွယ်တော့ပါဘူး။ တခြားမျက်နှာမွဲ အရပ်သား ပါတီလေးတွေ အတွက် ၂၀၁၀ လွှတ်တော်ထဲမှာ နေရာ လုံးဝမရှိပါဘူး ခင်ဗျာ။ မှန်းလို့ ရလောက်ပါပြီ။ ခုမှ ဆရာလေးတို့ ပြောပြောနေတဲ့ zero sum game အစစ်ပါဘဲ။ ပြည်သူတွေကို တဘက်သတ် အနစ်နာခံခိုင်းပြီး ပြည်သူတွေ စားရိတ်နဲ့ ၂၀၁၀ နိုင်ငံရေးစင်မြင့်ပေါ် တက်ချင်သူတွေ မြှောက်ပေးတိုင်း အဟုတ်မှတ် မ`က´ကြပါနဲ့။
နအဖ က သူတို့ထုတ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေတွေဟာ ဒေါ်အောင်ဆန်းစုကြည် နဲ့ ရာဖ၀တ်သားတွေ ရွေးကောက်ပွဲဝင်လို့ မရပေမဲ့ မြန်မာ့ ရေမြေသဘာဝနဲ့ ကိုက်ညီအောင် ရေးဆွဲထားတဲ့ ဥပဒေတွေ ဖြစ်ပါတယ်၊ ဒီမိုကရေစီ နည်းလမ်းတကျ အများအတွက် ရွေးကောက်ပွဲပါ၊ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက် တစ်ပါတီ မပါရအောင် လုပ်တဲ့ ရွေးကောက်ပွဲ မဟုတ်ရပါဘူးလို့ ဘယ်လိုဘဲ အကြောက်အကန် ငြင်းဆန်နေပေမဲ့ ဒေါ်အောင်ဆန်းစုကြည် ဆိုတာ မြန်မာ ပြည်သူလူထု ထောက်ခံမှု အများဆုံးရနေတဲ့ NLD အတိုက်အခံပါတီရဲ့ ခေါင်းဆောင် ဖြစ်ပြီး နအဖအစိုးရ ဘယ်လိုမှ ယှဉ်အရွေးမခံရဲတဲ့ အကြောက်ဆုံး ပုဂ္ဂိုလ်၊ ရာဇ၀တ်မှုတွေနဲ့ မတရား စွပ်စွဲ ထောင်ချခံ နေရသူတွေက “နအဖ ကြောက်ကောင်” ဒီမိုကရေစီ တောင်းဆို လှုပ်ရှားသူတွေ ဖြစ်တယ် ဆိုတာ တိုက်ဆိုင်မှု မဟုတ်မှန်း နိုင်ငံတကာက သိနေတာဘဲ။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ရာထူးမထွက်ဘဲ မရိုးမသား ကိုယ်ပိုင်ပါတီထောင်တယ်။ လူထုထောက်ခံမှု အများဆုံးရနေတဲ့ အတိုက်အခံ ခေါင်းဆောင်နဲ့ ပါတီကြီးကိုလဲ မပါရအောင် လုပ်ထားတယ်၊ နိုင်ငံရေး အကျဉ်းသားတွေ ၂၀၀၀လောက် ထောင်ထဲ ထည့်ထားတယ်၊ ပြည်သူပိုင် လူမှုရေး အသင်းရဲ့ငွေတွေ အဆောက်အဦးတွေ အခွင့်အရေးတွေ ယူပြီး ဖြတ်လမ်း နည်းနဲ့ ရွေးကောက်ပွဲ ၀င်ပြိုင်တယ်။ ဒီလို လူမျိုးလုပ်တဲ့ ရွေးကောက်ပွဲ ဘယ်သူက အယုံအကြည် ရှိမှာလဲ။ ပြည်သူတွေက ဘာဖီလင်မှ မရှိဘဲ တည့်တည့် ကြည့်တော့ အမြင်ရှင်း ပါတယ်။ အရပ်သားနှံပြီစုပ် ပါတီလေးတွေက တပ်မတော် ဦးစီးချုပ်ပါတီကို ဘာနဲ့ဘယ်လို သွားပြိုင်ကြမလို့လဲ၊ ၂၀၁၀ ရွေးကောက်ပွဲ မြန်မာ ပြည်သူတွေ စိတ်မ၀င် စားတာ မဆန်းပါဘူး။ နိုင်ငံတကာက အသိအမှတ် မပြုပါဘူး ပြောထားတာလဲ စကား ကုန်နေပြီ၊ ဒီ့ထက် ရှင်းအောင် ပြောစရာ စကားလဲ မရှိတော့ဘူး။
လွှတ်တော်ထဲမှာ အမတ်ဖြစ်၊ ပေါ်လစ်တီကယ် စပေ့ရမှ တိုင်းပြည်အတွက် ဘာတွေ ပြောလိုက်မယ်၊ ဘာတွေ တောင်းဆို ပေးလိုက်မယ်လို့ မလယ်မ၀ယ် ဖီလင်တက် စိတ်ကူးယဉ်နေသူ တစ်ယောက် နှစ်ယောက် ရောက်သွားလဲ ဘာမှမထူး ပါဘူး။ ၁၉၇၃ မဆလ လွှတ်တော် အကြောင်းနဲ့ ၁၉၉၃ အမျိုးသား ညီလာခံမှာ NLD တွေ ကိုယ်စားလှယ် ဦးရေ ၁၀% (၉၀၀ကျော်မှာ ၈၀ကျော်) ရှိတာကိုတောင် ဘာသံမှ ထွက်လို့ မရအောင် လုပ်ခဲ့တဲ့ နည်းလမ်းတွေ နအဖမှာ အများကြီး ရှိပါတယ်။ ပြန်ဖတ် ကြည့်ကြပါ။ စာရှည်မှာ စိုးလို့ မရေးတော့ပါဘူး။
၁၉၈၈မှာ အမျိုးသားရေး လိုအပ်ချက် အရ နိုင်ငံတော် အာဏာကို မလွဲမရှောင်သာ ထိန်းသိမ်း လိုက်ရတဲ့ အမျိုးသား နိုင်ငံရေးသမား ဆိုသူတွေရဲ့ အန္တိမ ရည်မှန်းချက်ဟာ ဘာလဲ၊ ပြည်သူတွေရဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်း ပေးဘို့လား၊ ကျောင်းသားတွေ ပြည်သူတွေက မကြောက်မရွံ့ လမ်းပေါ်ထွက် ဆန္ဒပြ ဖြုတ်ချလိုက်တဲ့ တစ်ပါတီစနစ် ပြုတ်အကျမှာ အာဏာကို ဖြတ်လမ်းက အချောင်ဝင် အုပ်တာလား၊ ပွဲလန့်တုန်းဖျာ ၀င်ခင်းတာလား၊ ဘယ်သူက အမျိုးသားနိုင်ငံရေး သမားလဲ၊ ဘယ်သူက အကျင့်ပျက် ၀န်ထမ်းလဲ၊ ဘယ်သူက တိုင်းပြည်အတွက် အနစ်နာခံ နေလဲ၊ ဘယ်သူဟာ အယောင် ဆောင် အချောင်သမားလဲ ဆိုတာတွေ ပေါ်ကုန်ပါပြီ၊ . . . လဲတွေ လားတွေ မေးခွန်းတွေ မရှိတော့ပါဘူး။ မြန်မာ့ တပ်မတော် မျက်နှာပျက် နာမည် ပျက်ရတာနဲ့ မတန်ပါဘူးဗျာ။
စေတနာဖြင့်၊
ကိုဂျူး
**(ကိုဂျူး)**

No comments:
Post a Comment