ကိုရင်ပဏ္ဍိတသည် အသက် (၂၀)ပြည့်ပြီး လေပြီ။ သို့သော် ပဉ္စင်းခံပေးမည့် ဒကာဒကာမ မရှိ။ ကိုရင်ကြီး ဘ၀ဖြင့်သာ နေရသည်။ စာပြန်ပွဲပြီးသည့် နောက်ပိုင်းတွင် ရှင်ပဏ္ဍိတ စာပြန်ပုံကို အကြောင်းသင့်တိုင်း ချီးကျူး ပြောဆိုနေကြလေသည်။
နေပြည်တော်စာပြန်ပွဲသမိုင်းတစ်လျှောက် ရှင်ပဏ္ဍိတကဲ့သို့ စာဖြေနိုင်သူတစ်ဦးတစ်ယောက်မျှ မပေါ်ဖူးသေး ဟု ဆိုကြသည်။ “ပညာရဲရင့် ပွဲလယ်တင့်”ဟူသော စကားသည် ရှင်ပဏ္ဍိတလို ပုဂိုလ်မျိုးကို ခေါ်ဆိုသုံးနှုန်းခြင်း ဟုလည်း ပြောကြသည်။ “အစကတည်းက ပဏ္ဍိတလို ကျက်ထားပါလား”ဟူသော စကားသည်လည်း တွင်ကျန် ရစ်သည်။

တစ်နေ့သော် မင်းတုန်းမင်းတရားကြီးနှင့် မိဖုရားခေါင်ကြီးတို့က ရွှေနန်းတော်သို့ ကြွရောက်ရန် ရှင်ပဏ္ဍိတကို ပင့်ဖိတ်သည်။
“ကိုရင်ကြီး သက်တော် ဘယ်လောက်ရှိပြီလဲ” မိဖုရားခေါင်ကြီးက မေးသည်။
“အသက် နှစ်ဆယ်ကျော်ပါပြီ”
“ရဟန်းဘောင်သို့တက်လိုတဲ့ ဆန္ဒများကောရှိရဲ့လား”
“ရှိပါပြီကော၊ ရဟန်းခံပေးမယ့် ဒကာ မရှိလို့ ကိုရင်ကြီးဘ၀နဲ့ နေရတာပ” ရှင်ပဏ္ဍိတက ပွင့်လင်းရိုးရှင်းစွာပင် ဖြေသည်။
“ဒီလိုဆိုရင် တပည့်တော်မကပဲ ပဉ္စင်းအမအဖြစ် တာဝန်ယူပါရစေဘုရား”
“သာဓု သာဓု သာဓု… ဗျာ” ရှင်ပဏ္ဍိတက ကျေနပ်စွာ သာဓုခေါ်သည်။
မိဖုရားခေါင်ကြီး၏ ကောင်းမှုကြောင့် ကိုရင်ကြီး ရှင်ပဏ္ဍိတသည် ဦးပဉ္စင်း ဦးပဏ္ဍိတအဖြစ်သို့ ရောက်သည်။ ရွှေနန်းတော်တွင်းသို့လည်း တံခါးမရှိ ဓားမရှိ ၀င်ထွက်ခွင့် ရှိလေသည်။
မှတ်ချက်။ ။ ရဟန်းအဖြစ် ခံယူလိုသောသူသည် ဖြစ်စွာ ဘုရား၏ ပညတ်တော်မူချက်အရ အင်္ဂါငါးပါးနှင့် ပြည့်စုံရသည်။
၁။ ၀တ္ထုသမ္ပတ္တိ = ရဟန်းလောင်းဟူသော ၀တ္ထု၏ ပြည့်စုံခြင်း၊ ရဟန်းလောင်းသည် ရှေးက ပါရာဇိက အာပတ်မသင့်ဖူးသူ၊ ပဏ္ဍုက်တစ်ဆင့်တစ်မျိုးမှလွတ်၊ အသက် နှစ်ဆယ်တင်းတင်းပြည့်သူ ဖြစ်ရသည်။
၂။ ဥတ္တိသမ္ပတ္တိ = ဥတိ၏ ပြည့်စုံခြင်း၊ ကမ္မ၀ါစာမရွတ်ဖတ်မီ သံဃာတော်များအား ကြိုတင်သိစေရသဖြင့် ဥတ်ဟုခေါ်သော ပါဠိတော်များကို ရွတ်ဖတ်ရာတွင် အပြစ် ငါးမျိုးမှ ကင်းရှင်းရသည်။
၃။ သီမာသမ္ပသတ္တိ။ သိမ်၏ ပြည့်စုံခြင်း၊ ရဟန်းခံသော သိမ်သည် သိမ်ပျက် ၁၁-မျိုးမှ လွတ်၍ အောင်မြင်စွာ သမုတ်ထားသော သိမ်ဖြစ်ရသည်။
၎။ အနုဿာဝနာသမ္ပတ္တိ = ကမ္မ၀ါစာ၏ ပြည့်စုံခြင်း၊ ကမ္မ၀ါစာရွတ်ဖတ်ကြရာတွင် အပြစ်ငါးမျိုးမှ ကင်းလွတ်ရသည်။
၅။ ပရိသသမ္မတ္တိ = ပရိသတ်၏ ပြည့်စုံခြင်း၊ ရဟန်းပြုပေးသော သံဃာပရိသတ်သည် ရဟန်းစစ်စစ် အနည်းဆုံး ငါးပါးမရှိခြင်းစသော အပြစ်သုံးမျိုးမှ ကင်းလွတ်ရသည်။
ပဉ္စင်းဟူသော ဝေါဟာရနှင့် ပတ်သက်၍လည်း အယူအဆအမျိုးမျိုး ရှိသည်။ အချုပ်အားဖြင့်-
(က) အင်္ဂါငါးပါးပြည့်စုံသူ (ပဉ္စဂံ - ပဉ္စင် - ပဉ္စင်း)
(ခ) သူတော်သူမြတ်ပြုသူ (ပန်စင် = ပန်စင်း = ပဉ္စင်း)
(ဂ) မြတ်သော အဖြစ်ရောက်သူ ပြည့်စုံသူ (ဥပသမ္ပန္န = ဥပသမ်း = ဦးပစမ်း = ဦးပဉ္စင်း)တို့ ဖြစ်ပါသည်။
ဤအယူအဆ သုံးမျိုးတွင် ရွှေဥမင်ဆရာတော်ဘုရားကြီး၏ “ပဉ္စင်္ဂ”ဟူသော ပါဠိပု၌မှ ဆင်းသက်လာသည်ဟု အယူအဆကို ပညာရှင်အဆက်ဆက်တို့က အသင့်မြတ်ဆုံးဟု ယူဆ လက်ခံပါသည်။
တစ်ခုသော နံနက်ခင်းတွင် ဦးပဉ္စင်း ဦးပဏ္ဍိတသည် နန်းတော်သို့ ကြွလာသည်။ ထိုစဉ် နန်းရင်ပြင်၌ မင်းမှုထမ်းတို့က ဆွမ်းပွဲများ ပြင်ဆင်နေကြသည်။
“ဒကာကြီး၊ ဒါတွေက ဘာလုပ်နေတာလဲ” မင်းချင်းတစ်ယောက်အား ဦးပဏ္ဍိတက မေးသည်။
“သံဃာတော်များကို ဆွမ်းကပ်မလို့ပါ ဘုရား”
ဦးပဉ္စင်းဖြစ်သော ဦးပဏ္ဍိတကို မင်းချင်းက ချက်ချင်း ရိုသေစွာ အဖြေပေးသည်။
“သံဃာတော်များကို ဆွမ်းကပ်မလို့၊ ဟုတ်လား”
“မှန်လှကြောင်းပါ ဘုရား”
“ဒါဆို… ငါလဲ သံဃာတော်ပဲ၊ ငါ့ကို ဆွမ်းကပ်ပေတော့”
“တင်ပါ့ ဘုရား” မင်းချင်းလည်း ဦးပဏ္ဍိတကို ဆွမ်းကပ်သည်။
ဦးပဏ္ဍိတ၏ စရိုက်တော်ကား ထူးဆန်းသည်။ ဆွမ်းကို ကောင်းစွာ ဘုဉ်းပေးသည်မဟုတ်။ ဆွမ်းပွဲပျက်ရုံ ဘုဉ်းပေးသည်။ ဆွမ်းနှင့် ဆွမ်းဟင်း နယ်လိုက်၊ အနည်းငယ် ဘုဉ်းပေးလိုက်၊ နောက်တစ်ပွဲ ဆွမ်းနှင့် ဆွမ်းဟင်း နယ်လိုက်၊ အနည်းငယ် ဘုဉ်းပေးလိုက်နှင့် ဆွမ်းပွဲများ ပျက်ရုံ ဘုဉ်းပေးသည်။ ထို့နောက် နန်းမဆောင်မှ ပြန်၍ ကြွသွားတော်မူလေသည်။
ဦးပဏ္ဍိတ ပြန်ကြွသွားပြီးနောက် ပင့်သံဃာတော်များ ကြွတော်မူလာကြသည်။
ဆွမ်းပွဲပြင် မင်းချင်းတို့သည် အသော့အလျင် ဆွမ်းပွဲများကို သပ်ရပ်အောင်ပြန်၍ ပြင်ကြရသည်။ ကသုတ်ကရုတ် ပြင်ရသည်ဖြစ်၍ အချိုပွဲမှာ အချိန်မမီတော့၊ အထိုက်အလျောက်မျှသာ ပြင်၍ ကပ်ကြရသည်။ ပင့်သံဃာတော်များထဲတွင် သာသနာပိုင်ဆရာတော်ကြီး၏ ကျောင်းတိုက်မှ ဦးပဉ္စင်းတစ်ပါး ပါဝင်နေသည်။ ထိုပဉ္စင်းက သာသနာပိုင်ဆရာတော်ဘုရားကြီးအား အလုံးစုံပြန်လည်၍ လျှောက်ထားသည်။
မင်းချင်းတို့ကလည်း ဦးပဏ္ဍိတလုပ်ပုံကို မင်းတုန်းမင်းတရားကြီးအား လျှောက်ထားသည်။ သို့နှင့် မင်းတုန်းမင်းတရားကြီးကလည်း သာသနာပိုင်ဆရာတော်ကြီးအား လျှောက်ထားသည်။ တိုင်ကြားသည်။
သာသနာပိုင် ဆရာတော်ကြီးက ဦးပဏ္ဍိတအား ခေါ်ယူစစ်ဆေးတော်မူသည်။ ဦးပဏ္ဍိတကလည်း မကွယ်မထောက်၊ အပြစ်ထင်ရှားသည်။ ထို့ကြောင့် ဆရာတော်ကြီးက သံဒဏ် ၁၀-ခေါက် အပြစ်ပေးသည်။
ဦးပဏ္ဍိတ သဲဒဏ်ခံရသည်။ ဧကသီကို ချွတ်သည်။ သင်းပိုင်ကို တိုတိုဝတ်သည်။ ကုန်း၍ ကုန်း၍ သဲကိုကျုံးသည်။ တောင်းထဲသို့ ထည့်သည်။ ဦးပဏ္ဍိတ သင်းပိုင် ၀တ်ထားပုံမှာ တိုလွန်းသဖြင့် ကုန်း၍ သဲကျုံးတိုင်း အမြင်မတော်အောင်ဖြစ်နေလေသည်။ ထို့ကြောင့် သာသနာပိုင် ဆရာတော်ဘုရားကြီက -
“မောင်ပဉ္စင်းရဲ့ သင်းပိုင်က တိုလွန်းလှတယ်။ သဲကျုံးတာနဲ့ မတူလှပေဘူး” ဟူ၍ သတိပေးမိန့်တော်မူလေသည်။
ယင်းကို ဦးပဏ္ဍိတက-
“မှန်လှပါ ဆရာတော်ဘုရား၊ သင်းပိုင်ကို သဲပေမှာ စိုးလို့ပါဘုရား”ဟူ၍ ပြန်လည်လျှောက်ထားပြီး သဲကို ကျုံးမြဲတိုင်းကျုံး ၍ နေလေသည်။
ဆရာတော်ဘုရားမှာလည်း ဦးပဏ္ဍိတ၏ သဲဒဏ် ၁၀-ခေါက် မပြည့်မီပင် အပြစ်ပေးခြင်းမှ ခွင့်လွှတ်လိုက်ရသည်။
ဗန်းမော်ဆရာတော်လောင်း ဦးပဏ္ဍိတ၏ စိတ်ထား စရိုက်တော်ကား ထူးခြားလှပေသည်။
*** နေဘုန်းဝေ ***
(ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ)မှ ကူးယူဖော်ပြသည်။
(စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ)

No comments:
Post a Comment