(တီဟီရန်၊ ဇွန်လ ၂-ရက်)
အီရန်နိုင်ငံ အနောက်ပိုင်းဒေသရှိ ရေနံတွင်းတစ်တွင်း ပေါက်ကွဲပြီးနောက် အရှိန်ပြင်းစွာဖြင့် ၃-ရက်တိုင် မီးလောင်ကျွမ်းလျက်ရှိရာ မီးငြှိမ်းသတ်သည့်လုပ်ငန်း စတင်လုပ်ဆောင်နေကြပြီဖြစ်ကြောင်း အီရန်အရာရှိများက ဇွန်လ ၂-ရက်နေ့၌ ပြောကြားသည်။ အီရန်နိုင်ငံ အနောက်ပိုင်းရှိ ကာမန်ရှာပြည်နယ်မှ နက်ဖ်ရှာဟာရေနံတွင်းမှ ဓာတ်ငွေ့ယိုစိမ့်ပြီးနောက် စနေနေ့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အလုပ်သမား ၃-ဦးသေဆုံးပြီး၊ ၁၂-ဦးဒဏ်ရာရရှိခဲ့သည်။ (အင်တာနက်)
** ဂျပန်ဝန်ကြီးချုပ် ရာထူးမှနုတ်ထွက် ***
(တိုကျို၊ ဇွန်လ ၂-ရက်)
ဂျပန်ဝန်ကြီးချုပ် ယူကီအိုဟာတိုယာမမှာ ဂျပန်နိုင်ငံ၏ ၀န်ကြီးချုပ်တာဝန်ကို ရှစ်လမျှသာထမ်းဆောင်ပြီးနောက် ရာထူးမှနုတ်ထွက်ကြောင်း ဇွန်လ ၂-ရက်နေ့၌ ရုတ်တရက် ကြေညာလိုက်သည်။ ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းရှိ အမေရိကန်စစ်စခန်းကို ပြောင်းရွှေ့စေရမည်ဟု ရွေးကောက်ပွဲမဲဆွယ်စဉ်က ပေးခဲ့သည့်ကတိကို ချိုးဖောက်ခဲ့မိ၍ ယခုကဲ့သို့ ရာထူးမှထွက်ပေးခြင်းဖြစ်သည်။ ယူကီအိုဟာတိုယာမသည် လေးနှစ်အတွင်း ဂျပန်နိုင်ငံ၏ စတုတ္ထမြောက် ၀န်ကြီးချုပ်ဖြစ်သည်။ (အင်တာနက်)
***အီတလီ၌ အလုပ်လက်မဲ့နှုန်း မြင့်တက်နေ ***
အီတလီနိုင်ငံတွင် အလုပ်လက်မဲ့နှုန်းများ ဆက်လက်မြင့်တက်နေလျက်ရှိရာ ပြီးခဲ့သည့် ဧပြီလက အလုပ်လက်မဲ့နှုန်း ၈ ဒသမ ၉-ရာခိုင်နှုန်းအထိရှိခဲ့ကြောင်း ၂၀၀၁-ခုနှစ်မှ စတင်ကာ အမြင့်ဆုံးစံချိန်ပင်ဖြစ်ကြောင်း အီတလီအလုပ်သမားရေးရာ အရာရှိများက ဇွန်လ ၂-ရက်နေ့၌ ပြောကြားသည်။ (အင်တာနက်)
*** ကမ္ဘာ့ဈေးကွက်၌ ရွှေဈေးနှုန်းတန့်နေ ***
ကမ္ဘာ့ဈေးကွက်၌ ရွှေဈေးနှုန်းများ အတက်အကျမရှိဘဲ တန့်နေလျက်ရှိကြောင်း အမေရိကန်ဈေးကွက်၌ ဇွန်လ ၂-ရက်နေ့က ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၂၂၆ ဒသမ ၉-ဒေါ်လာဖြစ်ကြောင်း အမေရိကန်ရွှေလုပ်ငန်းရှင်များက ပြောကြားသည်။ (အင်တာနက်)
***တရုတ်နိုင်ငံ နေရာဒေသ ၂-ခု၌ ရေလွှမ်းမှုဖြစ်ပွား ***
တရုတ်နိုင်ငံ ကိုင်ကျို့ပြည်နယ်နှငသ့် ကွမ်စီကျွမ့်ဒေသတို့တွင် ဇွန်လ ၂-ရက်နေ့ နံနက်က မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းမှုကြောင့် ရေလွှမ်းမှုဖြစ်ပွားရာ ဒေသခံ ၁၁-ဦးသေဆုံးပြီး နေအိမ် ၅၂-လုံးပျက်စီးခဲ့ကြောင်း၊ ထို့အပြင် စိုက်ပျိုးမြေဟက်တာ ၄၀၀၀-ကျော်ပျက်စီးဆုံးရှုံးခဲ့ကြောင်း တရုတ်အရာရှိများက ပြောကြားသည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-မောင်ချစ်ကြည် ***
.*** ရေနံတွင်း ပေါက်ကွဲမှု အီရန်၌ ဖြစ်ပွား ***

No comments:
Post a Comment