ဘာမျှမဆန်းပါ။
“ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲမဝင်ရ” ဆိုပြီးအမည်တပ်ကာ တိုက်ရိုက်တားမြစ်ထားတဲ့ဥပဒေမှမရှိဘဲ။
ဒါပေမယ့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ/ အခန်း(၂)/ပုဒ်မ (၄)(င) မှာ ထောင်ဒဏ်ကျခံနေရသူမဟုတ်ခြင်း ဆိုပြီး နိုင်ငံရေးပါတီတည်ထောင်လိုသူများနှင့်ပတ်သက်ပြီး တားမြစ်ထားသည်။ ထောင်ဒဏ်ကျခံနေရသူ ဆိုတဲ့စကားရပ်ကိုလည်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ/ အခန်း(၁) အမည်နှင့်အဓိပ္ပါယ်ဖေါ်ပြချက်/ ပုဒ်မ (၂)/ (ဌ) တွင် ယခုလိုဖေါ်ပြထားသည်။
“ထောင်ဒဏ်ကျခံနေရသူ ဆိုသည်မှာ တရားရုံးတစ်ခုခု၏ စီရင်ချက်အရ ထောင်ဒဏ်ကျခံနေရသူကို ဆိုသည်။ ယင်းစကားရပ်တွင် တရားရုံး၏ ထောင်ဒဏ်စီရင်ချက်ကို မကျေနပ်၍ အယူခံမှုသို့မဟုတ် ပြင်ဆင်မှုလျှောက်ထားသော ထောင်ဒဏ်ကျခံနေရဆဲ ဖြစ်သူလည်းပါဝင်သည်”
ဒီအချက်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ပြီးရေးထားမှန်း (ပြည်တွင်း/ပြည်ပ) အားလုံးကသိပါသည်။
(နအဖ) စစ်အစိုးရ က ဒီအချက်နဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်တာမဟုတ်ပါဘူးဆိုပြီးဗြောင်ငြင်းဆိုလေ့ရှိပါသည်။ တရားဥပဒေချိုးဖောက်သူမည်သူ့မဆိုတားမြစ်တဲ့ပြဌာန်းချက်ပါ ဟု ဆင်ခြေကန်လေ့ရှိပါသည်။ ထောင်ဒဏ်ကျခံနေရခြင်းကလွတ်လာလျှင်ပါဝင်နိုင်သည်ဟုလည်းပြောပါသည်။ (နအဖ) နိုင်ငံခြားရေးဝန်ကြီးစကားသည် ယင်းထက်ပိုပြီးပြောလိမ့်မည်မဟုတ်ပါ။
ယခုလိုပင်စဉ်းစားကြည့်ပါ။ (မျှော်လင့်တာမဟုတ်ပါ/ ပြဿနာရှင်းလင်ကြည်လင်လာစေဖို့ အချက်အလက်တစ်အနေဖြင့် စဉ်းစားကြည့်တာပါ)
(နအဖ) စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခဲ့သော် ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ပွဲဝင်လိမ့်မည်မဟုတ်ပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မတ်လ (၂၉) ရက်ဆုံးဖြတ်ချက်ကိုချမှတ်ထားပြီးဖြစ်ပါသည်။ ယင်းဆုံးဖြတ်ချက်သည် ဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းထား၍ ဒီချုပ်ကထိုသို့ ဆုံးဖြတ်ခဲ့ကြခြင်းမဟုတ်ပါ။ ထို့အပြင် (နအဖ) စစ်အစိုးရက နိုင်ငံရေးအကျဉ်းသားများအားလုံးလွှတ်ပေးလည်း/ အခြေခံဥပဒေ (၂၀၀၈) ကို သုံးသပ်ပြုပြင်ခြင်းမရှိလျှင် ဒီချုပ်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ ရွေးကောက်ပွဲဝင်နိုင်စရာအကြောင်းမရှိပါ။ ဝင်လိမ့်မည်မဟုတ်။
ဟနွိုင်းအစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးဦးဉာဏ်ဝင်းသည် ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပမည့်နေ့ရက်ကိုတော့ မပြောနိုင်ဘဲ/ကော်မရှင်အလုပ်ပါဟု ထမင်းရေပူလာလျှာလွှဲပြောခဲ့သူပါ။
ဒီလိုလူကနေပြီး ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲဝင်ခွင့်ပြုမည်/ပြုမှာပါ စသဖြင့်ပြောဆိုနေတာကို သိပ်စိတ်ဝင်စားနေကြမယ်/အကြီးအကျယ်တွက်ချက်နေကြမယ်ဆိုရင်တော့ ------- ခွေးစကား ပုဏ္ဍားယုံ ဆိုတဲ့ ဇာတ်တော်လာစကားလိုဖြစ်လိမ့်မည်။
**တူမောင်ညို **
၂၃ ဇူလိုင်
နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း က “ဒေါ်အောင်ဆန်းစုကြည် ကို ရွေးကောက်ပွဲဝင်ခွင့်ပြုမှာပါ” လို့ ဗီယက်နမ်ကလာတဲ့သတင်းတွေမှာဖေါ်ပြပါတယ်လို့ ဒီဗွီဘီ သတင်းမှာ ဖတ်ရသည်။

No comments:
Post a Comment