(ဂျီနီဗာ၊ သြဂုတ်လ ၈-ရက်)
ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံးရေလွှမ်းမှုနှင့် ရင်ဆိုင်ရသည့် ပါကစ္စတန်ရေဘေးဒုက္ခကယ်ဆယ်ရေးတွင် အကူအညီပေးရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အထူးသံတမန်တစ်ဦးကို ပါကစ္စတန်နိုင်ငံသို့ စေလွှတ်လိုက်ကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သြဂုတ်လ ၇-ရက်နေ့တွင် ပြောကြားသည်။ (အင်တာနက်)
** အမေရိကန်၌ လေယာဉ်ငယ်တစ်စင်းပျက်ကျ **
အမေရိကန်နိုင်ငံ ပစ္စဘတ်မြို့အရှေ့မြောက်ပိုင်းတွင် သြဂုတ်လ ၈-ရက်နေ့က လေယာဉ်ငယ်တစ်စင်းပျက်ကျခဲ့ရာ လေယာဉ်ပေါ်ပါရှိသူ နှစ်ဦးသေဆုံးခဲ့ကြောင်း၊ လေယာဉ်မှာ မတော်တဆဖြစ်ရပ်ကြောင့် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်အရာရှိများက ပြောကြားသည်။ (အင်တာနက်)
** ချက်သမ္မတနိုင်ငံ မြောက်ပိုင်း၌ ရေလွှမ်း **
ချက်သမ္မတနိုင်ငံမြောက်ပိုင်း လီဘာရက်နှင့် ဒီစင်မြို့များတွင် သြဂုတ်လ ၈-ရက်နေ့ နံနက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေလွှမ်းမှုဖြစ်ပွားခဲ့ရာ ဒေသခံလေးဦးသေဆုံးပြီး ပြည်သူအများအပြား ရေဘေးဒုက္ခကြုံတွေ့နေရကြောင်း ကယ်ဆယ်ရေးအရာရှိများက သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** ဂျပန်ကမ်းလွန်၌ ငလျင်လှုပ် **
ဂျပန်နိုင်ငံ တိုကျိုမြို့မြောက်ဘက် မိုင် ၂၀၀-ခန့်အကွာ ကမ်းလွန်ပင်လယ်ပြင်ကို ဗဟိုပြု၍ သြဂုတ်လ ၈-ရက်နေ့က အင်အား ရစ်ခ်ျတာစကေး ၆ ဒသမ ၃-ရှိ အင်အားပြင်းငလျင်လှုပ်ခဲ့ကြောင်း၊ တိုကျိုမြို့၌ အဆောက်အအုံအချို့ယိမ်းထိုးလှုပ်ခါခဲ့ကြောင်း ပျက်စီးထိခိုက်မှုမရှိကြောင်း သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** ရုရှား ရေငုပ်သင်္ဘောမှ ပဲ့ထိန်းဒုံးကျည်များ စမ်းသပ်ပစ်လွှတ် **
(မော်စကို၊ သြဂုတ်လ ၈-ရက်)
ရုရှားနိုင်ငံ ရေတပ်စွမ်းအားတိုးတက်ထက်မြက်မှုကို ပြသသည့်အနေဖြင့် ရေငုပ်သင်္ဘောမှနေ၍ ပဲ့ထိန်းဒုံးကျည်နှစ်စင်းကို သြဂုတ်လ ၇-ရက်နေ့က ဝေဟင်သို့ အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ကြောင်း ရုရှားရေတပ်အရာရှိများက ပြောကြားသည်။ (အင်တာနက်)
** အစ္စရေးအတွက် သူလျှိုလုပ်ပေးသူ သုံးဦးလက်ဘနွန်လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီး **
(ဘေရွတ်၊ သြဂုတ်လ ၈-ရက်)
အစ္စရေးအတွက် သူလျှိုလုပ်ငန်းလုပ်ကိုင်ပေးသူဟု သံသယရှိသည့် လက်ဘနွန်နိုင်ငံသား သုံးဦးကို လက်ဘနွန်လုံခြုံရေးတပ်ဖွဲ့ဝင်များက သြဂုတ်လ ၇-ရက်နေ့၌ ဖမ်းဆီးလိုက်ကြောင်း လက်ဘနွန်အရာရှိများက ပြောကြားသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-မောင်ချစ်ကြည် **
** ပါကစ္စတန် ရေဘေးကယ်ဆယ်ရေး ကုလအတွင်းရေးမှူးချုပ် အထူးသံတမန်စေလွှတ် **

No comments:
Post a Comment