** (ပနားမားစီးတီး၊ သြဂုတ်လ ၁၅-ရက်)
ပနားမားနိုင်ငံ၌ အသည်းချင်းဆက် အမြွှာညီအစ်မနှစ်ဦးအား ထူးထူးခြားခြား မွေးဖွားခဲ့ရာ ယခုအခါ ခွဲစိတ်ရန် ပြင်ဆင်ထားကြောင်း သြဂုတ်လ ၁၅-ရက်နေ့တွင် ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများက ပြောကြားသည်။ အဆိုပါ အသည်းချင်းဆက် အမြွှာညီအစ်မမှာ အလွန်အချစ်ကြီးကြပြီး အမည်မှာ ဟန်နက်ရင်နက်သ်နှင့် ဟာနက်ရင်နက်သဲတို့ ဖြစ်ကြသည်။ အမြွှာညီအစ်မ၏ မိဘများမှာ ဖခင်ဖြစ်သူ အယ်လ်ဖရက်ဒိုဖာနန်ဒက်နှင့် မိခင်ဖြစ်သူ ဆာရာဂေးလ်တို့ဖြစ်ကြသည်။ ၄င်းအမြွှာညီအစ်မအား ပနားမား ဆရာဝန်များက သြဂုတ်လ ၂၃-ရက်နေ့တွင် ခွဲစိတ်ရန် ပြင်ဆင်ထားကြောင်း သိရသည်။ မိဘများက ၄င်းတို့အား ခွဲစိတ်ကုသပြီးပါက ကျန်းမာစွာဖြင့် သီးခြားစီ နေထိုင်နိုင်သည့် ဘ၀များကို ပိုင်ဆိုင်လာနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြသည်။ (အင်တာနက်)
** နိုင်ဂျီးရီးယား၌ ရေလွှမ်း **
နိုင်ဂျီးရီးယားနိုင်ငံ အဘူဂျာမြို့ အနီးဝန်းကျင်တွင် သြဂုတ်လ ၁၅-ရက်နေ့က မိုးသည်းထန်ပြီး ရေလွှမ်းမှုများ ဆိုးရွားစွာဖြစ်ပွားခဲ့ရာ ကိုးဦးသေဆုံးခဲ့ကြောင်း၊ နေအိမ်များရေလွှမ်းခဲ့ကြောင်း၊ ဒေသခံထောင်ပေါင်းများစွာ ရေဘေးဒုက္ခကြုံတွေ့နေရကြောင်း သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** ကနေဒါအရှေ့ပိုင်း၌ လေယာဉ်အရေးပေါ်ဆင်းသက် **
ပြင်သစ်နိုင်ငံ ပါရီမြို့မှ ပျံသန်းလာသော ဘိုရင်း-၇၇၇ ဂျက်လေယာဉ်တစ်စင်းသည် သြဂုတ်လ ၁၅-ရက်နေ့ နံနက်က လေယာဉ်အင်ဂျင်မှ မီးခိုးများထွက်ပေါ်လာသဖြင့် ကနေဒါနိုင်ငံအရှေ့ပိုင်း လာဘရာဒေါမြို့ လေဆိပ်သို့ အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း၊ ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** အကြမ်းဖက်မှုတားဆီးရန် တောင်ကိုရီးယား ကူညီမည် **
အယ်လ်ဆာဗေဒိုနိုင်ငံတွင် အကြမ်းဖက်မှုများမှ ကာကွယ်ရန် စီစီတီဗွီကင်မရာများ၊ တယ်လီဖုန်းများနှင့် နည်းပညာများကို တောင်ကိုရီးယားက အကူအညီပေးမည်ဖြစ်ကြောင်း သြဂုတ်လ ၁၅-၇က်နေ့၌ တောင်ကိုရီးယားအရာရှိများက ပြောကြားသည်။ (အင်တာနက်)
** အင်ဒိုနီးရှားရှိ အမြင့်ဆုံးတောင် စုပေါင်းတက်မည် **
အင်ဒိုနီးရှားနိုင်ငံရှိ အမြင့်ဆုံးတောင်ဖြစ်သော ဆီမီရူတောင်ကို တောင်ကိုရီးယားနိုင်ငံ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် သြဂုတ်လ ၁၇-ရက်နေ့တွင် တောင်တက်သမား ၇၀၀ တို့ စုပေါင်းပြီး တက်ကြမည်ဖြစ်ကြောင်း သြဂုတ်လ ၁၅-ရက်နေ့၌ သတင်းထုတ်ပြန်သည်။ (အင်တာနက်)
**အမေရိကန် အနောက်တောင်ပိုင်း၌ ငလျင်လှုပ် **
အမေရိကန်နိုင်ငံ အနောက်တောင်ပိုင်း မာရီရာနာကျွန်းကမ်းလွန်၌ သြဂုတ်လ ၁၅-ရက်နေ့က ရစ်ခ်ျတာစကေး ၆ ဒသမ ၆-ရှိ အင်အားပြင်းငလျင်လှုပ်ခဲ့ကြောင်း၊ ထိခိုက်ပျက်စီးမှုမရှိကြောင်း သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-မောင်ချစ်ကြည် **
**အသည်းချင်းဆက် အမြွှာညီအစ်မနှစ်ဦးအားထူးထူးခြားခြား မွေးဖွား**

No comments:
Post a Comment