ဗန်းမော်ဆရာတော်ကို မင်းတုန်းမင်းကြီးသည် ပုဂ္ဂိုလ်လည်း ခင်သည်။ တရားလည်း မင်သည်။ ထို့ကြောင့် နန်းတော်သို့ ပင့်ကာ ဆွမ်း၊ ခဲဖွယ်၊ ဘောဇဉ်တို့ကို ဆက်ကပ်လေ့ရှိသည်။
`အရှင်ဘုရား၊ နိဗ္ဗန်ရောက်ကြောင်း နည်းလမ်းကောင်းကို တိုတိုတုတ်တုတ် ဟော်တော်မူပါဦး ဘုရား´
`တိုတိုတုတ်တုတ်ဆိုရင်တော့ ငါ့ကို မကြိုက်နဲ့ ဒကာတော်´
ဗန်းမော်ဆရာတော်က တိုတုတ်စွာပင် ဟောသည်။
`ဒါကျတော့လဲ တိုလွန်းပါတယ် ဘုရား´
`ဒီလိုဆိုလဲ နည်းနည်း ရှည်ပေးရတာပေါ့ ဒကာတော် ရေမြေ့ရှင်´
ဆရာတော်က နိဒါန်းချီသည်။
ရှေးက ရွာတစ်ရွာတွင် တောင်သူကြီးတစ်ဦးရှိသည်။ ငွေကြေးအသင့်အတင့်လည်း ချမ်းသာသည်။ သို့နှင့် ကျောင်းတစ်ဆောင်ဆောက်လုပ်ပြီး ဘုန်းကြီးတစ်ပါးအား လှူဒါန်းသည်။ ဆွမ်း၊ ကွမ်းပစ္စည်းလေးပါးလည်း တာဝန်ယူသည်။
နံနက်တိုင်း ကျောင်းဒကာကြီး၏ သမီးသည် ဘုန်းကြီးကိုလည်း လေ့လာသည်။ ဘုန်းကြီးကလည်း မိန်းမပျိုကလေး လေ့လာနေကြောင်း သတိထားမိသည်။
တစ်နေ့ ဆွမ်းပို့ပြီးနောက် မိန်းမပျိုက ဘုန်းကြီးကို မေးလျှောက်သည်။
`အရှင်ဘုရား၊ ဒီကျောင်းက ဘယ်သူ့ကျောင်းပါလဲ´
`ငါ့ကျောင်းပေါ့၊ နင်တို့က ဆောက်ပေးထားလို့ မေးတာလား၊ နင့်မိဘများက ငါ့ကို ရေစက်ချလှူပြီး ထားပြီ၊ ဒါ့ကြောင့် ငါပိုင်တဲ့ကျောင်း၊ ငါ့ကျောင်း´
ဘုန်းကြီးက ဖြေသည်။ သုံးရက်ခန့်ကြာသွားသည်။
`ဒီသပိတ်ကကော ဘယ်သူ့ သပိတ်လဲ ဘရား´
`ငါ့သပိတ်ပေါ့´
`ဒီသင်္ကန်းကကော ဘုရား´
`ငါ့သင်္ကန်းပဲ´
`ဒီခုတင်ကကော ဘယ်သူ့ခုတင်ပါလဲ ဘုရား´
`ငါ့ဟာပဲ´
`ပုတီးကကော ဘုရား´
`အဲဒါလဲ ငါ့ဟာပဲ´
`ဆပ်ပြာခွက်ကကောဘုရား´
`ငါ့ဟာပဲပေါ့´
မှတ်ချက်။ ။ ပစ္စည်းလေးပါး
သာသနာရေးကိစ္စ၌ သုံးစွဲနိုင်သောပစ္စည်းမျိုးလေးပါး။
၁။ ။ ဆွမ်းပစ္စည်း - ဆွမ်း၊ ခဲဖွယ်၊ ဘောဇဉ်၊ ချိုချဉ်၊ နို့ စသော ၀တ္ထုများ၊
၂။ ။ သင်္ကန်းပစ္စည်း - ၀တ်ရုံသုံးဆောင်ကောင်းသော သင်္ကန်း ၉-ထည်၊
၃။ ။ ကျောင်းပစ္စည်း - ကပ္ပိယကုဋိခေါ် ကျောင်းအမျိုးမျိုး၊
၎။ ။ ဆေးပစ္စည်း - ကျန်းမာရေးဆိုင်ရာ ဆေးအဖျော် အမျိုးမျိုး၊
`မေးလှချည်းလား ဒကာမလေး၊ ဒီကျောင်းရှိသမျှတွေ ငါ့ဟာတွေချည်းပဲ´
ဤမိန်းမမျိုးသည် စကားတံရှည်လှသည်။ အမေးအမြန်းထူလှသည်ဟု ဘုန်းကြီးက ထင်သည်။ အရောတ၀င်လည်း စကားဆိုလှသည်။ ထို့ကြောင့် ခပ်ဆတ်ဆတ်ပင် ပြန်ပြောလိုက်သည်။
နှစ်လခန့်ကြာသွားသည်။
`အရှင်ဘုရား၊ ဘာကြောင့် ဘုန်းကြီးဝတ်တာလဲ ဘုရား´
`နိဗ္ဗာန်လိုချင်လို့ ၀တ်တာပေါ့ ဒကာမလေး´
`ဒါဆို ငါ့ကို မကြိုက်နဲ့ ဘုရား´
ဤသို့ ပြောပြီးနောက် မိန်းမပျိုလည်း ဆွမ်းအုပ်ကို ယူကာ ထ၍ ပြန်သွားသည်။
မိန်းမပျိုလေးပြောသွားသော `ငါ့ကို မကြိုက်နဲ့´ ဟူသော စကားမှာ အနှောင့်အသွားမလွတ်၊ ဘုန်းကြီးမှာ အတွေးနယ်ကျယ်သွားသည်။
ဘာကို ဆိုလိုတာလဲ။
ငါကပဲ သူ့ကို ကြိုက်နေသည်ထင်၍ ပြောလေသည်လား။
အမျိုးမျိုးတွေးသည်။ စိတ်မကောင်းဖြစ်ရသည်။ မိမိကိုယ်လည်း မိမိ သုံးသပ်သည်။ ဆန်းစစ်သည်။ မိန်းမပျိုလေးကို မည်သို့မျှ ပြစ်မှားမိခြင်း မရှိ။ စိတ်ကစားမိခြင်း၊ ပြစ်မှားမိခြင်းမရှိ။ မိန်းမပျိုလေးပြောလိုက်ပုံကြောင့် ရှက်မိသည်။ စိတ်မကောင်းဖြစ်မိသည်။ ထပ်ကာထပ်ကာ တွေးမိလေ တနုံ့နုံ့ စိတ်မကောင်းလေ ဖြစ်သည်။ ရှက်စိတ်ကြောင့် အအိပ်အစားပင် ပျက်လာသည်။
ဤသည်ကို ကပ္ပိယကြီးက ရိပ်မိသည်။ ထို့ကြောင့် ဘုန်းကြီးကို အကြောင်းစုံမေးသည်။ ဘုန်းကြီးကလည်း အကြောင်းစုံ ပြောပြသည်။
ကပ္ပိယကြီးလည်း မနေသာတော့ဘဲ ကျောင်းဒကာကြီးအိမ်သို့သွားသည်။ အကြောင်းစုံကို ပြောပြသည်။
ကျောင်းဒကာတောင်သူကြီးကား စဉ်းစားမြော်မြင်တတ်သူဖြစ်သည်။ သမီးဖြစ်သူကို စုံစမ်းတီးခေါက်ပြီးမှ ဤပြဿနာကိုဖြေရှင်းနိုင်မည်ဟုတွေးမိသည်။ ထို့ကြောင့် သမီးကို စူးစမ်းမေးမြန်းရန် မယားဖြစ်သူကို တာဝန်လွှဲသည်။
ကျောင်းဒကာမကြီးကလည်း သမီးကိုခေါ်ကာ ချော့မော့မေးမြန်းသည်။
`မေမေကလည်း သမီးက ဘုန်းဘုန်းကို တရားပြခဲ့တာပါ´
သမီးဖြစ်သူက ပြုံးကာ ရယ်ကာ ဖြေသည်။
`ဟေ-သမီးက တရားပြခဲ့တာ၊ ဟုတ်လား၊ ဘယ်လိုတရားပြခဲ့တာလဲ´
`သမီး ဆွမ်းသွားပို့တိုင်း ဘယ်သူ့ကျောင်းလဲ၊ ဘယ်သူ့သင်္ကန်းလဲ၊ ဘယ်သူ့သပိတ်လဲ၊ မေးတိုင်း ငါ့ကျောင်း၊ ငါ့သင်္ကန်း၊ ငါ့သပိတ်၊ ဘာမေးမေး ငါ့ဟာချည်းပဲ ဖြေလေ့ရှိတယ်။ ဒါ့ကြောင့် ဘာ့ကြောင့် သင်္ကန်းဝတ်တာလဲလို့ မေးတော့ နိဗ္ဗာန်လိုချင်လို့ လို့ ဖြေတယ်´
`ဒီတော့´
`ဒီတော့ သမီးက နိဗ္ဗာန်လိုချင်ရင် ငါ့ကို မကြိုက်နဲ့လို့ တရားပြခဲ့တာပါ မေမေ´
`မေမေလဲ သမီးပြောတာကို သဘောမပေါက်ဘူး။ ရှင်းပါဦး´
`ငါဆိုတဲ့ အတ္တကို မဖြုတ်ရင် နိဗ္ဗာန်ဘယ်ရနိုပါ့မလဲ မေမေ။ ဒါကြောင့် နိဗ္ဗာန်လိုချင်ရင် ငါ့ကို မကြိုက်နဲ့လို့ သမီးက ပြောတာပါ မေမေ´
ဤတွင်မှ ကျောင်းဒကာ ကျောင်းဒကာမကြီးတို့လည်း မိန်းမပျိုလေး၏ ဆိုလိုရင်းကို သဘောပေါက်သွားကြသည်။ ဘုန်းကြီးကို အကျိုးအကြောင်း သွားရောက်လျှောက်ထားကြလေသည်။
`အဲဒီတော့မှ ဘုန်းကြီးလဲ ငါစွဲပြုတ်သွားသတဲ့ ဒကာတော်။ ဒီလိုပါပဲ ရေမြေ့ရှင် မင်းကြီးလဲ နိဗ္ဗာန်လိုချင်ရင် ငါ့ထီး၊ ငါ့နန်း၊ ငါ့မိဖုရား၊ ငါ့သားတော်၊ ငါ့သမီးတော်၊ ငါ့စည်းစိမ်ဆိုတာ ဖြုတ်ပေတော့ မင်းကြီး´
`သာဓု၊ သာဓု၊ သာဓု ပါ ဘုရား´မင်းကြီးနှင့်တကွ တရားနာပရိသတ်တို့ သာဓုခေါ်ကြသည်။
** နေဘုန်းဝေ **
(စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ)
**(စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ)**

No comments:
Post a Comment