မင်းတုန်းမင်းကြီးကိုယ်တိုင် စာပေကျမ်းဂန်လေ့လာ တတ်ကျွမ်းသည်။ သာသနာပြုမင်းလည်း ဖြစ်သည်။ မကြာခဏပင် ဆရာတော်တို့အား ပင့်ဖိတ်ကာ ဆွမ်းဆက်ကပ်လှူဒါန်းသည်။ မေးမြန်းဆွေးနွေးလျှောက်ထားစရာရှိသည် တို့ကိုလည်း လျှောက်ထားမေးမြန်းဆွေးနွေးလေ့ရှိသည်။
တစ်နေ့သော် ဆရာတော်ကြီးများအား ဆွမ်းကပ်လှူဒါန်းပြီးနောက် မင်းတုန်းမင်းတရားကြီးက ဤသို့ လျှောက်ထားသည်။
`အရှင်ဘုရားတို့ တပည့်တော် ထီးနန်းစည်းစိမ်ခံစားသည်မှာလဲ ကြာပါပြီ။ အရှင်ဘုရားတို့ကလဲ တရားဓမ္မဟောပြောပြသပေါင်းများပါပြီ။ ဒါပေမယ့် တပည့်တော်ဟာ တရားသဘောကို မပေါက်နိုင်အောင်ပါပဲ ဘုရား။ ဒီတစ်ခါလဲ သင့်တော်တဲ့ တရားကို ဟော်တော်မူပါဦး ဘုရား´
`ဒကာတော် ရေမြေ့ရှင်ကို ဘုန်းကြီးတို့ ဟောခဲ့တာလဲ များပြီ။ ဇရာပိုင်းလဲ ရောက်လာကြပြီ။ ဒီတော့ ပုံပြင်တိုတစ်ပုဒ်နဲ့ ယှဉ်ဟောရတော့မှာပဲ´
`တင့်ပါ့ ဘုရား´
ဗန်းမော်ဆရာတော်ကဟောတော်မူ သည်။
`ရှေးတုန်းက ရွာတစ်ရွာမှာ လူတစ်ယောက်ရှိတယ်။ ပညာမတတ်လေတော့ သားမယားကို ပင်ပန်းစွာ လုပ်ကျွေးနေရရှာတယ်။ သူ့သားတောင် ၁၄-နှစ်သား ရှိလာပြီ။ ဒီအတိုင်းနေလို့ကတော့ မဖြစ်ဘူး။ အသက်မွေးဝမ်းကျောင်း ပညာတခုခုတော့ သင်မှပဲလို့ တွေးမိသတဲ့´
ဆရာတော်၏ ပုံပြင်ကို အားလုံးပင် စိတ်ဝင်စားစွာ နားထောင်နေကြသည်။
စုဆောင်းရရှိသမျှ ငွေသုံးရာကျပ်ကို ယူပြီး ပညာရှာထွက်ခဲ့သည်။
ပညာရှာရင်း ရှာရင်းနှင့် သုံးနှစ်ကြာသွားသည်။ ထိုအခါတွင်မှာ တက္ကသိုလ်ပြည်သို့ ရောက်သည်။ ဒိသာပါမောက္ခဆရာကြီးကို ၀င်ရောက်တွေ့ဆုံကာ ကန်တော့သည်။
`အသက်မွေးဝမ်းကျောင်းပညာ တစ်ခုခု တတ်မြောက်ချင်လို့ပါ ဆရာကြီး´
ဒိသာပါမောက္ခဆရာကြီးကို တောင်းပန်သည်။
ဆရာကြီးလည်း ပညာသင်လိုသူကို အကဲခတ်လေ့လာသည်။
`တပည့်က အသက်ကြီးနေပြီ၊ သုံးနှစ်သုံးမိုး အချိန်ယူနေလို့က မဖြစ်တော့ဘူး။´
`မှန်ပါတယ် ဆရာကြီး´
`ပညာသင်စရိတ်ကော အလုံအလောက် ပါရဲ့လား´
`ကျနော်က ဆင်းရဲသား ဖြစ်ပါတယ်။ ဒါကြောင့် အသပြာ သုံးရာကျပ်သာ ပါပါတယ် ဆရာကြီး´
`ပညာဆိုတာ အရွယ်ကိုလိုက်ပြီး အချိန်ယူသင်ရတာ ရှိတယ်။ ချက်ချင်းအသုံးချလို့ရအောင် သင်ရတာမျိုးလဲ ရှိတယ်။ တပည့်ကတော့ ဒုတိယအမျိုးအစားမှာ ပါတယ်။ ဒီတော့ အချိန်တိုတိုနဲ့ ချက်ချင်းတတ်အောင် သင်ပေးလိုက်မယ်´
`ကောင်းလှပါတယ် ဆရာကြီး´
`ကဲ- စာသင်မယ်´
`ဟုတ်ကဲ့ပါ ဆရာကြီး´
`ကုလားသေ ကုလားမောမအိပ်ရာ
ပေးကွယ့် ငွေတစ်ရာ´
တပည့်ဖြစ်သူက ပညာပူဇော်ခ ငွေတစ်ရာ ကန်တော့သည်။
`ရေချိုးဆိပ်မှာ မချိုးရာ
ပေးကွယ့် ငွေတစ်ရာ´
ရှေးနည်းတူ ငွေတစ်ရာ ကန်တော့သည်။
ပထမသင်ခန်းစာ၊ ဒုတိယသင်ခန်းစာကို နှုတ်တက်အာရုံဆောင်စေသည်။ ထို့နောက် တတိယသင်ခန်းစာကို သင်သည်။
`မစူးစမ်း မဆင်ခြင် မပြုရာ
ပေးကွယ် ငွေတစ်ရာ´
ရှေးနည်းအတိုင်းပင် ပညာပူဇော်ခ တစ်ရာကို တပည့်ဖြစ်သူက ကန်တော့သည်။
`ဒီပညာသုံးခွန်းကို သေသေချာချာ မှတ်ပြီး ပြန်ပေရော့´
ဆရာကြီးကို သေချာစွာ ကန်တော့ပြီးနောက် ရွာပြန်ခရီး စသည်။
- ကုလားသေ ကုလားမော မအိပ်ရာ
- ရေချိုးဆိပ်မှာ မချိုးရာ
- မစူးစမ်း မဆင်ခြင် မပြုရာ
ဤသုံးခွန်းကိုလည်း တတွတ်တွတ် ရွတ်ရင်း ခရီးထွက်ခဲ့သည်။ ဤသုံးခွန်းသော သင်ခန်းစာသည်ပင်လျှင် သူ၏ ဘ၀ကို များစွာ တိုးတက်ပြောင်းလဲစေခဲ့ပါသည်။
ညနေစောင်းတွင် ဇရပ်တစ်ဆောင်ရှိရာသို့ ရောက်သည်။ အချိန်နှောင်းပြီဖြစ်သဖြင့် ထိုဇရပ်တွင်ပင် အိပ်စက်တည်းခိုရန် ဆုံးဖြတ်လိုက်သည်။
ညောင်းညာလှသည်ဖြစ်၍ လဲလျောင်းသည်။ အိပ်စက်မည် ပြုသည်။
`ကုလားသေ ကုလားမော မအိပ်ရာ´
ဆရာကြီး သင်လိုက်သည့် သင်ခန်းစာကို အမှတ်ရသည်။ သို့နှင့် မအိပ်တော့ဘဲ မှိန်း၍သာ နေတော့သည်။
ညဥ့်သန်းခေါင်တွင် ဇရပ်ပေါ်တွင် အိပ်သောသူကို စားနေကျ ဘီလူးမ ရောက်လာသည်။ မှိန်းနေသောသူလည်း ချက်ချင်းထသည်။
ဘီလူးမ၏ ဆံပင်ကို ဆွဲကာ တံတောင်နှင့် ထောင်းသည်။
ခါတိုင်း လူသားများနှင့်မတူ၊ သူ့ကို ထ၍ ထောင်းသော လူသားကို ဘီလူးမက များစွာ ထိပ်လန့်သွားသည်။ ထို့ကြောင့် သူ့အသက်ကို ချမ်းသာပေးရန် တောင်းပန်သည်။ အသတ်ဖိုးအဖြစ် ရတနာထုပ်ကို ပေးသည်။ ဘီလူးမကို လွှတ်သည်။ ဘီလူးမလည်း ချက်ချင်းပင် ထွက်ခွာသွားသည်။ ထိုသူလည်း မအိပ်တော့။ ဆရာ့ဂုဏ်ကျေးဇူးကြောင့် မသေဘဲ ရတနာထုပ်ရလိုက်သည်ကို တွေးနေသည်။
မိုးသောက်သည်တွင်မှ ခရီးဆက်ခဲ့သည်။
နေက ပူလာသည်။ ခရီးကလည်း ပန်းလာသည်။ ညကလည်း အိပ်ရေးဝအောင် မအိပ်ခဲ့ရ။ ရေချိုးချင်လာသည်။ မြစ်ဆိပ်သို့ ဆင်းခဲ့သည်။ လူလေးငါးယောက် ရေချိုးနေသည်ကို တွေ့ရသည်။ သူကိုယ်တိုင်လည်း အလွန်ရေချိုးချင်သွားသည်။
`ရေချိုးဆိပ်မှာ မချိုးရာ´
ဆရာကြီး၏ သင်ခန်းစာကို ကြားယောင်သည်။ သို့နှင့် ရေချိုးဆိပ်တွင် မချိုးတော့ဘဲ လူမရှိသော နေရာတစ်နေရာ ရွေးကာ တစ်ယောက်တည်း ချိုးသည်။
အိမ်ကို ရောက်ချင်ဇောက ပြင်းထန်နေသည်။ ထို့ကြောင့် အသော့အလျင် ခရီးနှင့်ခဲ့သည်။ ခရီးအတော် ရောက်မှ ရတနာထုပ်ကျန်ခဲ့မှန်း သတိရသည်။ ချက်ချင်းပင် ရေချိုးခဲ့ရာသို့ ပြန်ခဲ့သည်။
ရတနာထုပ်ကို ခြေရာလက်ရာမပျက် ပြန်၍ တွေ့သည်။ ဆရာကြီး၏ သင်ခန်းစာများကား မှန်လှသည်။ ခရီးဆက်ရာ ညဥ့်ဦးပိုင်းတွင် အိမ်သို့ ပြန်ရောက်သည်။ အိပ်ရာထဲတွင် ကာလသားတစ်ဦးနှင့် ယှဉ်အိပ်နေသော မိန်းမဖြစ်သူကို တွေ့ရသည်။ များစွာ ဒေါသထွက်သည်။ ဓားရှည်ကို ဆွဲကာ ခုတ်မည်ပြုသည်။
`မစူးစမ်း မဆင်ခြင် မပြုရာ´
ဆရာကြီး၏ နံပါတ်သုံးသင်ခန်းစာကို ကြားယောင်သည်။ စိတ်ကို ထိန်းလိုက်သည်။ မယားကို နှိုးလိုက်သည်။ ဤတွင်မှ ယှဉ်အိပ်နေသူမှာ သူ့သားကြီးဖြစ်ကြောင်း သိရသည်။ ထိုအခါကျမှ ဘီလူးမထံမှ ရခဲ့သော ရတနာထုပ်ကို အပ်သည်။
မိသားစုသုံးဦးစလုံး အသက်ထက်ဆုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာနှင့် လောကီချမ်းသာကို ခံစားရင်း နေထိုင်သွားနိုင်ခဲ့ကြသည်။ ဆရာ့စကား နားထောင်လိုက်နာခြင်း၏ ကျေးဇူးပင် ဖြစ်ပါသည်။
`အဲသလိုပါပဲ၊ ဗုဒ္ဓဟောကြားတဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ စကားသုံးခွန်းကိုလည်း ကျင့်ကြံပွားများ အားထတ်မယ်ဆိုရင် လောကုတ္တရာချမ်းသာကို ခံစားနိုင်မှာပဲ ဒကာတော်ရေမြေ့ရှင်´
ဗုဒ္ဓမြတ်စွာဘုရား၏ သုံးခွန်းသော ဆုံးမစကားကို မမေ့မလျော့ရန် ဆရာတော် သတိပေး ဆုံးမသည်။
သာဓု၊ သာဓု၊ သာဓု
မင်းပရိသတ်အားလုံးက သာဓုခေါ်ကြသည်။
** နေဘုန်းဝေ **
(စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ)
**(စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ)**

No comments:
Post a Comment