နန်းတော်တွင် ဆွမ်းစားပြီးနောက် ဗန်းမော်ဆရာတော်သည် မင်းနှင့်တကွ ရောက်ရှိနေကြသော ပရိသတ်တို့ အား တရားရေအေး တိုက်ကျွေးသည်။ ရန်သူအမျိုးမျိုးအကြောင်း ရောက်ရှိသွားသည်။
`ရန်သူတွေထဲမှာ အနီးကပ်ရန်သူဟာ ကြောက်စရာ အကောင်းဆုံးပဲ´
`အနီးကပ်ရန်သူဆိုတာ ရှင်းပါဦး ဘုရား´
`အဖြေကို တိုက်ရိုက်မဖြေခင် ပုံပြင်တစ်ပုဒ် ပြောချင်ပါတယ်။´
`တင့်ပါ့ ဘုရား´
`ရှေးတုန်းက ဗာရာဏသီပြည်မှာ ဗြဟ္မတ်မင်းကြီးအုပ်ချုပ်တယ်။ ပြည်သူတွေရဲ့ ဘ၀မှန် သိလိုတဲ့အတွက် မင်း ကြီးဟာ သူဆင်းရဲအသွင် ရုပ်ဖျက်ပြီး စနည်းနာထွက်တော်မူတယ်´

ဆရာတော်၏ ပုံပြင်ကို မင်းပရိသတ်အားလုံးကပင် စိတ်ဝင်စားစွာ နားထောင်နေကြသည်။
ပထမ နေပြည်တော်တွင်း စနည်းနာသည် ထို့နောက် နေပြည်တော်ပြင်ပ ကျေးရွာများသို့သွားသည်။
ကျေးရွာအပြင်ဘက် ယာတောတစ်ခုသို့ ရောက်သည်။ အသက်အရွယ်အိုမင်းပြီဖြစ်သော အဘိုးအိုအဘွားအို ဇနီးမောင်နှံတို့ တွေ့ရသည်။
သူဆင်းရဲအသွင် ရုပ်ဖျက်ထားသော မင်းကြီးလည်း တစ်ညတာ တည်းခိုခွင့်တောင်းသည်။ အဘိုးအိုအဘွားအိုတို့ကလည်း ကြည်ဖြူစွာပင် ခွင့်ပြုသည်။ အလုပ်နှင့် လက်မပြတ်အောင် လုပ်နေသော အဘိုးအိုတို့ ဇနီးမောင်နှံကို ကြည့်ကာ ကြင်နာသည်။
`ဘကြီး´
`ဗျာ´
`ဘကြီးတို့က အသက်လဲကြီးလှပြီ။ တရားဘာဝနာနဲ့ နေသင့်တဲ့အရွယ် ဘာကြောင့်များ ဒီလောက်ပင်ပန်းခံပြီး လုပ်နေရတာလဲ။ သားထောက်သမီးခံမရှိလို့လား။ ဒါမှမဟုတ် ဘောဘမသတ်နိုင်လို့လား´
`တို့များမှာ ကုန်ကျစရိတ်များလှတာကို မောင်ရင်မှ မသိဘဲကွယ်´
`ဘကြီးတို့နှစ်ယောက်တည်း ဘာတွေများ ကုန်လို့လဲ´
`တို့များမှာ ခိုးမှူးကြီးကို အခွန်ဆက်ရတယ်။ ဧည့်သည်ကိုလဲ ကြာရှည်ကျွေးရတယ်။ သမုဒ္ဒရာ ထဲကိုလဲ ပစ်ရတယ်။ အနီးကပ်ရန်သူကိုလဲ ကြည်ဖြူစွာ ကျွေးရတယ်။´ အဘိုးအိုက ပြောသည်။
မင်းကြီးမှာ အဘိုးအို၏စကားကို အဓိပ္ပာယ်မပေါက်။
`ဘကြီးရဲ့ စကားလေးခွန်းက ထူးဆန်းလှပါပေတယ်။ ရှင်းပါဦး´
`ခိုးမှူးကြီးကို အခွန်ဆက်ရတယ်ဆိုတာက ဘကြီးတို့လိုပြည်သူများ ခိုးသားဓားပြစတဲ့ ဘေးတွေက ကင်းအောင် စောင့်ရှောက်ကာကွယ်ပေးတဲ့ ဘုရင်မင်းမြတ်ကို အခွန်ဆက်ရတယ်လို့ ဆိုလိုတာပါ´
`ဧည့်သည်ကို ကြာရှည်ကျွေးမွေးရတယ်ဆိုတာက မိမိ မွေးထားတဲ့ သားသမီးတွေကို အရွယ်ရောက်ပြီး အိမ်ထောင်ကျတဲ့အထိ စောင့်ရှောက်ကျွေးမွေးရတာကို ပြောတာပါ´
`မှတ်သားလောက်ပါပေတယ် ဘကြီး´
`သမုဒ္ဒရာထဲကို ပစ်ရတယ်ဆိုတာကတော့ မိမိခန္ဓာ အာဟာရပြည့်အောင် စားသောက်ရတယ်။ ဒါပေမယ့် ဒီဝမ်းဗိုက်က ပြည့်နိုင်တယ်မရှိဘူးလေ။ ရေတွေ ဘယ်လောက်ပဲ စီးဝင် စီးဝင် မပြည့်နိုင်တဲ့ သမုဒ္ဒရာလိုပါပဲ´
`မှန်လှပေတယ် ဘကြီး´
`အနီးကပ်ရန်သူကိုလဲ ကြည်ဖြူစွာ ကျွေးရတယ် ဆိုတာက မိမိရဲ့မယားကို ဆိုလိုရင်း ဖြစ်တယ်။´
အဘိုးအိုရဲ့ ပုစ္ဆာနှင့်အဖြေကို မင်းကြီးသည် အလွန်သဘောကျသွားသည်။ နန်းတွင်းပညာရှိများကိုလည်း ဤပုစ္ဆာမေးမည်ဟု မှတ်သားထားလိုက်သည်။ အဖြေမပေါက်ကြားအောင်လည်း တားမှဖြစ်တော့မည်ဟု စဉ်းစားမိသည်။
`ဒီမှာ ဘကြီး၊ ကျုပ်ဟာ ဟောဒီ ဗာရာဏသီပြည့်ရှင် ဗြဟ္မဒတ်မင်းကြီး ဖြစ်တယ်။´
အဘိုးလည်း များစွာထိတ်လန့်သွားသည်။
`မှန်လှပါ။ ကျနော်မျိုးကြီးတို့ ပြောမှားဆိုမှား ရှိရင် ခွင့်လွှတ်တော်မူပါ ဘုရား´
`ခုပြောခဲ့တဲ့ ပုစ္ဆာရဲ့ အဖြေတွေကို မပေါက်ကြားပါစေနဲ့၊ ပေါက်ကြားခဲ့ရင် သေဒဏ်စီရင်ရလိမ့်မယ်´
`အမိန့်တော် မြတ်အတိုင်းပါ ဘုရား´
မင်းကြီးလည်း နန်းတော်သို့ ပြန်သည်။ ပုစ္ဆာလေးရပ်ကို မေးလေတော့သည်။
`ဒီပုစ္ဆာလေးရပ်ရဲ့ အဖြေကို ခုနစ်ရက်အတွင်း ဖြေကြရမယ်။ မဖြေနိုင်ရင် ပညာရှိအရာနဲ့ မထိုက်တန်ပေဘူး။ ရိက္ခာ လစာရုပ်သိမ်းပြီး အဆုံးစီရင်တော်မူမယ်´
မင်းကြီးက မိန့်သည်။
မှူးမတ်တို့မှာ မင်းကြီး၏ ပုစ္ဆာလေးရပ်၏ အဖြေကို မပေးနိုင်၊ မကြံနိုင်ဖြစ်နေကြသည်။ နီးစပ်ရာပညာရှိ ရဟန်းရှင်လူတို့ထံ ချဉ်းကပ်မေးမြန်းသည်။ အဖြေမပေါ်။
ပုစ္ဆာ၏ သဲလွန်စကို အမတ်ကြီးတစ်ဦးက စဉ်းစားမိသည်။ မင်းကြီးသည် သူဆင်းရဲအသွင် ရုပ်ဖျက်ပြီး စနည်းနာထွက်ခဲ့သည်။ ထိုခရီးကပြန်လာမှ ဤပုစ္ဆာလေးရပ်ပေါ်လာခြင်းဖြစ်သည်။ ထို့ကြောင့် မင်းကြီး စနည်းနာထွက်ခဲ့သည့် လမ်းကြောင်းအတိုင်းလိုက်လျှင် အဖြေရနိုင်သည်။ ထိုသို့ စဉ်းစားမိလျှင် အမတ်ကြီးလည်း မင်းကြီးခရီးထွက်ခဲ့ရာလမ်းကြောင်းအတိုင်း ခရီးထွက်ခဲ့လေသည်။
စဉ်းစားတွက်ချက်မိသည့်အတိုင်းပင် အမတ်ကြီးလည်း မင်းကြီးရောက်ခဲ့သည့် ယာတဲနေ အဘိုးကြီးဆီသို့ရောက်ခဲ့လေတော့သည်။
အမတ်ကြီးလည်း အဘိုးအိုထံ ချဉ်းကပ်၍ ပုစ္ဆာ၏ အဖြေကိုမေးသည်။ အဘိုးအိုက မဖြေပေ။ မင်းတရားကြီး၏ အမိန့်ကို မလွန်ဆရဲပေ။ ငွေကြေးတံစိုး လက်ဆောင်ပေးသော်လည်း မရပေ။
သို့နှင့် အမတ်ကြီးလည်း အဘွားအိုကို ချဉ်းကပ်သည်။ အသပြာတစ်ထောင်ပေးသည်။ ထိုအခါ အဘွားအိုက ပုစ္ဆာ၏ အဖြေကို ပြောပြလိုက်သည်။
အမတ်ကြီးလည်း အဖြေကို သိလျှင် နန်းတော်သို့ ပြန်ခဲ့သည်။ ညီလာခံတွင် ပုစ္ဆာ၏ အဖြေလေးရပ်ကို လျှောက်တင်သည်။
အဖြေကို ကြားသိရလျှင် မင်းကြီးလည်း လွန်စွာ အံ့သြသည်။ အမတ်ကြီး လျှောက်တင်သည့် အဖြေမှာ မင်းကြီး ယာတောက ရခဲ့သည့် အဖြေနှင့် ထပ်တူဖြစ်နေသည်။
ဤသို့ဆိုလျှင် ယာတောမှ အဘိုးအိုက ပြောလိုက်၍ သာလျှင် ဖြစ်ပေလိမ့်မည်။ မပြောရန် အမိန့်ထုတ်ထားပါလျက် ပြောဖြစ်အောင် ပြောလိုက်သော အဘိုးအိုတွင် အပြစ်ရှိနေပေပြီ။
`အမတ်ကြီး ဒီအဖြေကို ဘယ်က ဘယ်ပုံရလာတာလဲ။ သေသေချာချာ လျှောက်တင်ပေတော့။ သေသေချာချာမလျှောက်တင်နိုင်ရန် အမတ်ကြီးကို ရာထူးက ထုတ်ပယ်ရလိမ့်မယ်´
မင်းကြီးက မိန့်တော်မူလေသည်။
ဤအခါတွင် အမတ်ကြီးမှာ မကွယ်ဝှက်သာဘဲ မင်းကြီးရောက်ခဲ့သော ယာတောသို့ ရောက်ခဲ့ကြောင်းနှင့် ထိုယာတဲမှ အဖြေရခဲ့ကြောင်း လျှောက်တင်လေသည်။
မင်းကြီးလည်း အဘိုးအိုကို ချက်ချင်း ဖမ်းခိုင်းသည်။ ရှေ့တော်မှောက်သို့ သွင်းစေသည်။
နောက်တစ်နေ့ ညီလာခံတွင် မင်းကြီးကိုယ်တော်တိုင် အဘိုးအိုအား စစ်ဆေးတော်မူလေသည်။
`ဒီပုစ္ဆာလေးရပ်ရဲ့ အဖြေကို ဘယ်သူ့ကိုမှ မပေါက်ကြားရဘူးလို့ အမိန့်တော် မှတ်ထားပါလျက် ခုတော့ ပေါက်ကြားတယ်။ အသက်ကို မနှမြောလို့လား´
မင်းကြီးက အဘိုးအိုအား မေးလေသည်။
`မှန်လှပါ အရှင်မင်းမြတ် ဒီအဖြေကို ကျနော်မျိုး ပြောရခြင်း မဟုတ်ပါဘုရား´
`ဘာကြောင့် ညာချင်ရတာလဲ မောင်မင်း၊ အမတ်ကြီး ကိုယ်တိုင်က မောင်မင်းရဲ့ ယာတဲက ရလာတယ်လို့ ၀န်ခံပြောဆိုထားတယ်။´
`မှန်လှပါအရှင်မင်းမြတ် ကျနော်မျိုးရဲ့ ပုစ္ဆာနောက်ဆုံးအဖြေမှာ အနီးကပ်ရန်သူကိုလဲ ကြည်ဖြူစွာ ကျွေးရတယ်လို့ ပါပါတယ်ဘုရား။ အနီးကပ်ရန်သူဆိုတာ မိမိရဲ့ မယားပင်ဖြစ်ကြောင်း လျှောက်ထားဖူးပါတယ်ဘုရား။ ဒါကြောင့်… ရွှေဥာဏ်တော် ဆင်ခြင်တော်မူပါ ဘုရား´
`ဟုတ်ပေသားပဲ´
ပုံပြင်ဆုံးသွားသည်။
`ဒီပုံပြင်ထဲက အတိုင်းပဲ ဒကာတော်ရေမြေ့ရှင်။ အနီးကပ်ရန်သူဆိုတာ မိမိရဲ့ ကြင်ရာသက်ထားမယားပဲ။ သူ့ကို ကြည်ဖြူစွာလဲ လုပ်ကျွေးရမယ်။ သတိလဲ ထားရပေလိမ့်မယ် မင်းကြီး´
`မှန်လှပါ အရှင်ဘုရား´
** နေဘုန်းဝေ **
(ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များမှ)
** (ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ) **

No comments:
Post a Comment