ဦးအောင်ကြီးရဲ့"၂၁-မျက်နှာစာတမ်း" "၄၂-မျက်နှာစာတမ်း" စတဲ့ မဆလ ခေတ်စနစ်ဆိုးအောက်က လူထု ဘ၀ အခြေအနေကို ဗိုလ်နေ၀င်းထံတင်ပြထားတဲ့ (၀ါ) ဗိုလ်နေ၀င်းက ဒီတင်ပြချက်တွေကိုသိလို့ မြန်မာ ပြည်ရဲ့ နိုင်ငံရေးစီးပွားရေး အခြေအနေ အထွေထွေဟာ ပြန်လည်ဦးမော့လာအောင် လုပ်နိုင်တဲ့သူ (ဗိုလ် အောင်ကြီး)ကို ၀န်ကြီးချုပ်အဖြစ် တာဝန်ပေးစေချင်တဲ့ စာအသွားအလာတွေဟာ တော်လှန်ရေးကောင် စီဝင်ဟောင်း၊ အငြိမ်းစား ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီးရဲ့ `တိုက်ပွဲဝင် စာတမ်း´တွေဖြစ်ပါတယ်။ ဒီစာတမ်း တွေဟာ ကျနော်တို့လက်ခံချင်သည် ဖြစ်စေ၊ လက်မခံချင်သည်ဖြစ်စေ မဆလ စနစ်ဆိုးကို မျက်မုန်း ကျိုးနေတဲ့ မြန်မာပြည်သူတွေနဲ့အတူ တက်ကြွလှုပ်ရှားသူတွေကြားမှာ တစုံတရာ ပျံ့နှံ့ခဲ့တယ်၊ လူထုနှစ်သက် တာတွေ ပါခဲ့တယ်ဆိုတာပါပဲ။
လူထုဟာ ကျောင်းသားတွေက ၁၉၈၇-ခုနှစ် စက်တင်ဘာလ ငွေစက္ကူ အရေးနောက်ပိုင်းကစပြီး ၁၉၈၈- မတ်လ ဗိုလ်ဖုန်းမော်အရေး နောက်ပိုင်းအထိ ဒီတိုက်ပွဲဝင် စာတမ်းတွေဟာ တစုံတရာပျံ့နှံ့ခဲ့ ရုံမက ဦးအောင်ကြီး၊ ဦးကြည်မောင် စသူတို့ဟာလည်း မဆလ အာဏါပိုင်တွေရဲ့ ခေါ်ယူထိန်းသိမ်းခြင်းကို ခံခဲ့ရတယ်လေ။
ဗိုလ်နေ၀င်းနဲ့ မဆလ အမာခံခေါင်းကြီးပိုင်းတွေက နိုင်ငံရေးဗျူဟာ ခင်းကျင်းလိုက်တာ တခုက ၁၉၈၈-ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရွှေတိဂုံစေတီ အနောက်ဘက်မုဒ်မှာ တရားဟောမယ်လို့ ကြိုတင်ကြေငြာလိုက်ချိန်မှာ ထောင်ထဲမှာ ထိန်းသိမ်းထားတဲ့ ဦးအောင်ကြီး၊ ဦးကြည်မောင်နဲ့ အုပ်စုတွေကို ဒေါ်စု တရားပွဲလုပ်မယ့် နေ့နဲ့ တရက်စောပြီး သြဂုတ်လ ၂၅ ရက်နေ့မှာ သူတို့ကိုပြန်လွှတ်ပေးခဲ့ တယ်မဟုတ်လား။
အဲဒီ သြဂုတ်လ ၂၅ ရက်နေ့ ညနေပိုင်းမှာပဲ ဦးအောင်ကြီးက စမ်းချောင်းမြို့နယ် ပဒုမ္မာအားကစားကွင်းမှာ သူ့ကိုမျှော်လင့်တကြီးနဲ့ ထောက်ခံစောင့်ကြိုနေတဲ့ လူထုကို စကားတခွန်းနဲ့ ရင်ဝစောင့်ကန်တော့တာ ပါပဲ။ "တပ်မတော်ကို စိတ်နဲ့တောင်မပြစ်မှားနဲ့" တဲ့လေ။ အဲဒီအချိန်ကစပြီး လူထုဟာ အောင်ကြီးကိတ်ဆိုရင် ခါတိုင်းလို အားမပေးချင်တော့ဘူး။ ဒါ့အပြင် ဦးအောင်ကြီးက ၁၉၈၈-ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့ မှာ မြန်မာ့ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားဖို့အတွက် `အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်´ ကို ဥက္ကဋ္ဌ အဖြစ်တာဝန်ယူပြီး ဒေသန္တရစည်းရုံးရေးဆင်းတဲ့အခါ သူဟာ`စစ်ရေးလည်း ချွန်တယ်၊ နိုင်ငံရေးလည်းချွန်တယ်၊ စီးပွားရေးလည်းချွန်တယ်´ လို့ လူထုကိုဟောပြောတဲ့အခါမှာ ဗိုလ်မှူးချုပ်အောင်ကြီးအဖြစ် စစ်ရေးထူးချွန်ခဲ့တာ၊ သခင်အောင်ကြီး (ပေါင်းတည်) အဖြစ် နိုင်ငံရေးထူးချွန်ခဲ့တာ၊ အောင်ကြီးကိတ်အဖြစ် စီးပွားရေးလုပ်တတ် ထူးချွန်ခဲ့တာ (ဂျပန်စစ်လျော်ကြေးကို ဘတ်ကီးရိုက်ရာမှာ ထူးချွန်ခဲ့တာ အပါအ၀င်) `သုံးဘက်ချွန် အောင်ကြီး´ ရယ်လို့ မော်ကွန်းထိုးခဲ့ကြရာက `စမူဆာအောင်ကြီး´ အဖြစ်သာ လူထုကြားမှာ ထင်ရှားသွားတော့တာပါပဲ။ အဲ....မကြာပါဘူး။ အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဘ၀မှာလည်း သိက္ခါရှိရှိ မနေနိုင်ဘဲ `အန်အယ်လ်ဒီ ဗဟိုဦးစီးအဖွဲ့မှာ ကွန်မြူနစ် ၈ ဦးရှိနေတယ်၊ သူတို့ကို ထုတ်ပေးပါ´ လို့ မရိုးမသားစတန့်ထွင်ပြန်ပါတယ်။ ဗဟိုဦးစီးအဖွဲ့မှာ မဲခွဲဆုံးဖြတ်ကြတဲ့အခါ သူ့ရဲ့ အမာခံရဲဘော်ကြီးဖြစ်တဲ့ ဦးကြည်မောင်က ပင်လျှင် သူ့ကိုမထောက်ခံခဲ့ပါဘူး။
အဲဒီ ဖြစ်ရပ်နောက်ပိုင်းမှာ လူထုကြားမှာ ဦးအောင်ကြီးနဲ့ ပတ်သက်ပြီး ဘက်ပေါင်းစုံချွန်သော `ဒူးရင်းသီးအောင်ကြီး´ အဖြစ် မော်ကွန်းသစ် ရေးထိုးကာ သူ့ရဲ့နိုင်ငံရေး စစ်ရေး ဘ၀တလျှောက် အရင်းနှီးဆုံး သွေးသောက်ရဲဘော်ကြီး ဖြစ်ခဲ့သူ ဦးကြည်မောင်နဲ့ ပြဒါးတလမ်း၊ သံတလမ်း လမ်းခွဲခဲ့ကြရတာပါပဲ။
တဆက်တည်းမှာ ပြုံးတုံ့လှယ်ချင်စရာ တင်ပြချင်တာက ဂျပန်ခေတ် စစ်တက္ကသိုလ်မှာ စီနီယာဂျူနီယာ ဗိုလ်တွေအဖြစ် ရင်းရင်းနှီးနှီး ပေါင်းသင်းခဲ့ကြတဲ့ (၀ါ) သမီးယောက်ဖ ဖြစ်သွားကြတဲ့ ဗိုလ်ကြည်မောင်(အိမ်ထောင်ကျစဉ်- ဗိုလ်မှူးကြည်မောင်၊ တပ်ရင်းမှူး)နဲ့ ဗိုလ်မောင်လွင် (ယခု-ဦးလွင်၊ အန်အယ်လ်ဒီ၊ ရုပ်ချောမောင်လွင်၊ ဒုတိယ၀န်ကြီးချုပ်နှင့် စီမံ/ ဘဏ္ဍာဝန်ကြီးဟောင်း ဗိုလ်မှူးကြီးမောင်လွင်) ၊ ဗိုလ်မောင်ချို (ဗိုလ်မှူးကြီး မောင်ချို၊ စက်မှု-၂ ၀န်ကြီး ဟောင်း) စသူတို့ရဲ့ နှမ ဒေါ်ကြည်ကြည်သာ (ကျနော်တို့အခေါ် အန်တီကြည်) ဟာ ဗိုလ်ကြည်မောင်ရဲ့ ချစ်ဇနီးဖြစ်ပါတယ်။
ဒါကလည်းမဆန်းပါဘူး။ သင်တန်းနားချိန်မှာ၊ အားလပ်ရက်မှာ အိမ်လည်ကြရင်း နဖူးစာရွာလည်စရာ မလိုလောက်အောင် နီးစပ်မှုတွေရှိကြတာကိုး။
ဦးကြည်မောင်ဟာ ဦးအောင်ကြီးနဲ့ နိုင်ငံရေးလောက၊ စစ်ရေးလောကမှာ တော်တော်ကြီး ရင်းရင်းနှီးနှီးနေခဲ့ ရုံမက (လုပ်ဖော်ကိုင်ဖက်အဖြစ်လည်း) အဲဒီလောက နှစ်ခုစလုံးမှာ ထဲထဲဝင်ဝင် အကျွမ်းတ၀င်ဖြစ်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ ဥပမာ-အားဖြင့် ၁၉၈၀-ခုနှစ်မှာ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဒီဂရီ(၂/၈၀)ကြေညာ ချက်ကို အဲဒီတုန်းက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ)က ကြေညာပြီး မြေပေါ်၊ မြေအောက် လွတ်ငြိမ်း ချမ်းသာခွင့်ပေးခဲ့ပါသတဲ့။ အဲဒီလို အမိန့်ကြောင့် ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦး၊ ဘိန်းဘုရင် လော်စစ်ဟန်နဲ့ လော်စစ်လင်း၊ အလံနီကွန်မြူနစ်ပါတီခေါင်းဆောင် သခင်စိုးနဲ့ အလံနီရဲဘော်ရဲမေများ၊ ဖမ်းဆီးထားတဲ့ လက်ကျန် အရင်ပါလီမန် ခေတ်က ၀န်ကြီး၊ ၀န်ကလေး၊ အစိုးရအဖွဲ့အရာရှိကြီး, လတ်, ငယ်တွေ,၊ အခြားရာဇ၀တ်အကျဉ်းသားတွေ ပြန်လည်လွတ်မြောက်လာကြပါတယ်။ အဲဒီလို မြေပေါ်(ခေါ်)မြန်မာပြည် ထောင်နံရံအသီးသီးမှာ စံမြန်းနေသူတွေကိုသာမက မြေအောက်(ခေါ်)မြန်မာပြည်ရဲ့ ပြင်ပရောက်စစ်အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားဆောင်ရွက်နေသူတွေကိုပါ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာမို့ ဦးနူကြီးမှူးတဲ့ ပြည်ပရောက် ပါလီမန်ဒီမိုကရေစီပါတီ(PDP)က ပုဂ္ဂိုလ်တွေလည်း လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ ပါသွားပါတယ်။ ဗိုလ်နေ၀င်းက `ကိုကြီးနူတို့ ကိုကြီးအောင်တို့ အသက်ကြီးပြီ၊ ပိဋိကတ်ဘာသာပြန် စာပေအသင်းမှာ တာဝန်ယူပေးပါ´လို့ ပန်ကြားပြီး ဦးနူက ပိဋိကတ်ဘာသာပြန်စာပေအသင်းဥက္ကဌ၊ ကိုကြီးအောင်(ခေါ်)ဗိုလ်မှူးအောင်(ပါလီမန်ခေတ် တိုင်းပြုပြည်ပြုလွှတ်တော်ဥက္ကဌ၊ ရဲဘော် သုံးကျိပ်ဝင်-သခင်စံလှိုင်)ကိုတော့ ရွှေတိဂုံ စေတီဂေါပကအဖွဲ့မှာ ဥက္ကဌလုပ်စေခဲ့ပါတယ်။ ကျနော် အဓိက တင်ပြလိုတာက အဲဒီလို (2/80)အမိန့် ဒီဂရီရဲ့ အကျိုးသက်ရောက်မှုအပြီး နောက်ပိုင်း (၁၉၈၄)ခုနှစ်ဝန်းကျင်လောက်မှာ CRDB (မြေအောက်လှုပ်ရှားမှုအဖွဲ့)ကို ဖွဲ့တည်ကြတဲ့အခါ နိုင်ငံရေး၊ စစ်ရေး လုပ်ဖော်ကိုင်ဖက်အချို့ရဲ့ မီးစတဖက်၊ ရေမှုတ်တဖက်(၀ါ)လှေနံနှစ်ဖက်နင်းတဲ့ ရပ်တည်ချက်တွေကို သာဓကပြလိုတာ ဖြစ်ပါတယ်။ ဒီသာဓကဟာ ဦးကြည်မောင်နဲ့လည်း ပတ်သက်ပါတယ်။ ဦးနူက မြန်မာနိုင်ငံဒီမိုကရေစီပြန်လည်တည်ဆောက်ရေးကော်မတီ(Committee for Restoration of Democracy in Burma-CRDB)ကို မြေအောက်အဖွဲ့ အစည်းတစ်ခုအနေနဲ့ မေမြို့(ပြင်ဦးလွင်)က သူ့ရဲ့ နွေရာသီအိမ်တစ်ခုမှာ ဖွဲ့စည်းဖို့ ဖိတ်ခေါ်ခဲ့ပါသတဲ့။ သူက စီအာဒီဘီအဖွဲ့မှာ နာယက၊ ဗိုလ်မှူးအောင်တို့၊ ဦးကျော်ငြိမ်းတို့၊ ဦးဗဆွေတို့၊ ဦးအောင်ကြီးတို့ကို ယူနစ်ခေါင်းဆောင်တွေပေါ့လေ။ ဦးအောင်ကြီးရဲ့ ယူနစ်ထဲမှာ ဦးကြည်မောင်တို့၊ ဦးချစ်ခိုင်(ဒုတိယဗိုလ်မှူးကြီးဟောင်: ဇေယျကျော်ထင်ချစ်ခိုင်၊ နောင်-NLDအတွင်းရေးမှူး ၁၉၉၀)တို့ပါဝင်ကြသတဲ့။ အဲဒီလို မြေအောက်လျှို့ဝှက်အဖွဲ့ ဖွဲ့တာကို ရက်ကြာကြာမဆိုင်းပဲ ဗိုလ်နေ၀င်းဆီကို သံတော်ဦးသွားတင်တာ ဘယ်သူအောက်မေ့လို့လဲ။ `ဦးချစ်ခိုင်´ဆိုတဲ့ ယူနစ်အဖွဲ့ဝင်ပေါ့။ ဦးချစ်ခိုင်က အဲသလို သတင်းပို့နိုင်အောင် နောက်ကွယ်ကနေ စီမံညွှန်ကြားသူက ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီးတဲ့လေ။ ဟုတ်ကဲ့- လှေနံနှစ်ဖက်နင်းတဲ့ `နိုင်ငံရေး၊ စစ်ရေး နှစ်ဖက်ချွန်´များအကြောင်း စပ်မိစပ်ရာ ပြန်လည်ဖောက်သည်ချရတာပါဗျာ။ အဲဒီလို လုံးစေ့ပတ်စေ့ မိမိထံကို သတင်းပို့တာကို ကြားသိရတဲ့ ဗိုလ်နေ၀င်းက အဲဒီအချိန်မှာ စိတ်ကောင်းဝင်နေချိန်မို့လို့ ထင်ပါရဲ့။ `ဟာကွာ- ချစ်ခိုင်ရာ၊ ဒီလူကြီးတွေ အသက်လည်းကြီးပါပြီကွာ၊ စိတ်ရူးပေါက်လို့ လျှောက်လုပ်တာနေမှာပါ။ ထားလိုက်ပါကွာ´လို့ ပြောတဲ့အကြောင်း အတွင်းသိ၊ အစင်းသိအချို့က ကျနော်ကို ပြန်ပြောတာမှတ်မိပါတယ်။ ဦးကြည်မောင်ဟာ ဦးအောင်ကြီးတို့၊ ဦးချစ်ခိုင်တို့နဲ့က ဟိုး… ကျောင်းသားလှုပ်ရှားမှု၊ သခင်လှုပ်ရှားမှုတွေကတည်းက တွဲလာသူဆိုတော့ သံယောဇဉ်နှောင်ကြိုးက ဖြတ်မရဘူးထင်ပါတယ်။ သူတို့ကိုမူ မကြိုက်ပေမယ့် လူချင်းက တအားခင်မင်နေတာမို့ ရှေ့ဆက်ပြီးလည်း အတွဲပျက်ကြပုံမရပါဘူး။
(ဆက်လက်ဖော်ပြပါမည်)
***သောင်ရင်းနဂါး***
(အပိုင်း- ၃)

No comments:
Post a Comment