မင်းတုန်းမင်းသည် မင်းစည်းစိမ်ကို ခံစားရင်း တိုင်းပြည်တာဝန်ကို ထမ်းဆောင်ရင်းက သာသနာ့ တာဝန်ကို အတတ်နိုင်ဆုံး ကျေပွန်အောင် ထမ်းဆောင်သည်။ ပံ့ပိုးသည်။ ကိုယ်တိုင်လည်း သံသရာမှ လွတ်မြောက်လိုသော ဆန္ဒအမှန်တကယ်ပင် ရှိသည်။ ထို့ကြောင့် ဆရာတော်ကြီးများနှင့် ဆုံတွေ့တိုင်း တရားအားထုတ်လိုကြောင်း လျှောက်ထားလေ့ရှိပါသည်။
တစ်ခါသော် နန်းတော်သို့ ဗန်းမော်ဆရာတော်အား ဆွမ်းကပ်သည်။
`တပည့်တော်မှာ မင်းစည်းစိမ်နဲ့ တာဝန်က တစ်ဖက်ရှိနေလို့သာပါဘုရား။ တာဝန်သာမရှိရင် တရားဘာဝနာသာ စီးဖြန်းနေလိုတော့ကြောင်းပါ ဘုရား´
မင်းတုန်းမင်းတရားကြီးက လျှောက်ထားသည်။
`ဒကာတော် မင်းမြတ်ဟာ ဘုန်းကြီးနဲ့ တွေ့တိုင်း တောပဲထွက်တော့မလို၊ ဘုန်းကြီးပဲ ၀တ်တော့မလို ပြောတာ များပြီ၊ ကြာတော့ ဒကာတော်ကို ကြည့်ရတာ ပျိုးနုတ်သမားနဲ့ တူနေပြီ´
ဗန်းမော်ဆရာတော်က မိန့်သည်။
`ရှင်းလင်းဟောကြားတော်မူ ပါဦးဘုရား´
`တို့များ ခေတ်က ပျိုးနုတ်သမားကောင်းဆိုရင် ဂုဏ်ရှိတယ်´
ဆရာတ်ေက ပုံပြင်ကို စပြောသည်။
တစ်နေ့သော် ထိုပန်းသည်ကြီးသည် ပန်းရောင်းရင်း ပျိုးခင်းကြီးတစ်ခုအနားသို့ ရောက်သွားသည်။ ထိုအချိန်တွင် ခါးပုံစတွင်း၌ နှီးတစ်စည်းကို ညှပ်ထားသော လူတစ်ယောက်လည်း ပျိုးခင်းသို့ ရောက်လာသည်။ ထိုသူကို ကြည့်ရသည်မှာ ပျိုးနုတ်သမားဟု မှတ်ထင်ရသည်။
ထို့ကြောင့် ပန်းသည်ကြီးသည် အပန်းလည်းဖြေရင်း ပျိုးနုတ်သည်ကို ကြည့်မည်ဟု သစ်ပင်ကြီးတစ်ပင်အောက်တွင် ၀င်ရောက် နားနေလေသည်။
ပျိုးနုတ်သမားလည်း ပျိုးခင်းထဲသို့ ရောက်လာသည်။ နှီးစည်းကို ခါးပုံစမှဖြုတ်ကာ ရေစိမ်ထားလိုက်သည်။
`ထမင်းစားပြီးမှ နုတ်လဲ ခဏပါပဲလေ´
ထိုသူရေရွတ်လိုက်သောအသံကို ပန်းသည်ကြီးက ကြားသည်။ ပန်းသည်ကြီးမှာ ပို၍ စိတ်ဝင်စားသွားသည်။ ထိုသူ ထမင်းစားပြီးနောက် ပျိုးနုတ်သည်ကို စောင့်ကြည့်ဦးမည်ဟု စိတ်ကူးကာ ဆက်စောင့်နေသည်။
ပျိုးနုတ်မည့်သူသည် ခေါင်းပေါင်းထားသည့် ပုဆိုးကို ဖြုတ်သည်။ သစ်မြစ်ပေါ်တွင် တင်လိုက်သည်။ ဆေးလိပ်တစ်လိပ်ကို မီးညှိရှိုက်ဖွာလိုက်သည်။ ထို့နောက် ပုဆိုးကို ခေါင်းအုံးကာ အညောင်းဆန့်လှဲအိပ်လိုက်သည်။
`ဒီပျိုးခင်းလေလောက်များ နေအေးမှ နုတ်လဲ ခဏပဲ၊ မှိန်းလိုက်ဦးမယ်´
ပျိုးနုတ်သူက ရေရွတ်ပြောဆိုရင်း အိပ်သည်။
ပန်းသည်ကလည်း ထိုသူပြောသည်ကို အတိုင်းသားကြားသည်။
`ကြည့်ရတာ ပျိုးနုတ်တော်တော် တော်မယ့်သူပဲ။ စောင့်လက်စနဲ့ စောင့်လိုက်ပါ့မယ်လေ´
ထို့သို့ တွေးတောမိရင်း ပန်းသည်လည်း အညောင်းဆန့်ရင် စောင့်နေလေသည်။
ပျိုးနုတ်မည့်သူ အိပ်ရာမှ နိုးလာသည်။
ပန်းသည်လည်း စောင့်ဆဲ။
`နေကလဲ တယ်အကျမြန်တာကိုး၊ ခုမှနုတ်လဲ အချိန်မမီတော့ပါဘူး။ မနက်ကျမှပဲ နုတ်ပါတော့မယ်´
ပျိုးနုတ်သမားက ရေရွတ်ပြောဆိုသည်။
`ဟင်…´
ပန်းသည်က ညည်းထွားရေရွတ်မိသည်။
သူ့ခမျာ ပျိုးနုတ်သည်ကို ကြည့်ရန် အားခဲထားသည်။ ယခုတော့…
နေကလည်း ညိုပြီ။
ပန်းရောင်းရန်အချိန်ကလည်း နည်းပြီ။
ပန်းအချို့ကလည်း ညှိုးပြီ။ ဆက်မရောင်းနိုင်တော့။ အိမ်သို့သာ ပြန်ခဲ့ရတော့သည်။
`ဒီသဘောပါပဲ ဒကာတော်ရေမြေ့ရှင်၊ ဒကာတော် တောထွက်နိုး၊ တရားဘာဝနာစီးဖြန်းနိုးနဲ့ စောင့်ခဲ့တာ ကြာပါပေကော။ အချိန်ကုန် စာကြည့်ပျက်တာပါပဲ´
ပုံပြင်ကို အဆုံးသတ်ပြီးနောက် ဆရာတော်လည်း ဗန်းမော်ကျောင်းတိုက်သို့ ပြန်လည်၍ ကြွခဲ့လေသည်။
မင်းတုန်းမင်းမှာ မည်သို့မျှ မလျှောက်သာ။
ဆရာတော်ကို မျ က် စိတ ဆုံး ဖူးမြော်ဦးတင်ရင်း ကျန်ခဲ့လေသည်။
** နေဘုန်းဝေ **
(စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ)
**(စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ)**

No comments:
Post a Comment