(လန်ဒန်၊ စက်တင်ဘာလ ၁၅-ရက်)
နှံစားသီးနှံ၊ အသားနှင့် သကြားဈေးနှုန်းများ မြင့်တက်လာမှုသည် အာဟာရချို့တဲ့မှု ပြဿနာနှင့် ကြုံနေရသော ကမ္ဘာ့လူဦးရေသန်း ၁၀၀၀ နီးပါးခန့်အတွက် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာကြောင်း စက်တင်ဘာလ ၁၅-ရက်နေ့ သတင်းများတွင် ဖော်ပြသည်။ စားနပ်ရိက္ခာ ဈေးနှုန်းများ မြင့်တက်လာခြင်းသည် ငတ်မွတ်ခေါင်းပါးမှု ပြဿနာကို လျှော့ချရေး လှုပ်ရှားမှုများအတွက် အဟန့်အတား ဖြစ်လာမည်ဖြစ်ကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (အက်ဖ်အေအို)က အင်္ဂါနေ့တွင် ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။ ကမ္ဘာပေါ်တွင် ငတ်မွတ်ခေါင်းပါးမှု ပြဿနာနှင့် ကြုံနေရသူ လူဦးရေသည် ပြီးခဲ့သည့် ဆယ်စုနှစ်တစ်ခုကျော် ကာလမှစ၍ တဖြည်းဖြည်း မြင့်တက်လာပြီး ၂၀၀၉ ခုနှစ်တွင် စံချိန်တင် အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။ (ရိုက်တာ)
** လာမည့်ရက်သတ္တပတ်အတွင်း ကျင်းပမည့် ကုလသမဂ္ဂအထွေထွေညီလာခံတွင် တရုတ်ဝန်ကြီးချုပ်နှင့် အမေရိကန်သမ္မတတို့ တွေ့ဆုံဆွေးနွေးမည် **
(ပေကျင်း၊ စက်တင်ဘာလ ၁၅-ရက်)
လာမည့်ရက်သတ္တပတ်အတွင်း အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ကျင်းပမည့် ကုလသမဂ္ဂအထွေထွေညီလာခံ၌ တရုတ်ဝန်ကြီးချုပ် ၀မ်ကြားပေါင်နှင့် အမေရိကန်သမ္မတ ဘာရတ်အိုဘားမားတို့တွေ့ဆုံကြမည်ဖြစ်ကြောင်း စက်တင်ဘာလ ၁၅-ရက် သတင်းများတွင် ဖော်ပြထားသည်။ အမေရိကန်သမ္မတနှင့် တရုတ်ဝန်ကြီးချုပ်တို့သည် နှစ်နိုင်ငံအကြား ပြဿနာများနှင့် နိုင်ငံတကာရေးရာ ကိစစ္စများကို ဆွေးနွေးမည်ဖြစ်ကြောင်း တရုတ်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက စက်တင်ဘာလ ၁၄-ရက်နေ့တွင် ပြောကြားသည်။ ကုန်သွယ်ရေးမှုဝါဒမှသည် လက်နက်ရောင်းချမှုများအထိ နှစ်နိုင်ငံအကြားဆက်ဆံရေးတွင် အဖုအထစ်ဖြစ်နေသော ပြဿနာများအား အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့က ဖြေရှင်းလိုအပ်လျက်ရှိသည်။ လာမည့်နှစ် ဇန်န၀ါရီလအတွင်း ဖြစ်လာဖွယ်ရှိသည့် တရုတ်သမ္မတ ဟူကျင်းထောင်း၏ အမေရိကန်ပြည်ထောင်စု ခရီးစဥင်္မတိုင်မီ တရုတ်ဝန်ကြီးချုပ်နှင့် အမေရိကန်သမ္မတတို့ တွေ့ဆုံခြင်းဖြစ်ပြီး နှစ်နိုင်ငံအကြား ဆက်ဆံရေးကို ပြန်လည်ထိန်းညှိနိုင်ရေးအတွက် အရေးကြီးသော ခြေလှမ်းတစ်ရပ်လည်းဖြစ်သည်။ (ဆင်ဟွာ)
** အကာဘာမြို့တွင် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားနိုင်ကြောင်း ဂျော်ဒန်ဆိုင်ရာ အမေရိကန်သံရုံးက သတိပေး **
(အမ္မာန်၊ စက်တင်ဘာလ ၁၅-ရက်)
ဂျော်ဒန်နိုင်ငံ ပင်လယ်နီဆိပ်ကမ်းမြို့ အကာဘာတွင် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားနိုင်မည့် အလားအလာများရှိကြောင်း ဂျော်းန်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ယင်းနိုင်ငံရှိ အမေရိကန်နိုင်ငံသားများကို သတိပေးခဲ့ပြီး လာမည့် ၄၈ နာရီအတွင်း အကာဘာမြို့သို့ သွားရောက်ခြင်းမပြုရန် ညွှန်ကြားထားကြောင်း စက်တင်ဘာလ ၁၅-ရက်နေ့သတင်းများတွင် ဖော်ပြထားသည်။ (အင်တာနက်)
** အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ တိုးတက်သည့်လက္ခဏာမပြ **
(ပေကျင်း၊ စက်တင်ဘာလ ၁၅-ရက်)
အစ္စရေးနှင့် ပါလက်စတိုင်းခေါင်းဆောင်များသည် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အဖုအထစ်သဖွယ် ဖြစ်နေသော ပင်မပြဿနာများကို အင်္ဂါနေ့က အဖြေရှာရန်ကြိုးစားခဲ့သော်လည်း ပြတ်သားသောရလဒ်မျိုး ထွက်ပေါ်ခဲ့ခြင်းမရှိကြောင်း စက်တင်ဘာလ ၁၅ -ရက်နေ့သတင်းတွင် ဖော်ပြသည်။ (ဆင်ဟွာ)
** စုစည်းဘာသာပြန်-မောင်ငြိမ်း **
** စားနပ်ရိက္ခာ ဈေးနှုန်းများမြင့်တက်မှု ကမ္ဘာ့လူဦးရေ သန်း ၁၀၀၀ ခန့်ကို ခြိမ်းခြောက်နေ **

No comments:
Post a Comment