(၀ယ်လင်တန်၊ စက်တင်ဘာလ ၄-ရက်)
နယူးဇီလန်နိုင်ငံ ဆောက်သ်အိုက်လန်ရှိ ဖောက်ဂလက်စီယာ လေဆိပ်၌ စက်တင်ဘာလ ၄-ရက်နေ့က လေ ယာဉ်တစ်စင်းပျက်ကျခဲ့ရာ လူကိုးဦးသေဆုံးကြောင်း နယူးဇီလန်ရဲတပ်ဖွဲ့က အတည်ပြုပြောကြားသည်။ အဆို ပါ လေယာဉ်သည် လေထီးခုန်သမားများနှင့် ကမ္ဘာလှည့်ခရီးသည်များ ပါရှိသော အဖွဲ့တစ်ဖွဲ့ကို တင်ဆောင် လာပြီး ဖောက်ဂလက်စီယာ လေဆိပ်မှပျံတက်ပြီး မကြာမီ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်က ပျက်ကျခဲ့ကြောင်း သတင်း များတွင် ဖော်ပြသည်။ လေယာဉ်ပေါ်၌ လိုက်ပါသူများမှာ နယူးဇီလန်နိုင်ငံသားငါးဦးနှင့် သြစတြေးလျ၊ အိုင်းရစ်၊ ဂျာမန်နှင့် ဗြိတိန်နိုင်ငံတို့မှ ကမ္ဘာလှည့်ခရီးသည်များ ဖြစ်ကြသည်။ တာ့စ်မန်ခရိုင်ရဲတပ်ဖွဲ့က လေယာဉ်ပျက် ကျသည့် နေရာကိုစောင့်ကြပ်လျက်ရှိသည်။ (ဆင်ဟွာ)
** ထိုင်းအလုပ်သမားများ လူကုန်ကူးခံရ **
ထိုင်းအလုပ်သမား ၄၀၀ ကို အမေရိကန်ပြည်ထောင်စုတွင် အလုပ်အကိုင်များရရှိမည်ဟု သွေးဆောင်ဖြားယောင်းကာ ၄င်းတို့၏ နိုင်ငံကူးလက်မှတ်များကို သိမ်းယူခဲ့ပြီး အခကြေးငွေအမြောက်အမြား တောင်းယူခဲ့သူ ခြောက်ဦးတို့ကို အမေရိကန်တွင် တရားစွဲဆိုထားသည်။ (အင်တာနက်)
** ငလျင်အပြီး ညမထွက်ရအမိန့်ထုတ် **
နယူဇီးလန်နိုင်ငံတွင် ဒုတိယအကြီးဆုံးမြို့ဖြစ်သော ခရစ္စချတ်ခ်ျ၌ ပြင်းအား ရစ်ခ်ျတာစကေး ၇ ဒသမ ၅ ရှိ ငလျင်လှုပ်သွားပြီးနောက် ငလျင်ဒဏ်ခံပြည်သူများနှင့် ပျက်စီးမှုများကို အကာအကွယ်ပေးနိုင်ရန်အတွက် နယူးဇီလန်ရဲတပ်ဖွဲ့က နေ၀င်မီးငြိမ်း အမိန့်တစ်ရပ်ကို ထုတ်ပြန်လိုက်သည်။ (အင်တာနက်)
** တိုနီဘလဲ ကြက်ဥစာမိ **
ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲသည် အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်မြို့ရှိ ၀ါးတားစတုန်းစာအုပ်တိုက်တွင် ကျင်းပသည့် `ခရီးတစ်ခု´အမည်ရှိ ၄င်း၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်လက်မှတ်ရေးထိုးပွဲသို့ သွားရောက်စဉ် အာဖဂန်နစ္စတန်နှင့် အီရတ်စစ်ပွဲများ၌ ၄င်းပါဝင်ပတ်သက်မှုများနှင့် ပတ်သက်ပြီး စစ်ဆန့်ကျင်သူများက ကြက်ဥများ ဖိနပ်များဖြင့် ပစ်ပေါက်ခဲ့ကြသည်။ (အင်တာနက်)
** ကိုလံဘီယာတပ်ဖွဲ့များ လက်ဝဲသူပုန်များကိုတိုက် **
ဗင်နီဇွဲလားနိုင်ငံ နယ်စပ်အနီးဖြစ်ပွားသော တိုက်ပွဲတစ်ခုတွင် ကိုလံဘီယာလုံခြုံရေးတပ်ဖွဲ့ဝင်များက လေယာဉ်နှင့် ရဟတ်ယာဉ်များ၏ အကူအညီဖြင့် တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လက်ဝဲ၀ါဒီသူပုန် ၁၁-ဦး သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- မောင်ငြိမ်း **
** နယူးဇီလန်တောင်ပိုင်း၌ လေယာဉ်ပျက်ကျ နယူးဇီလန်နိုင်ငံသား ငါးဦးနှင့် နိုင်ငံခြားသား လေးဦးသေဆုံး **

No comments:
Post a Comment