အဘ ဦးအုန်းမြင့် ကွယ်လွန်သွားပြီတဲ့။ အဘရေ ဦးချကန်တော့ပါတယ်။ ဦးညွှတ် အလေးပြုပါတယ်။
၁၉၉၈ နှစ်ဦးပိုင်းမှာ အဘရဲ့ အသက် ၈၀ပြည့်မွေးနေ့ကို တွဲဖက်ထောင် အထူးတိုက်မှာ ကျွန်တော်တို့ လုပ်ခဲ့ရတယ်။ နောက်ရက်ပိုင်းအတွင်းမှာအမိန့်ကျပြီး အင်းစိန်ထောင်မကြီ...းကိုပြောင်းကြရတယ်။ အချုပ်ကားကြီးပေါ်တက်တော့ ပခုံးပေါ်တပွင့်တင်ထားတဲ့အရာရှိက --အဖိုးကြီး ဟိုကြည့်ဒီကြည့် မလုပ်နဲ့ သေသွားချင်လားလို့ ကြိမ်းတယ်။ အင်းယားကန်ဘေး ခေတ်မှီတိုက်ကြီး ခြံဝန်းကျယ်ကြီးထဲမှာ အေးအေးလူလူနေနိုင်တဲ့ အဘက ဘာတခွန်းမှ မပြောဘူး။ ဘ၀တလျှောက်လုံးမှာ စွန့်ခဲ့ရတာတွေ။ ပှုဇွန်တောင်က ပြည်သူပိုင်အသိမ်းခံရတဲ့တိုက်ကို နအဖ က အပေးအယူ လာလုပ်တာတွေလည်း အမှတ်ရတယ်အဘရေ။ အဘမိန်းမက သူ ကွယ်လွန်ခါနီးအဘ သားသမီးတွေကို ဘအတွက် မှာထားခဲ့ တာလည်း မမေ့ဘူးအဘရေ။ အဘရေ ဖြည့်ခဲ့တဲ့ ပါရမီတွေ က အဘခရီးအတွက်လုံလောက်တယ်လို့ ကျွန်တော်ယုံကြည်တယ်။ အဘ ကောင်းရာသုဂတိ လားမယ်ဆိုတာလေ။ အဘရေအကြိမ်ကြိမ် ဦးညွှတ်ရင်းနဲ့ အဘမြင်ချင်တဲ့ တိုင်းပြည်အတွက်ကျွန်တော်တို့ မျိးဆက်တွေ ခရီးဆက်မယ်လို့ ကတိပြုပါတယ်။
(ခွန်ဆိုင်း)
အဘ ကောင်းရာ သုဂတိလားပါစေ။
(အေးနှင်းညို)
ဘဘဦးအုန်းမြင့်ဟာ အသက်ကြီးပေမဲ့ ထောင်ကလွတ်လာတဲ့ လူငယ်တွေကို မွတ်စလင်ဆေးရုံမှာ ဆေးစစ်ဖို့ လိုက်ပို့ပေးခဲ့ တာကို သတိရမိပါတယ်။ စိတ်မကောင်းဖြစ်ရတယ်။
(လေးနွယ်)
ဘဘရေ သမီး အရမ်းဝမ်းနည်းပါတယ်ဆိုတဲ့ စကားတောင်ရင်ထဲက ထွက်မလာနိုင်တော့ဘူး။ သမီး အတွေ့ချင်ဆုံး သူ တယောက် ဆုံးရှုံးလိုက်ရပြီလေ။ ထွက်မလာ ခင် ဘဘ ကိုသွားကန်တော့ တော့ ပြတ်သားတိကျစွာ ပေးလိုက်တဲ့ ဆုံးမစကားတွေက အခုချိန်ထိ မနေ့ တနေ့ က လို စွဲ နေတာ။ မမြင်ဖူးလိုက်တဲ့ ကိုယ့်အဖိုးတွေ ထက်ကို ပိုချစ်တယ်။ ခင်တယ်။ အရမ်းလည်း ပြန်တွေ့ ချင်ခဲ့ တယ်။ နေမကောင်းဘူး။ မရ နိုင်တော့ ဘူး ဆိုတဲ့ သတင်းတွေ ကြားရကတည်းက စိတ်မကောင်းဘူး။ သူကလည်း ကြုံရင် ကြုံသလို လူကြုံနဲ့ အမြဲ သတိတရ မေးရှာတယ် ။မတွေ့ နိုင်လိုက် ပေမယ့် မနက်ဖြန် ဈာပနာ ကို မျက်စိ ထဲမှာ မှန်းဆပြီး ဘဘ (သခင်အုန်းမြင့်) ကို ဂါရ၀ ပြုလိုက်ပါတယ်။
(မေမျိုး)
အောင်ကြီး အဘနဲ့ ကျွန်တော်ထောင်ထဲမှာတူတူဆုံခဲ့ရတယ် ။ ကျွန်တော် ၂၀၀၉ စက်တင်ဘာမှာ ထောင်ကလွတ်လာ တော့လည်းအဘနဲ့ ပြန်ဆုံရတယ်။ အခုတော့ကျွန်တော်တို့ လေးစားရတဲ့၊ တန်ဖိုးထားရတဲ့အဘကအားလုံးကိုခွဲပြီး လူ့ လောကကထွက်ခွာသွားပြီ။
(ရွှေဘိုပြန်)
ဘဘရေ … (တခါတရံ)ငယ်ရွယ်နုပျိုတဲ့ လူငယ်တွေတောင် မရောက်နိုင်တဲ့ သာရေးနာရေး၊ အခမ်းအနားပွဲတွေမှာတောင် တုတ်ကေါက်တချောင်းနဲ့ အသက်အရွယ်ကိုဂရုမစိုက် ရောက်အောင်လာတတ်တဲ့ ဘဘ… ကျမတို့အားလုံးအတွက် အကြီးမားဆုံး၊ စံအထားရဆုံး အင်အားကြီးတခု ဆုံးရှူံးလိုက်ရပြီ။ ဘဘရဲ့ဈာပနပွဲကို အဝေးကနေ ကျမတို့ မိသားစု စိတ်မှန်းနဲ့ပို့သပါမယ်။ ဘဘ ကောင်းရာမွန်ရာဘ၀ရောက်မှာပါ … ယုံကြည်တယ်။
(အေးအေးမိုး)
လူမှန်းမသိတတ်ခင်ထဲကအဖေဘက်ကအဖိုး၊အမေဘက်ကအဖွားအဖေ၊အမေတို့နှင့်ကင်းကွာခဲ့သည်..သို့သော်အဖိုး များ၏အသိုင်းအဝန်းမှပုဂ္ဂိုလ်များနှင့်သိရှိခဲ့ရသည်...ကလေးဘဝမှာထိုသူများအားကိုယ့်အမျိုးအဆွေတွေလိုရင်းနှီးခင်မင်မိသည်..ထိုအထဲတွင်အဖိုးဦးအုန်းမြင့်လဲအပါအဝင်...ဖြစ်ခဲ့သည်...အိမ်သို့လာသည်...စကားပြောသည်...ထမင်းစားသည်..တကယ့်ကိုကိုယ့်အဖိုးတယောက်ကဲ့သို့ပင်...အိမ်သို့အဖိုးတို့အဖွားတို့နှင့်ရင်းနှီးသောမိတ်ဆွေများ.ခဏခဏလာ ကြပါသည်.ထိုသို့လာလျှင်ပင်ပျော်နေမိသည်..ကိုယ့်အမျိုးတွေအိမ်လာလည်သလိုခံစားရသည်...အဖိုးဦးအုန်းမြင့်သည်တကယ့်ကိကိုသမီးတို့မိသားစုအတွက်အရင်းအနှီးဆုံးအမျိုးတစ်ယောက်ကဲ့သို့ပင်..ယခုတော့သမီးတို့မီသားစုအတွက်ရော..တိုင်းပြည်အတွက်ရော..တကယ့်ကိုအရေးပါတဲ့လူတစ်ယောက်ဆုံးရှုံးလိုက်ရပါပြီ...
(တင်လေးဇင်)
ဥယျာဉ်မှူးတစ်ဦးအား ကောင်းရာသုဂတိလားပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှလုံးသားတွင် ဦးတင်လိုက်ရပါသတည်း။
(သောင်ရင်းနဂါး- မြန်မာပြည်သား )
**Silver Moon **
**ကျွန်တော် စံထားခဲ့တဲ့ အလေးစားရဆုံး ပုဂ္ဂိုလ်တွေထဲက တယောက်**

No comments:
Post a Comment