ဂျာမန်ကလပ် ၀ုလ်ဖ်ဘာ့ဂ်အသင်း နည်းပြကြီး စတိဗ်မက္ကလာရင်သည် ဇန်န၀ါရီ အပြောင်းအရွှေ့ ဈေးကွက်တွင် တော့တင်ဟမ် ဟော့စပါး တောင်ပံလူ ဂါရတ်ဘေးလ်အား ခေါ်ယူရန် အသင်းတာဝန်ရှိသူများအား တိုက်တွန်းထားသည်။ အင်္ဂလန် လက်ရွေးစင်အသင်းနှင့် မစ်ဒယ်ဘရော့တို့ကို ကိုင်တွယ်ဖူးသည့် အင်္ဂလိပ်လူမျိုး နည်းပြကြီးသည် ဘယ်တောင်ပံ ကွင်းလယ်ရော၊ ခံစစ်ပါ အကောင်းဆုံး ကစားနိုင်သည့် ဘေးလ်အား ပေါင်သန်း(၂၀)ထိပေးကာ ခေါ်ယူနိုင်ရန် အလိုရှိနေသည်။ Free Kickများတွင် ထူးချွန်သည့် အသက်(၂၁)နှစ်အရွယ် ဝေလလက်ရွေးစင် ကစားသမားလေးသည် ယခုနှစ် စပါးအသင်း၏ အဓိက ကစားသမား တစ်ဦးအဖြစ် အထူးခြေစွမ်းပြလျက်ရှိပြီး ယခုနှစ် နွေရာသီကမှ စာချုပ်သစ်အတွက် စပါးနှင့် လက်မှတ်ရေးထိုးထားသည်။
** ချယ်လ်ဆီးနှင့်ပွဲစဉ်တွင် ဖာဘရီဂက်စ် ပါဝင်နိုင်ရန် အာစင်ဝင်းဂါး မျှော်လင့် **
အာစင်နယ်နည်းပြ အာစင်းဝင်းဂါးက ပရီးမီးယားလိဂ် ထိပ်သီးပြိုင်ဖက် ချယ်လ်ဆီးနှင့် ပွဲစဉ်တွင် ဆက်စ်ဖာဘရီဂက်စ် ပြန်လည်ပါဝင်နိုင်ရန် မျှော်လင့်နေကြောင်း ပြောကြားခဲ့သည်။ အောက်တိုဘာ (၃)ရက်နေ့ ပွဲကြီးပွဲကောင်းတွင် စပိန်လက်ရွေးစင် ကွင်းလယ်လူ ဖာဘရီဂက်စ်အနေနှင့် ပါဝင်ခြင်း ရှိမရှိမှာမူ ယခုအချိန်ထိ မသေချာသေးပေ။ အာစင်နယ်၏ အသင်းခေါင်းဆောင်သည် ဆန်းဒါးလန်း အသင်းနှင့် အလင်းရောင်ကွင်းတွင် သရေကျခဲ့သော ပွဲစဉ်အတွင်း ရရှိခဲ့သော ဒဏ်ရာကြောင့် အနားယူနေရဆဲဖြစ်သည်။
** အိုဝင်ဟားဂရေ့ဗ် ပြန်ကစားနိုင်တော့မည် သတင်းအား ဖလက်ချာကြိုဆို **
မန်ချက်စတာ ယူနိုက်တက်၏ ကွင်းလယ်ကစားသမား ဒါရင်ဖလက်ချာက အိုဝင်ဟားဂရေ့ဗ် ပြန်လည် ကစားနိုင်တော့မည်ဆိုသော သတင်းများအား ၀မ်းမြောက်ဝမ်းသာ ကြိုဆိုလိုက်သည်။ အသက်(၂၉)နှစ်အရွယ် အင်္ဂလန် ကွင်းလယ်လူ ဟားဂရေ့ဗ်သည် နှစ်နှင့်ချီ ကြာမြင့်အောင် ဒုက္ခပေးနေသည့် ဒူးဒဏ်ရာကို နွေရာသီက ခွဲစိတ်ခဲ့ပြီး ယခုအခါ ယူနိုက်တက် ပထမအသင်းတွင် ပါဝင်လာတော့မည်ဖြစ်သည်။
** ဂျူဗင်းတပ်စ်ကွင်းလယ်လူအား မန်ယူစောင့်ကြည့် **
မန်ချက်စတာ ယူနိုက်တက် အသင်းသည် ဂျူဗင်းတပ်စ် ကွင်းလယ်ကစားသမား ကလော်ဒီယို မာချီဆီယိုအား စောင့်ကြည့်နေကြောင်း သိရသည်။ TuttoJuve.com ၀က်ဘ်ဆိုက်က အင်္ဂလန်ထိပ်တန်း ကလပ်အသင်းသည် အသက်(၂၄)နှစ်ရှိ အီတလီ လက်ရွေးစင်အား စိတ်ဝင်စားနေကြောင်း ဖော်ပြထားသည်။ ဂျူဗင်းတပ်စ်နှင့် စာချုပ်သက်တမ်းတိုးရန် စီစဉ်နေသော မာချီဆီယိုအား ယူနိုက်တက်က ကြားဖြတ်ခေါ်ယူဖွယ် ရှိနေပြီး မာချီဆီယိုသည် ယခုအချိန်ထိ အီတလီကလပ်အသင်းနှင့် စာချုပ်သက်တမ်းကိစ္စ အပြီးသတ် မညှိနှိုင်းနိုင်သေးချေ။ ယူနိုက်တက်၏ ကစားသမားသစ် ရှာဖွေရေး ကင်းထောက်များသည် မာချီဆီယို၏ ကစားပုံ တိုးတက်လာမှုအပြင် စာချုပ်ကိစ္စကိုပါ စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။
** 7 Day News ဂျာနယ်မှ ကူးယူဖော်ပြသည်။ **
** ဂျာမန်ဝုလ်ဖ်ဘာ့ဂ်အသင်းက တော့တင်ဟမ် ကစားသမား ဂါရတ်ဘေးလ်အား ခေါ်ယူလို **

No comments:
Post a Comment