ရှေးလွန်လေပြီးသောအခါက ဓာရာနဂရပြည်တွင် တစ်ခုသော ညချမ်းည ကျီးငှက်တို့ ဆူဆူညံညံအော်မြည်လျက်ရှိသည်ကြားတော်မူသော ဘုရင်မင်းမြတ်သည် မူးမတ်တို့အား ပြဿနာတစ်ခုကို မေးမြန်းရန် အကြံတော်ရလေသည်။
သို့ဖြစ်၍ နောက်တစ်နေ့ နံနက်ညီလာခံ၌ ပညာရှိ အမတ်တို့ စုံလင်သောအခါ…
`အို… ပညာရှိအပေါင်းတို့ ငါ၏မြို့တော်တွင် ညဥ့်အခါ၌ ကျီးငှက်များအလွန်တရာ ဆူညံလှဘိ၏။ ငါ၏ မြို့တော်တွင်ကျီးပေါင်းမည်မျှရှိဘိသနည်း´ဟု မေးတော်မူလေသည်။
ပညာရှိမူမတ်အပေါင်းတို့လည်း ဘုရင်မင်းမြတ်၏ အမေးကို ကြားရသောအခါ လွန်စွာပင် အံ့သြကြလျှက် တစ်ယောက်၏ မျက်နှာကို တစ်ယောက်ကြည့်ကာ အဖြေကို ရှာကြံ၍ မရနိုင်ကြသဖြင့် ဆိတ်ဆိတ်ပင်နေကြရသည်။
ထိုအခါ ပညာရှိအမတ်ကြီးသည် မင်းပရိသတ်အလယ်မှထလိုက်ပြီးလျှင်…
`အို… အရှင်မင်းမြတ်၊ အရှင်မင်းမြတ်၏ ရွှေမြို့တော်အတွင်း၌ ရှိရှိသမျှသော ကျီးတို့မှာ အရေအတွက်အားဖြင့် တစ်သောင်းငါးထောင့်သုံးရာငါးဆယ်တိတိရှိပါသည်ဘုရား´ဟု တမဟုတ်ချင်း ပြောဆိုလိုက်လေသည်။
ထိုသို့ ပညာရှိအမတ်ကြီးဖြေဆိုလိုက်သည်ကို ကြားရသောအခါ ဘုရင်မင်းမြတ်နှင့်တကွ ညီလာခံသဘင်၌ ရှိကုန်သော မူးမတ်ဗိုလ်ပါအပေါင်းတို့သည် လွန်စွာပင် အံ့သြလျှက် ပညာရှိအမတ်ကြီးကိုသာ ငေးမောကြည့်ရှု၍ နေကြတော့၏။ ထို့နောက်… ဘုရင်မင်းမြတ်က…
`ပညာရှိ အမတ်ကြီး၊ သင် ဤကဲ့သို့ တိတိကျကျလျှောက်ထားနိုင်သည်မှာ မည်သည့်အချိန်က ရေတွက်ထားဘိသနည်း။ သင်ကိုယ်တိုင် ရေတွက်၍ ထားပါသလော၊ သင်၏ အဖြေမှန်မည်ဟု ငါကိုယ်တော်မြတ် မထင်ပါချေ´ဟု မိန့်တော်မူ၏။ ထိုအခါ ပညာရှိအမတ်ကြီးက…
`အရှင်မင်းမြတ်၊ ကျနော်မျိုး၏ အဖြေသည် အမှန်ပင်ဖြစ်ပါဘိသည်။´ ဟု ရဲဝံ့စွာ ထပ်မံလျှောက်တင်လေသည်။
ထိုအခါ မင်းကြီးက
`ယင်းသို့ဖြစ်လျှင် ရှိစေတော့၊ အကယ်၍ သင်ပြောသော ကျီးငှက်အရေအတွက်ထက် တစ်ကောင်တလေလျော့နေခဲ့သော်လည်းကောင်း၊ ပိုနေခဲ့သေည်လည်းကောင်း၊ သင်အမတ်ကြီးကို အသပြာငွေတစ်သောင်းငါးထောင်သုံးရာ့ ငါးဆယ်တိတိဒဏ်တပ်တော်မူမည်။ သင်အမတ်ကြီး စဉ်းစား၍ ပြန်လည်လျှောက်တင်ဦးလော´ဟု မိန့်တော်မူပြန်၏။
ပညာရှိအမတ်ကြီးလည်း `ကျနော်မျိုး လျှောက်ထားသည်မှာ အမှန်ပင်ဖြစ်ပါသည်။ ဘုရား၊ အရှင်မင်းမြတ်ရေတွက်ကြည့်စေလိုပါသည်။ အကယ်၍ ကျနော်မျိုးလျှောက်တင်သည့် အရေအတွက်ထက်လျော့နည်းနေမည်ဆိုလျှင် ကျီးငှက်များသည် အစာရှာရန် အလို့ငှာ အရပ်တစ်ပါးသို့ ခရီးသွားနေခိုက် ကြုံ၍သာ ဖြစ်ပါလိမ့်မည်။ အကယ်၍ အကောင်အရေအတွက် ပိုနေမည်ဆိုလျှင်လည်း အခြားတစ်ပါးသော အရပ်မှ လာရောက်တည်ခိုးကြသော ကျီးငှက်ဧည့်သည်များရှိနေသောကြောင့်ဟု ယူဆရပါလိမ့်မည် အရှင်မင်းကြီး၊ ဤသို့ခရီးလွန်ခြင်း၊ ဧည့်သည်ရောက်ခြင်းများ မရှိဟုဆိုပါလျှင် ကျနော်မျိုး လျှောက်တင်ချက်သည် အမှန်ပင် ဖြစ်ပါသည်။ အရှင်မြတ်ဘုရား´ဟု လျှောက်တင်လိုက်လေသည်။
ပညာရှိအမတ်ကြီး၏ ထိုကဲ့သို့ ရွှင်လှသော ဥာဏ်ဖြင့် ရုတ်တရက်တင်လျှောက်ဖြေဆိုသည်ကို ကြားကြရသောအခါ မင်းပရိသတ်အပေါင်းတို့သည် သောင်းသောင်းဖျဖျရယ်မောကာ ချီးမွမ်းထောပနာပြုကြလေတော့သည်။
ဘုရင်မင်းမြတ်လည်း ပညာရှိအမတ်ကြီး၏ အဖြေကို လွန်စွာနှစ်ခြိုက်တော်မူသဖြင့် ဆုလာဘ်များစွာ ပေးသနားတော်မူလေသတည်း….။
** အောင်ခင်စိုး **
(၀ိရောဓနပရောဟိတ် ပုံပြင်များမှ)
**(၀ိရောဓနပရောဟိတ် ပုံပြင်များ)**

No comments:
Post a Comment