**ပိုလိုလက်ကြားညှပ်နိုင်**
အဲဒီလို ပြောပြတိုင်း ခုခေတ်စာပေနယ်သား လူငယ်တွေ ပါးစပ်ဟောင်းလောင်းနဲ့ နားထောင်နေတတ်တယ်။ သိပ်ရင်းနှီးတဲ့ လူငယ်တချို့ကတော့ ဆရာပုံပြောနေတာလား လို့ ပြန်ပြီး ရယ်သွမ်းသွေးတယ်။ ကိုယ်ငယ်ငယ်ကလည်း ပိုက်ဆံနှစ်ပြားရှိရင် လက်ဖက်ရည်သောက်ပြီး၊ ပိုလိုလက်ကြားညှပ်နှိင်တယ် လို့ ပြောတဲ့ ဦးကြီး ဦးလေးတွေကို ဒီလိုပဲ ရယ်သွမ်းသွေးခဲ့တာကြောင့် ၀ဋ်လည်တာပဲလေလို့ပဲ အောက်မေ့လိုက်ရတော့တယ်။ ဒါကြောင့် တချို့ လူတွေက အတိတ်ကို ပြန်ပြောမနေနဲ့၊ ပစ္စုပ္ပန်ကိုပဲ ကြည့်လို့ ပြောနေကြတာဖြစ်တယ်။ သူတို့က ဘာသာရေးကို ဆွဲယူပြီး ပစ္စုပ္ပန်တည့်တည့်ရှု ဆိုတဲ့ စကားကို ခုတုံးလုပ်တတ်တယ်။ ပညာရှိဂိုက် ဖမ်းချင်သူများကတော့ ပရတ်မားတစ် ဖြစ်ပါပေါ့လေ။
**ကာလသုံးပါး ခွဲခြားမရ**
သိပ္ပံနည်းကျပဲ စဉ်းစားစဉ်းစား ဒဿနအမြင်နဲ့ပဲ ကြည့်ကြည့်၊ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်ဆိုတဲ့ ကာလသုံးပါးကို ခွဲခြားစဉ်းစားလို့ မရပါဘူး။ တစ်ခုနဲ့ တစ်ခုဆက်စပ်နေကြသလို၊ အပြန်အလှန်လည်း အမှီသဟဲပြုနေကြတာ ဖြစ်တယ်။ အတိတ်မရှိဘဲ ပစ္စုပ္ပန် ဖြစ်မလာနိုင်ဘူး။ ပစ္စုပ္ပန်မရှိရင် အနာဂတ်ဆိုတာလည်း မရှိနိုင်ဘူး။ ဒါကြောင့် ဘယ်ကိစ္စ၊ ဘယ်အကြောင်းအရာမဆို ဒီသုံးမျိုးစလုံးကို ဆက်စပ်စဉ်းစားဖို့ လိုတယ်။ သမိုင်းပညာရပ်ကို မလေ့လာလို့ မဖြစ်ဘူးဆိုတာ ဒါကြောင့်ပြောတာ။ သမိုင်းကို လေ့လာမှ လူသားတွေရဲ့ ယဉ်ကျေးမှု အဆင့်ဆင့် ပြောင်းလဲတိုးတက်လာပုံကို၊ အတွေးအခေါ် ဒဿနတွေဖြစ်ထွန်းပေါ်ပေါက်လာပုံတွေကို သိနိုင်တာဖြစ်တယ်။ သမိုင်းကို အတွေးအခေါ် ဒဿနတွေ ဖြစ်ထွန်းပေါ်ပေါက်လာပုံတွေကို သိနိုင်တာ ဖြစ်တယ်။ သမိုင်းကို မလ့လာပဲ ခေတ်သစ်ကို တည်ဆောက်လို့ မရပါဘူး။ ဇွတ်လုပ်လို့ အိုးနင်း ခွက်နင်းဖြစ်ပြီး နိုင်ငံတွေ၊ လူမျိုးတွေ ဒုက္ခအကြီးအကျယ် ရောက်ခဲ့ရတဲ့ သာဓကတွေ နည်းသလားလို့၊ အီရတ်ရဲ့၊ နောက်ခံသမိုင်းကြောင်းနဲ့ ကြွယ်ဝလှတဲ့ မက်ဆိုပိုတေးမီးယား ယဉ်ကျေးမှုတွေကို လုံးဝ မျက်ကွယ်ပြုပြီး မဟာ့မဟာ ကော်ပိုရေးရှင်းကြီးများက မွေးထုပ်ပေးလိုက်တဲ့ လစ်ဘရယ်ဒီမိုကရေစီ အယူအဆူတွေကို ဇွတ်အင်း သွတ်သွင်းပေးဖို့ လုပ်ခဲ့လို့ အီရတ်တစ်နိုင်ငံလုံး ဗြောင်းဆန်နေတာ လက်တွေ့ပဲလေ။
**ကွင်းဆက်ဖြတ်လို့မရ**
အနာဂတ်ကို မျှော်ကြည့်ချင်းဟာ စိတ်ကူးယဉ်ပြီး လေထဲတိုက်အိမ်ဆောက်တာ မဟုတ်ဘူး။ တိုးတက်ခြင်းကို မျှော်မှန်းတာ ဖြစ်တယ်။ ရှေးလူကြီးတွေ စိတ်ကူးယဉ်တတ်ရင်၊ အိပ်မက်တွေ မမက်တတ်ရင် လူသားတွေ ဒီအခြေအနေထိ ရောက်လာမှာတောင် မဟုတ်ဘူး။ လူမှန်ရင် စိတ်ကူးယဉ်ရမယ်။ အိပ်မက် မက်ရမယ်။ မျက်မွေးတစ်ထောက်တင် မကြည့်ရဘူး။ အဝေးကြီိးကု မျက်စိတစ်ဆုံးမျှော်ကြည့်ရမယ်။ ပစ္စုပ္ပန်ငို အတိတ်ပေါ်မှာ တည်ဆောက်ထားတာဖြစ်သလို၊ ပစ္စုပ္ပန်ပေါ်မှာ အနာဂတ်ကို တည်ဆောက်ရမှာဖြစ်တယ်။ ကာလသုံးပါးကွင်းဆက်ကို ဖြတ်ထားလို့ မရဘူး။ တစ်ခုနဲ့ တစ်ခုဟာ ချိတ်ဆက်နေကြတဲ့ အရာတွေ ဖြစ်ကြတယ်။ လက်တွေ့ကျရမယ်ဆိုတာဟာ အခုလက်ရှိကိုယ်သာ ကြည့်ရမယ်။ နောက်မကြည့်ရဘူး။ ရှေ့မကြည့်ရဘူးလို့ အဓိပ္ပါယ် ကောက်ယူမှုဟာ လုံးဝမှားတယ်။
**အမှန်အတိုင်း မြင်တာ လက်တွေ့**
လက်တွေ့ကျတယ် ပရက်မားတစ် ဖြစ်တယ်ဆိုတာက ဖြစ်စဉ်ဖြစ်ရပ်တွေကို အမှန်အတိုင်း ရှုမြင်သုံးသပ်တာကို ပြောတာဖြစ်တယ်။ ကိုယ်ဖြစ်စေချင်တဲ့ ဆန္ဒစွဲ(widhful thinking)နဲ့ မကြည့်ရဘူး။ အဆင့်ဆင့် ဖြစ်စဉ်တွေနဲ့ လက်ရှိဖြစ်နေတာတွေအားလုံးကို ကျိုးကြောင်းဆက်စပ်မှု တရားသဘောနဲ့ ကြည့်ပြီး သုံးသပ်ရမယ်လို့ ဆိုလိုတာဖြစ်တယ်။ လောကမှာ ဘယ်အရာမှ အကြောင်းမဲ့ ဖြစ်လာတာ မရှိဘူး။ အကြောင်းတရားကြောင့် အကျိုးတရား ပေါ်ပေါက်လာတာဖြစ်တယ်။ ပစ္စုပ္ပန်မှာ ဖြစ်နေသမျှ အားလုံးဟာ အတိတ်က အကြောင်းတရားတွေကြောင့် ပေါ်ပေါက်လာရတာဖြစ်သလို ပစ္စုပ္ပန် လုပ်ဆောင်ချက်တွေအပေါ်မှာ မူတည်ပြီး အနာဂတ်ဆိုတာ ပေါ်ပေါက်လာရမှာဖြစ်တယ်။ ဒါဟာ သိပ္ပံနည်းကျ တွေးခေါ်စဉ်းစားခြင်း ဖြစ်တယ်။
**သိမ်ငယ်စိတ်ကြောင့်**
အတိတ်သမိုင်းဆိုတာ နိုင်ငံတစ်ခုရဲ့ ၀န်ထုပ်ဝန်ပိးဖြစ်တယ် ဆိုတဲ့ စကားကို အမေရိကန် လစ်ဘရယ်ဒီမိုကရက်တွေ ပြောတတ်ကြတယ်။ ဘာ့ကြောင့် ပြောတာလဲဆိုတော့ သိမ်ငယ်စိတ်(inferiority complex)ကြောင့် ပြောတာဖြစ်တယ်။ အမေရိကန်ဟာ ဒီနေ့ ကမ္ဘာမှာ နိုင်ငံရေး၊ စီးပွားရေး၊ စက်မှုနည်းပညာစတဲ့ အရာအားလုံးမှာ နံပါတ်တစ် ထိပ်သီးပဲ။ ဒါပေမယ့် ယဉ်ကျေးမှု အနုပညာအရာမှာတော့ ဥရောပကို ယှဉ်လို့မရသလို၊ တရုတ်၊ အိန္ဒိယ၊ ပါရှား၊ မက်ဆိုပိုတေးမီးယား စတဲ့ ဒေသတွေကိုလည်းယှဉ်လို့ မရဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူ့မှာ အဲဒီနိုင်ငံကြီးတွေလို ထောင်နဲ့ချီတဲ့ သမိုင်းကြောင်းမှာ ရှိတာမဟုတ်တာ။ ဒါတင်မက တကယ်ပြောမယ်ဆို အမေရိကန်လူမျိုး၊ အမေရိကန် ဘာသာစကား၊ အမေရိကန်ယဉ်ကျေးမှုရယ်လို့လည်း ရှိမှမရှိတာ။ ကမ္ဘာ့နိုင်ငံပေါင်းစုံက လူတွေ လာရောက်စုပေါင်း နေထိုင်ကြတာဆိုတော့ စုပေါင်းစပ်ပေါင်း ကပြား၊ ကကတစ် ယဉ်ကျေးမှု အနုပညာသစ်တွေသာ ရှိတာလေ။ အဟောင်းရယ် ဂန္ထ၀င်ရယ် ဘယ်ရှိမှာတုန်း။
**နိုင်ငံတော် အရင်းရှင်စံနစ်**
အမေရိကန်တွေလို ဂုဏ်ယူစရာ သိပ်မရှိသူတွေနဲ့ အတိတ်မလှသူတွေက အတိတ်ကို ပစ်ပယ်ကြသလို အနာဂတ်အတွက်လည်း မျှော်လင့်စရာ မရှိသူတွေက လက်တွေ့ကျဖို့တို့ ပရတ်မားတစ် ဖြစ်ဖို့တို့ များများပြောတာဖြစ်တယ်။ အခု နောက်ဆုံး ဖြစ်ပေါ်ခဲ့တဲ့ ကမ္ဘာ့စီးပွားရေး ပြိုလဲမှုကြီးအတွင်းမှာ ဧရာမစီးပွားရေးလုပ်ငန်းကြီးတွေ ဒေ၀ါလီခံရတဲ့အဖြစ် ရောက်ခဲ့ကြသလို လစ်ဘရယ်ဒီမိုကရက်တွေလည်း ၀ါဒရေးရာ ဒေ၀ါလီခံ ရတဲ့ အခြေအနေကို ရုပ်တရက် ကျရောက်သွားခဲ့ပါတယ်။ ပါးစပါက လွတ်လပ်တဲ့ ဈေးကွက်စီးရေးစံနစ်ဆိုတာကို အမြုပ်ထွက်အောင် အော်ရင်းကနေပြီး ဘဏ်ကြီးတွေကို အစိုးရက ငွေရင်းစိုက်ထုတ် ကယ်တင်ခြင်းဆိုတဲ့ ပြည်သူပိုင်သိမ်း အလုပ်ကို လုပ်လာကြတယ်။ ဒါကို တော်တော်များများ နိုင်ငံတော် အရင်းရှင်စံနစ် (state capitalism)ပဲလို့ ဝေဖန်သုံးသပ်ကြတယ်။ လစ်ဘရယ်ဒီမိုကရေစီ ဒေ၀ါလီခံရတာပဲလို့လည်း ဖေ၀န်နေကြတဲ့အကြောင်း သိကြဖို့ ကောင်းလှပါသဗျာ။
**လူထုဦးစိန်ဝင်း**
(လူထုရနံ့စာစုများမှ၊ ၂၃၊ ၈၊ ၂၀၀၉)
ဆရာကြီး ရွှေဥဒေါင်းဟာ ပုံမှန်တစ်လကို စာနှစ်ပုဒ်ပဲရေးတယ်။ ဒါတောင် မန္တလေးမြို့မှာ ကောင်းကောင်းစားပြီး ကောင်းကောင်းနေနိုင်တယ်။ အိမ်မှာမွေးထားတဲ့ ခွေးကိုတောင် အိုဗာတင်းတိုက်ပြီး နိုင်ငံခြားကလာတဲ့ ခွေးဘီစကစ် ၀ယ်ကျွေးတယ်။ နွေရာသီဆို မေမြို့ (ပြင်ဦးလွင်)တို့ မိုးကုတ်တို့ သွားအနားယူရင်း စာရေးတယ်။

No comments:
Post a Comment