ဟိုးရှေးရှေးတုန်းက ပန်းပဲသမားတစ်ယောက်ရှိသတဲ့။ သူ့နာမည်က လိုရှီတဲ့။ သူဟာ တစ်ကိုယ်တည်း ဘ၀မှာတောင် အတော် ကျုံးရုံးလုပ်ကိုင်ရပြီး မနည်းငွေစုဆောင်းရလို့ အသက် ၄၀ အရွယ်ရောက်မှပဲ အိမ်ထောင်ပြုဖြစ်သတဲ့။ နှစ်အနည်းငယ်ကြာတော့ သားလေးတစ်ယောက် မွေးဖွားလို့ လင်မယားနှစ်ယောက်လုံး အရမ်းပျော်ရွှင်မိသတဲ့။
လိုရှီဟာ သူ့သားကို ရှီဇင်လို့နာမည်ပေးသတဲ့။ အဓိပ္ပာယ်ကတော့ `ပျော်ရွှင်မှု´တဲ့။ သူ့မယား ၊ သူ့သားနဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်ရမယ်လို့ မျှော်လင့်တာပေါ့။ ဒါပေမယ့် သူ့မျှော်လင့်ချက်ဟာ စိတ်ကူးအိမ်မက်အနေနဲ့ပဲ ပျက်ပြားသွားရသတဲ့။ ကလေးမွေးပြီး မကြာခင်မှာပဲ သူ့ရဲ့ ဇနီးသည်ဟာ နေမကောင်းဖြစ်ပြီး သေဆုံးသွားသတဲ့ကွယ်။ လိုရှီဟာ တစ်လသားကလေးလေးနဲ့ ဘာလုပ်ရမှန်းမသိဖြစ်ရသတဲ့။ သူဟာ ကလေးကို သိပ်ချစ်ပေမယ့် ဘယ်လိုပြုစုရမှန်းမသိဘူး။ နောက်ပြီးတော့ ကလေးကိုနို့တိုက်ဖို့လဲ လိုတာကိုး။ နောက်ဆုံးတော့ သူ့မိတ်ဆွေတွေရဲ့ ဇနီးသည်တွေကို အကူအညီတောင်းရတယ်။ နို့တိုက်နေတဲ့ မိခင်တွေက သူတို့ကလေးနဲ့ပါရောပြီး ရှီဇင်ကိုပါ နို့တိုက်တယ်။ ညဘက်မှာ ငိုရင်တော့ ထမင်းရည်ပဲ တိုက်ရသတဲ့။ နောက်ပြီး အလုပ်လုပ်တဲ့အခါမှာလည်း ကလေးငယ်ကို ကျောမှပိုး၊ စောင်နဲ့ချည်ထားပြီး အလုပ်လုပ်ရသတဲ့။
လိုရှီနဲ့ မိတ်ဆွေတွေကတော့ ဒီလောက် ဒုက္ခရောက်လှတာ မိန်းမထပ်ယူဖို့ တိုက်တွန်းတယ်။ ဒါပေမယ့် သူဟာ မိန်းမငယ်ထပ်မယူနိုင်လောက်အောင် ဆင်းရဲပါတယ်။ နောက်ပြီး မိထွေးတွေက လင်ပါသားသမီးပေါ် ဆိုးတတ်တယ်လို့ ဆင်ခြေ အမျိုးမျိုးပေးပြီး နောက်အိမ်ထောင်မပြုဘဲ နေရှာတယ်။
အဲဒီလိုနှစ်တွေ၊ ရာသီတွေ အလီလီ အခါခါပြောင်းခဲ့တာပေါ့ကွယ်။
လိုရှီဒုက္ခခံပြီး မွေးလာခဲ့တဲ့ သားငယ်လေးရှီဇင်လည်း လူပျိုကြီးဖားဖားဖြစ်လာသတဲ့။ ရှီဇင်ဟာ ယောင်္ကျားပီပီ ခန့်ခန့်ညားညား၊ သန်သန်မာမာ၊ ထွားထွားကျိုင်းကျိုးင်းပဲ၊ ဒါပေမယ့် နှစ်ရှည်လများ ဆင်းရဲဒုက္ခအမျိုးမျိုးခံပြီး လုပ်ကျွေးပြုစုတဲ့ သူ့ဖခင်လိုရှီဟာ သစ်ကိုင်းခြောက်တစ်ခုလို ရှုံတွအိုစာနေပြီပေါ့။
လိုရှီဟာ သူ့သားငယ်ကို မျက်စိအောက်က အပျောက်မခံချင်လို့ သူ့လိုပဲ ပန်းရံသမားလုပ်စေချင်သတဲ့။ ဒါပေမယ့် ရှီဇင်က ပန်းရံအလုပ်လုပ်ဖို့ လုံးဝ မရည်ရွယ်ဘူးတဲ့။
`ပန်းရံအလုပ်ဟာ အနာဂတ်မရှိပါဘူး အဖေ၊ နေ့တဓူဝ အုပ်ခဲစီ၊ ဘိလပ်မြေသိပ်နေရတာနဲ့ အချိန်တွေကုန်နေတာပေါ့။ ကျနော်ချမ်းသာချင်တယ်။ ငွေအများကြီး လိုချင်တယ်´
လိုရှီဟာ သူ့သားရည်မှန်းချက်ကြီးပါပေတယ်ဆိုပြီး လွတ်လွတ်လပ်လပ် လုပ်ချင်တာလုပ်ခွင့်ပေးလိုက်သတဲ့။
ရှီဇင်ဟာ နေ့တဓူဝ ဘာမှမလုပ်ဘူးတဲ့။ ရွာရိုးလျှောက်လည်ပြီး လည်ချင်ရာလည်၊ ပတ်ချင်ရာပတ်နေခဲ့သတဲ့။ တစ်ခါတော့ မြစ်ကမ်းနားသွားလို့ မကြာခင်မှာပဲ ရေကူးကျွမ်းကျင်လာတယ်။ အဲဒီတော့ သူ့သားငါးဖမ်းထွက်နိုင်အောင် ဖောင်လေးတစ်ခု၊ ပိုက်ကွန်တစ်ခု ၀ယ်ပေးချင်လာသတဲ့။ ဒါပေမယ့် ရှီဇင်က ငြင်းလိုက်သတဲ့။
`ငါးဖမ်းရမယ်ဟုတ်လား။ တံငါသည်လုပ်လို့ ငွေမရပါဘူး။ အဲဒီလောက် တန်ဖိုးမရှိတဲ့အလုပ်ကို ကျနော်မလုပ်ပါဘူး´
အဲဒီလိုပဲ ဟိုအလုပ်ငြင်း၊ ဒီအလုပ်ပယ်နဲ့ အချိန်တော်တော်ကြာသွားသတဲ့။ တစ်နေ့တော့ ပုလဲထွက်တယ်လို့ နာမည်ကြီးတဲ့ ကမ်းရိုးတန်းဒေသက လူတစ်ယောက်ရောက်လာသတဲ့။ အဲဒီလူက ရေငုပ်မယ့်လူတွေ လာရှာတာတဲ့။ လစာကနည်းပေမယ့် ပုလဲငုပ်တဲ့သူဟာ သူငုပ်တဲ့ပုလဲတိုင်းပေါ်မှာ ကော်မရှင်ကြေးငွေ ထပ်ရသေးသတဲ့။ သူ့ရဲ့ ရေကူးစွမ်း၊ ရေငုပ်စွမ်းကို ယုံကြည်မှု အပြည်ရှိတဲ့ ရှီဇင်ဟာ အဲဒီအလုပ်သွားလုပ်ဖို့ ဆုံးဖြတ်လိုက်သတဲ့။ လိုရှီဟာ သူ့သားကိုတားဖို့ ကြိုးစားတယ်။
`သား… တောင်ပင်လယ်ဒေသမှာ မုန်တိုင်းထန်တယ်။ အန္တရာယ်များတယ်။ မင်းဟာ အဲဒီမှာနေထိုင်အသက်ရင်းပြီး စွန့်စားရမှာပဲ၊ ဒီလူဟာ ဘာလို့ ဒီလောက်ဝေးတဲ့တောင်ဘက်အရပ်ဒေသမှာ ရေငုပ်သမားလာရှာတယ်ထင်လဲ၊ အလုပ်ကောင်းရိုးမှန်ရင် အဲဒီဒေသကလူငယ်တွေပဲ အလုအယက် ၀င်လုပ်နေကြမှာပေါ့။ နောက်ပြီး အဖေက အသက် ၇၀ နီးပါးရှိနေပြီ ဖေဖေသိပ်ကြာကြာနေရတော့မှာ မဟုတ်ဘူး။ အဖေ့ကို တစ်ယောက်တည်း မထားရစ်ခဲ့ပါနဲ့´ ဒါပေမယ့် ရှီဇင်ကို တားမရဘူး။
`အဖေ… ဒါ သားအတွက် အခွင့်အရေးကြီးပဲ။ ဒီအခွင့်အရေးကို လက်လွတ်ခံလို့မဖြစ်ဘူး။ မယုံရင် ကြည့်နေပါ… သား သူဌေးဖြစ်ပြီး ပြန်လာမှာ´ နောက်ဆုံးတော့ လိုရှီဟာ သားရဲ့ဆန္ဒကို လိုက်လျောလိုက်ရသတဲ့။
`သား… သားကို ဘယ်လိုမှ တားလို့မရတာ အဖေသဘောက်ပေါက်တယ်။ သားကို အဖေ ပင်ပင်ပန်းပန်းပြုစုပျိုးထောင်လာခဲ့ရပေမယ့်။ အခု သားလူကြီးဖြစ်ပြီ၊ သားရဲ့ သခင်ဟာ သားပဲ၊ ဒါပေမယ့် အဖေဆန္ဒလေးတစ်ခုကိုတော့ ဖြည့်ပါ။ သုံးနှစ်ကြာရင် သားပြန်လာပါ။ အဖေ တောင်းပန်ပါတယ်´
လိုရှီက သားကို အဲဒီလိုပြောလိုက်သတဲ့။ ရှီဇင်ကလည်း သုံးနှစ်ကာလအတွင်းမှာ အတော်အတန် စုမိဆောင်းမိဖြစ်နိုင်တယ်လို့ တွက်ဆပြီး သဘောတူလိုက်သတဲ့။
နောက်နေ့ မနက်ကျတော့် လိုရှီဟာ သူ့သားကို မနက်စာ ကျွေးမွေးပြီး ထပ်မှာလိုက်သတဲ့။
`သား… မင်း အမေသေပြီးနောက် မင်းကို မွေးမြူလာရတာ မလွယ်ဘူး။ သားကို ပြုစုကျွေးမွေးဖို့ အဖေ တိရစ္ဆာန်လို အလုပ်လုပ်ခဲ့တယ်။ သားကို အတတ်နိုင်ဆုံးပျိုးထောင်ခဲ့တယ်။ သားဆီက အဖေတစ်ခုပဲ တောင်းဆိုပါတယ်။ သုံးနှစ်ပြည့်တဲ့နေ့မှာ ပြန်လာပါ´
လိုရှီဟာ အဲဒီလိုပြောပြီး သူ့တောင်ဝှေးနဲ့ အနားက တောင်ကုန်းတစ်ခုကို ထိုးပြသတဲ့။
`သုံးနှစ်ပြည့်တဲ့နေမှာ အဖေ အဲဒီတောင်ကုန်းပေါ်က စောင့်နေ မျှော်နေမယ်´
လိုရှီက အဲဒီလိုပြောလိုက်တော့ ရှီဇင်ဟာ တော်တော်စိတ်ထိခိုက် လှုပ်ရှားသွားသတဲ့။
ဒါကြောင့် သူ့ဖခင်ရဲ့ ခြေရင်းမှာ ဒူးတုပ်ထိုင်ချပြီး ပြောလိုက်တယ်။
`စိတ်ချပါ အဖေ၊ ဘယ်လိုဖြစ်ဖြစ် သားသုံးနှစ်ကြာရင် ပြန်လာခဲ့ပါ့မယ်။ အဖေ့ ကျေးဇူးတွေ သားဘယ်တော့မှ မမေ့ပါဘူး။ သားပြန်လာပါ့မယ်´
အဲဒီလို ပြောပြီး သားအဖနှစ်ယောက် လမ်းခွဲလိုက်ကြ သတဲ့ကွယ်။
ရှီဇင်ဟာ ပင်လယ်သမုဒ္ဒရာကို တစ်ခါမှ မမြင်ဘူးတော့ တစ်ဖက်ကမ်းကို မမြင်ရအောင် ကျယ်ဝန်းလှတဲ့ ရေပြင်ကြီးကို ကြည့်ပြီး အံ့အားသင့်နေခဲ့သတဲ့။ သူကူးခဲ့ ငုပ်ခဲ့တဲ့ဖြစ်နဲ့ ဒီပင်လယ်ရေဟာ အဆင့်ပေါင်းတစ်ရာမက ကွားခြားနေတာကိုး။
သူဟာ တခြားပုလဲငုပ်သမားတွေနဲ့ အတူ လှေတစ်စင်းပေါ်တက်လိုက်ရသတဲ့။ သူတို့ကို ကြိုးရှုံအိတ်တစ်လုံးနဲ့ ဓါးတစ်လက်စီပေးထားပြီး ကမ်းနဲ့အတော်ဝေးဝေး ကမာကောင်တွေရှိတဲ့ နေရာမှာ လှေကိုရပ်လိုက်သတဲ့။
ရှီဇင်ရော ကျန်တဲ့လူတွေရော တစ်ယောက်ပြီးတစ်ယောက် ရေထဲငုပ်ဆင်းကြရသတဲ့။ အဲဒီလို ရေငုပ်နေတုန်းမှာပဲ ငါးမန်းကြီးတစ်ကောက်ရောက်လာပြီး ပုလဲငုပ်နေတဲ့ လူတစ်ယောက်ကို တိုက်ခိုက်သတ်ဖြတ် စားသောက်လိုက်သတဲ့။
ရှီဇင်ဟာ အဲဒီအဖြစ်ကို မြင်လိုက်တာနဲ့ လှေပေါ်ကို ကမန်းကတမ်း ပြန်ပြေးတက်လိုက်သတဲ့။ နောက်တစ်နေ့ကျတော့ ရေနက်ပိုင်းကို မလိုက်တော့ဘဲ ရေတိမ်ပိုင်းမှာပဲ ငုပ်သတဲ့။
ဒါပေမယ့် ရေတိမ်ပိုင်းမှာ ငုပ်လို့ရတဲ့ ကမာကောင်တွေကို ခွဲကြည့်တော့ သဲပွင့်သာသာ ပုလဲလုံးတွေပဲရလို့ ဘာမှအလုပ်မဖြစ်ဘူးတဲ့။ အဲဒီတော့ ရှီဇင်ဟာ သူ့ရဲ့မဖြစ်စလောက် လစာလေးနဲ့ပဲ အသက်ရှင်နေရတာပေါ့။
ဒီလိုနဲ့ နှစ်တွေ အခါခါပြောင်းခဲ့သတဲ့။ သုံးနှစ်မြောက်နေ့မှာ ရှိဇင်ဟာ ချမ်းသာဖို့ နေနေသာသာ၊ ပင်လယ်ကမ်းနံဘေးက တဲအိုပျက်လေးတစ်လုံးမှာ နေနေရသတဲ့။ သူ့မှာ ၀တ်စရာဆိုလို့ စုတ်ပြတ်သတ်ဖွာကြဲနေတဲ့ ကွတ်အင်္ကျီတစ်ထည်ပဲရှိသတဲ့။
`အို… ငါ့အဖေတော့ ငါ့ကိုမျှော်နေတော့မှာဘဲ၊ ဒါပေမယ့် ငါပြန်စရာငွေမရှိဘူး။ ပြန်စရာ ငွေရှိရင်တောင် ငါ့အဖေဆီ ဒီလိုပုံနဲ့ ပြန်လို့မဖြစ်ဘူး´
ရှီဇင်ဟာ အဲဒီလို စိတ်ပျက်လက်ပျက် ညည်းထွားလိုက်မိသတဲ့ကွယ်။
ရှီဇင်ဟာ ပင်လယ်ကမ်းစပ်ကို လျှောက်သွားမိသတဲ့။ လှိုင်းလုံးတွေ လူးလွန့်နေတာကို အတန်ကြာငေးမောကြည့်နေမိသတဲ့။ အဲဒီ လှိုင်းလုံးတွေအောက်ကို ဆင်းသက်ရေငုပ်ပစ်လိုက်ရရင် ဘယ်လောက်ကောင်းမလဲလို့ စိတ်ပျက်လက်ပျက်တွေးတောနေတုန်းမှာပဲ အင်မတန်ထိန်လင်းတဲ့ အလင်းရောင်တစ်ခု ပင်လယ်ပြင်ထဲက ထွက်လာသတဲ့။
ပင်လယ်ထဲက နေထွက်လာတာနဲ့တောင် တူသတဲ့။ ရှီဇင်က တအံ့တသြ ကြည့်နေတုန်းမှာပဲ အဲဒီအလင်းရောင်လုံးကြီးဟာ အင်မတန်လှပတဲ့ မိန်းမပျိုအသွင်ပြောင်းသွားပြီး သူ့ဆီ တန်းတန်းမတ်မတ် လျှောက်လာပြီးမေးသတဲ့။
`မင်း ဘာဖြစ်တောလဲ၊ မင်းကြည့်ရတာ လောကကြီးကို စိတ်ကုန်နေတဲ့ပုံပဲ´
ရှီဇင်ဟာ အဲဒီ မိန်းမပျိုကိုကြည့်ပြီး တုန်လှုပ်ချောက်ချားမိပေမယ့် သူ့အဖြစ် သူ့သနစ်ကို အလိုလိုဖွင့်ပြောချလိုက်မိသတဲ့။
အဲဒီတော့ ကမာနတ်ဘုရားမဖြစ်တဲ့ အဲဒီမိန်းမပျိုဟာ ရှီဇင်အပေါ် ဂရုဏာသက်သွားပြီး ရှီဇင်ကို ပုလဲတစ်လုံး ပေးလိုက်သတဲ့။
`ရော့…. ဒီပုလဲကိုရင်းပြီး မင်းအဖေဆီပြန်၊ မင်းအဖေဟာ သိပ်အသက်ကြီးနေပြီ၊ မင်းရဲ့ပြုစုမှုကို အသည်းအသန်လိုတယ်။ သူ့အတွက် လယ်ထွန်းပေးပါ။ သူ့ လိုအပ်ချက်အားလုံးဖြည့်ပေးပါ။ အကြင်နာတရားရှိတဲ့လူကို နတ်သိကြားတွေက ချစ်တယ်ဆိုတာ မမေ့ပါနဲ့´
ကမာနတ်ဘုရားမဟာ အဲဒီလို ပြောဆိုပြီး ပျောက်ကွယ်သွားသတဲ့။
ရှီဇင်ဟာ သူရထားတဲ့ ပုလဲလုံးဟာ ကြီးလွန်းလို့ ခိုင်းထားတယ်လို့ အစွပ်စွဲခံရမှာစိုးလို့ ဈေးထဲမှာ မရောင်းရဲဘူးတဲ့။ ဒါကြောင့် သူ့အလုပ်ရှင်ကိုပဲ လက်ဆောင်အနေနဲ့ပေးပြီး သူ့ဆီက ငွေအောင်စ အတော်များများကို ဆုကြေးအဖြစ်လက်ခံခဲ့သတဲ့။
အိတ်ထဲမှာ ငွေတွေပြည့်ဖောင်းလာတော့ ရှီဇင်က စဉ်းစားလိုက်မိသတဲ့။
`ငါအိမ်ပြန်ဖို့တော့ စရိတ်အလုံအလောက်ရှိပြီ၊ ဒါပေမယ့် ပြန်သွားရင် လက်မဲ့သက်သက်ပဲ။ ဒီငွေတွေ လုပ်ငန်းတစ်ခု လုပ်လိုက်ရင် မြတ်စွန်းမှာ သေချာတယ်´
ငွေလက်ထဲရောက်လာတော့ မျှော်လင့်ချက် အိမ်မက်ကောင်းတွေ ပြန်မက်လာတာပေါ့။ ဒါနဲ့ ရှီဇင်ဟာ ဒေသထွက်ကုန်တွေဝယ်ပြီး ခရီးတော်တော်ဝေးတဲ့ အရပ်ဒေသကို ကုန်ကူးသွားသတဲ့။ အဲဒီရောက်တော့ ပစ္စည်းတွေရောင်းချတော့ တော်တော်မြတ်စွးန်တယ်။ ကနေ တစ်ခါ အဲဒီဒေသထွက်ကုန်တွေကို လှေနဲ့ပြန်သယ်လာပြီးရောင်းတော့ ပိုလို့တောင် မြတ်စွန်းလာသတဲ့။
အဲဒီလို အခေါက်ခေါက် အခါခါ ကုန်ကူးနေတော့ ကိုယ်ပိုင်လှေကြီးတစ်စင်း ၀ယ်နိုင်လောက်အောက်ကို ချမ်းသာကြွယ်ဝလာသတဲ့။ ဖခင်ဆီပြန်မယ်ဆိုတဲ့အတွေးဟာ အမြတ်အစွန်းအိပ်မက်နောက်မှာ ပျောက်ကွယ်သွားသတဲ့။
တဖြည်းဖြည်းနဲ့ ရှီဇင်ဟာ အောင်မြင်နေတဲ့ ကုန်သည်အဖြစ်နာမည်ရလာသတဲ့။ အဲဒီဝန်းကျင်တစ်ခွင်က အောင်သွယ်တွေကလည်း သတို့သမီး အလောင်းအလျာလေးတွေနဲ့ မိတ်ဆက်ပေးသတဲ့။ မိန်းမယူလိုက်ရင်တော့ ဒီဒေသမှာပဲ အခြေစိုက်ရမှာပေါ့။ နောက်ဆုံးတော့ ရှီဇင်ဟာ မိန်းမယူလိုက်ပါတယ်။ သူ့မင်္ဂလာပွဲကို သုံးရက်လုံးလုံး ကျင်းပသတဲ့။ သူ့အဖေဆီ ပြန်ဖို့ဆိုတာ မှေးမှေးမှိန်မှိန်ဖြစ်နေရာကနေ ရေးရေးတောင် မထင်တော့ဘူးပေါ့။ ဒီလောက် ချစ်စရာကောင်းလှပြီး ဆွေကြီးမျိုးကြီးကလာတဲ့ မိန်းမကို သူ့ဖအေကို ဆင်းရဲသားပန်းရံသမားဆီ ဘယ်ပြန်ခေါ်ချင်တော့မလဲ။ သူ့ သိက္ခာကျမယ်ပေါ့။
ပင်လယ်ကမ်းနံဘေးက မြို့လေးမှာ ရှီဇင် အဲဒီလိုဖြစ်ပျက်နေတဲ့ အချိန်မှာ အဘိုးကြီးလိုရှီဟာ အပတ်တကုပ် အလုပ်လုပ်နေခဲ့သတဲ့။ သူ့သား ထွက်သွားပြီးနောက်မှာ ပိုလို့တောင် အလုပ်လုပ်ခဲ့သတဲ့။ သူ့မှာ ဘာမှပိုင်ဆိုင်လို့ သူ့သား ထွက်သွားခဲ့တယ်လို့ ယူဆပြီး သူ့သားပြန်လာတဲ့အခါ ကိုယ်ပိုင်မြေကွက်လေး ပေးနိုင်အောင် အားစိုက်ကြိုးစားနေခဲ့သတဲ့။
အဲဒီတွက်ကိန်း၊ အဲဒီမျှော်လင့်ချက်နဲ့ပဲ အဘိုးကြီးလိုရှီ အသက်ရှည်နေခဲ့သတဲ့။
သူ့သားကတိပေးသွားတဲ့ သုံးနှစ်မြောက်နေ့မှာတော့ လိုရှီဟာ သူ့အလိုပ်ကိုပစ်ထားပြီး သူ့သားကို သူညွှန်ပြခဲ့တဲ့ တောင်ကုန်းဆီကို စိတ်လှုပ်ရှားစွာ ပြေးတက်သွားသတဲ့။
သူဟာ တစ်နေကုန် သူ့သားကို စောင့်နေသတဲ့။ တစ်ခါတစ်ခါ လမ်းအတိုင်း လူငယ်တစ်ယောက်ယောက်လာနေရင် သူ့သားမှတ်ပြီး အမောတကော လက်ဝှေ့ယမ်းပြအော်ဟစ် နှုတ်ဆက်သတဲ့။ ဒါပေမယ့် နေညိုနေစောင်းပြီး နေလုံးသာပျောက်ကွယ်သွားတယ်။ သူ့သား ပြန်မရောက်လာဘူး။
အဘိုးကြီးလိုရှီဟာ အဲဒီနေ့ကစ၍ နေ့တိုင်းပဲ တောင်ပေါ်တက်ပြီး သူ့သားကို မျှောင်သတဲ့။ နေ့ကနေ ရက်သီတင်းကူး၊ ရက်သီတင်းကနေ လကူးလာတာနဲ့ အမျှ အဘိုးကြီးလိုရှီရဲ့ ခြေလှမ်း တွေဟာ ပိုလို့ လေးလံနှေးကွေးလာသတဲ့။
သုံးလကျော်တဲ့အခါမှာတော့ အဘိုးကြီးလိုရှီဟာ သူ့သားနဲ့အတူ ပုလဲငုပ်ဖို့လာခေါ်တဲ့သူနောက် လိုက်သွားတဲ့သူငယ်တွေရဲ့ မိသားစုအိမ်တွေကို လျှောက်သွားပြီး သူ့သားသတင်းကြားရဲ့လားလို့ မေးသတဲ့။ သူတို့မှာ သူတို့သားတွေဆီက စာတွေရပေမယ့် ရှီဇင်အကြောင်း တစ်ခွန်းတစ်ပါဒမှ မပါကြဘူးတဲ့။
အဘိုးကြီးလိုရှီလည်း အင်မတန်လေးလံတဲ့စိတ်နဲ့ နှေးကွေးတဲ့ခြေလှမ်းနဲ့ အိမ်ပြန်ပြီး မာကျောလှတဲ့ သူ့ခုတင်ပေါ်ပစ်လှဲချလိုက်သတဲ့။
အဲဒီညသန်းခေါင်မှာတော့ သူဟာ အင်မတန်ဆိုးဝါးတဲ့ အိပ်မက်ကြောင့် လန့်နိုးသွားသတဲ့။ သူ့သား ပုလဲငုပ်တဲ့လှေ မုန်တိုင်းမိပြီး မှောက်သွားတယ်လို့ အိပ်မက်မက်သတဲ့။
အဘိုးကြီးလိုရှီဟာ အိပ်မက်မက်ရာက ကယောင်ကတမ်း လန့်နိုးပြီး `ရှီဇင်… ရှီဇင်´လို့ လှမ်းခေါ်လိုက်ပေမယ့် သူ့ကို နှစ်သိမ့်မယ့်သူတစ်ယောက်မှ မရှိဘူးပေါ့ကွယ်။ နောက်တစ်နေ့မနက်မှာတော့ သူဟာ ဗေဒင်ဆရာဆီသွားပြီး သူ့အိပ်မက်ကို ပြောပြသတဲ့။
`အိပ်မက်ထဲမှာဆိုးရင် အပြင်မှာကောင်းတယ်။ အဘိုးရဲ့ အိပ်မက်နိမိတ်ကောင်းပါတယ်။ မပူပါနဲ့၊ အဘိုးသား မကြာခင်ပြန်ရောက်လာမှာပါ´ ဗေဒင်ဆရာက အဲဒီလိုအားပေးပြောကြားလိုက်သတဲ့။
အဲဒါနဲ့ အဘိုးကြီးလည်း တောင်ပေါ်တက်လာခဲ့ပြန်တာပေါ့။ ဒါပေမယ့် တစ်နေ့ပြီးတစ်နေ့ သူ့ရဲ့ ခြေလှမ်းတွေဟာ လေးလံသထက် လေးလံလာတယ်။ နောက်ဆုံး နောက်သုံးလအလွန်မှာ အဘိုးကြီးလိုရှီဟာ တောင်ပေါ်ကို နောက်ဆုံးတစ်ကြိမ် တက်သွားသတဲ့။
ညနေကျတော့ ထုံးစံအတိုင်း အိမ်မပြန်တော့ဘဲ မှုန်ရီနေပြီဖြစ်တဲ့ မျက်လုံးနဲ့ အဝေးလမ်းမကို ငေးမြဲငေးနေခဲ့သတဲ့။ မျက်လုံးအိမ်က မျက်ရည်တွေလည်း တသွင်သွင်စီးကျနေခဲ့တယ်တဲ့။
`အို… သားလေး… သားလေး၊ သားကိုမွေးခဲ့တဲ့ အဖေကို သားမေ့သွားပြီလား၊ သားသေပြီလား၊ သားအသက်ရှင်နေသေးလား၊ သားကို အဖေအမြဲစောင့်နေမယ်´ အဘိုးကြီးလိုရှီဟာ အဲဒီလိုငိုညည်းမိသတဲ့။
အဘိုးကြီး လိုရှီဟာ သူ့စကားအတိုင်း တကယ်ပဲ သူ့သားကို ဆက်စောင့်မြဲ စောင့်နေခဲ့သတဲ့။ အဲဒီနေ့ည အိမ်ကို မပြန်ဘူးတဲ့။ နောက်တစ်နေ့… နောက်တစ်နေ့… နောက်တစ်နေ့၊ နောက်တစ်နေ့၊ နောက်တစ်နေ့လည်း မပြန်ဘူး။
နောက်ဆုံးသူဟာ အဲဒီနေရာမှာပဲ သားကိုစောင့်လျက် ကျောက်ရုပ်ကြီးဖြစ်သွားသတဲ့။ အဲဒီလို လိုရှီ ကျောက်ရုပ်ဖြစ်သွားတဲ့နှစ်မှာပဲ နဂါးမင်းဟာ မွေးနေ့ပွဲကြီးကျင်းပခဲ့သတဲ့။ နဂါးမင်းကြီးကို နှုတ်ဆက်ဂါရ၀ပြုဖို့ ရေသတ္တ၀ါတွေ ရေနတ်ဘုရားမတွေ အဆင့်နိမ့်တဲ့ နဂါးတွေရောက်လာကြသတဲ့။
အဲဒီလိုရောက်လာချိန်မှာ အဘိုးကြီးလိုရှီတို့ အရပ်ဒေသက ရေနတ်ဘုရားတစ်ပါးက အဘိုးကြီးလိုရှီရဲ့ ထူးဆန်းတဲ့အဖြစ်ကို ပြောပြသတဲ့။ ဒီလောက်တောင် မိဘကျေးဇူးမသိ၊ ဖခင်ကို ဥပေက္ခာပြုတဲ့သားကို တဖျစ်တောက်တောက် အပြစ်တင်မိကြသတဲ့။ အဲဒီမွေးနေ့မှာ ကမာနတ်ဘုရားမလည်း ရှိနေခဲ့သတဲ့။
မွေးနေ့ပွဲပြီးတဲ့အခါမှာ ကမာနတ်ဘုရားမဟာ ရှီဇင် ဘယ်ရောက်နေတယ်ဆိုတာ စုံစမ်းဖို့ ပင်လယ်ကမ်းရှိုးတန်းဘက် ထွက်ခဲ့သတဲ့။ ရှီဇင်ဟာ ပင်လယ်ပြင်တစ်ဖက် မြို့ကြီးတစ်မြို့ကို ကုန်သွားပို့နေတယ်ကြားတော့ ရှီဇင်ရဲ့ လှေကြီးနောက်ကို လိုက်လာခဲ့သတဲ့။
ကမာနတ်ဘုရားမဟာ ရှီဇင်ရဲ့လှေကို မီလာတော့ ရှီဇင်ရဲ့ အခန်းထဲကို ဆင်းသက်လာသတဲ့။ အဲဒီတော့ စာရင်းစာအုပ်ကြီးနဲ့ အမြတ်အရင်းတွေ တွက်နေတဲ့ရှီဇင်ကို တွေ့ရတယ်။
`ရှီဇင်၊ မင်းကတိပေးခဲ့တဲ့အတိုင်း ဘာလို့အဖေဆီ ပြန်မသွားလဲ၊ မင်း ပြန်မယ်လို့ ကတိပေးခဲ့တယ် မဟုတ်ဘား´
ရှီဇင်က ကမာနတ်ဘုရားမကို တအံ့တသြကြည့်မိသတဲ့။ ကြောက်လန့်လွန်းလို့ ပြူးကြောင်ကြည့်နေမိသတဲ့။
`ပြောစမ်း… မင်း ဘာလို့ မပြန်လဲ၊ မင်းအပြန်ကို မျှော်နေမိတဲ့ မင်းအဖေဟာ တောင်ကုန်းထက်မှာ ကျောက်ရုပ်ဖြစ်နေပြီ။ မင်းပြန်လာမယ်လို့ မင်းကတိပေးပြီး ကတိကို မစောင့်ဘူး။ လိမ်ခဲ့တယ်။ ဘယ်မှာလဲ ငါ့ပုလဲ၊ ငါ့ကို ပြန်ပေးစမ်း´ ကမာနတ်ဘုရားမက အဲဒီလိုပြစ်တင် တောင်းဆိုလိုက်သတဲ့။
အဲဒီအချိန်မှာ ရှီဇင်က သူ့အခြေအနေ သူ့အဆင့်ကို သတိရပြီး ကြောက်စိတ်ပြယ်သွားသတဲ့။ ကမာနတ်ဘုရားမကို ခပ်လှောင်လှောင် ပြန်ပြောလိုက်တယ်။
`ကျုပ်အဖေ ကျောက်ရုပ်ဖြစ်သွားပြီ ဟုတ်လား။ ကောင်းတာပေါ့။ အခေါင်းဖိုးမကုန်တော့ဘူးပေါ့။ ခင်ဗျား ပုလဲအတွက် ကတော့ ကျေးဇူးတင်ပါတယ်လို့ပဲ ပြောစရာရှိတော့တယ်´
အဲဒီလို ပမာမခန့် ပြန်ပြောခံလိုက်ရတော့ ကမာနတ်ဘုရားမဟာ အကြီးအကျယ် ဒေါသထွက်သွားတဲ့။ ဒါပေမယ့် ရှီဇင်ကို စကားတစ်ခွန်းမှ မပြောဘဲ အခန်းထဲက ထွက်သွားသတဲ့။
အဲဒီအချိန် တဒင်္ဂမှာပဲ လှေကြီးရဲ့ပတ်ပတ်လည် ပင်လယ်ပြင်ဟာ လှိုင်းပွတ်ပွတ်ထနေတာကို တွေ့ရသတဲ့။ သိန်းသန်းချီတဲ့ ကမာကောင်တွေဟာ သူတို့အခွံကိုဖွင့်လိုက်၊ ပိတ်လိုက်လုပ်နေလို့ လှိုင်းဂယက် ထန်လာတာပဲ။ မကြာခင်မှာပဲ လှိုင်းလုံးကြီးတွေ ကြီးသထက်ကြီး၊ မြင့်သထက်မြင့်လာပြီး ရှီဇင်ရဲ့လှေ မှောက်သွားသတဲ့။
မိဘကျေးဇူးမသိနားမလည်၊ ဖခင်ရဲ့မေတ္တာကို လျစ်လျူရှု၊ နတ်သိကြားတွေရဲ့ စေတနာကို စော်ကားတဲ့ ရှီဇင်ဟာ ပင်လယ်သမုဒ္ဒရာထဲ နစ်မြုပ်၊ သေခြင်းဆိုးနဲ့ သေဆုံးသွားရသတဲ့ကွယ်။ ။
** ဆရာဦးမိုးမြင့် **
(တရုတ် ဒဏ္ဍာရီပုံပြင်များမှ)
** တရုတ် ဒဏ္ဍာရီပုံပြင် **

No comments:
Post a Comment