**ကိုယ့်ဟာကိုယ် ဘုန်းတော်ဘွဲ့ရေးသူ**
စာနယ်ဇင်းကိုပဲ ဖတ်ဖတ်၊ ရုပ်မြင်သံကြားပဲ ကြည့်ကြည့်၊ ရေဒီယိုပဲ နားထောင်ထောင် အချိုးမပြေတာတွေ များလှပါတယ်။ မိန်းကလေးတွေ ၀တ်စားဆင်ယင်ပုံကြည့်မလား၊ မြန်မာစကား ပြောပုံဆိုပုံတွေကြည့်မလား၊ စာနယ်ဇင်း စာမျက်နှာတွေပေါ်က မြန်မာစာ အရေးအသားတွေ ကြည့်မလား၊ တခုခု မှားနေတာတော့ တွေ့ရမှာပါ။ တော်ရုံဆို မပြောပါဘူး။ သိပ်လွန်ကဲလာမှ တစ်ခါတစ်ခါ ၀င်ပြောပါတယ်။ တစ်ခါတလေ ကိုယ့်ဟာကိုယ် ဟုတ်လှပြီ၊ တော်လှပြီ၊ တတ်လှပြီထင်ပြီး မျက်နှာပြောင်ပြောင်နဲ့ ကိုယ်တိုင်ဘုန်းတော်ဘွဲ့တွေ ရေးနေတာ မျိုးတွေလည်း တွေ့ရပါတယ်။ ဒါပေမယ့် ဘာမှမပြောပါဘူး။ ပြုံးပဲနေလိုက်ပါတယ်။ မြန်မာပြည်က စာဖတ်ပရိသတ်ကို အတုံးတွေ အအတွေလို့ ထင်နေပုံရပါတယ်။ မြန်မာစာဖတ်ပရိသတ်က ရှင်ကြီးဝမ်းလည်းဝင်ဖူး။ ရှင်ငယ်ဝမ်းလည်း ၀င်ဖူးလေတော့ လူတစ်ယောက် ပါးစပ်ကဟလိုက်တာနဲ့ အူမထိ မြင်နိုင်စွမ်းရှိတယ်ဆိုတာ မသိနားမလည်ရှာဘဲကိုးလို့ပဲ အောက်မေ့ထားလိုက်ပါတယ်။
**မပြည့်အိုးဘောင်ဘင်ခတ်**
မျက်နှာလွှဲနေလို့ မရတဲ့ကိစ္စမျိုးတွေလည်း ရှိပါတယ်။ စာဖတ်ပရိသတ်ကို အတယ်၊ တုံးတယ်လို့ သူ့ဟာသူ ထင်နေတာကို ဘာမှ ပြောစရာမရှိပါဘူး။ ဒါပေမယ့် စာမျက်နှာပေါ်ကနေပြီး ခင်ဗျားတို့ တုံးလွန်း၊ အလွန်းတယ်၊ ဒီမိုကရေစီနဲ့ မတန်သေးဘူး။ ဒါကြောင့် ကျုပ်တို့လို ပညာရှင်တွေက ၀င်ပြီး ပညာပေးနေရတာ လို့ စော်ကားမော်ကား ရေးတာမျိုးကိုတော့ နည်းနည်းမှ သည်းမခံနိုင်ပါဘူး။ စာပေပရိသတ်တွေထဲမှာ ဒီမိုကရေစီ ကျမ်းစာအုပ်တွေ၊ မတ်ဝါဒ သဘောတရားစာအုပ်တွေ၊ အဒမ်စမစ်တို့ ဂျွန်မေးနဒ်ကိန်းတို့ရဲ့ စီးပွားရေးသီအိုရီတွေကို နောကြေအောင် ဖတ်ထားသူတွေ အများကြီးရှိပါတယ်။ အခုမှကောက်ပြီး ကျောင်းသုံးစာအုပ်တွေ လိုက်ရှာဖတ်နေသူတွေ မဟုတ်ပါဘူး။ ကိုယ့်ဟာကိုယ် ဆရာကြီး လုပ်ချင်တာလုပ်ပါ။ မြန်မာလူမျိုးတွေကို မစော်ကားပါနဲ့။ မပြည့်တဲ့အိုး ဘောင်ဘင်ခတ်တယ်ဆိုတာ မြန်မာစာဖတ်ပရိသတ်က ကောင်းကောင်းနားလည်ပြီးသားပါ။
**ကိုယ်ကျိုးရှာဖို့ ခုတုံးလုပ်တာ**
နောက်တစ်ခုကတော့ ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံရေးကို ခုတုံးလုပ်အသုံးချတာမျိုးဖြစ်တယ်။ ဒီလူမျိုးက လူကြားကောင်းအောင် နိုင်ငံရေးစကားတွေသာ ပြောတာ၊ ဘာနိုင်ငံရေးစိတ်မှ ရှိတာမဟုတ်ဘူး။ ရာထူး ဌာနန္တရတို့ ပါဝါ အာဏာတို့ ရှိသူမှန်သမျှကို မျက်နှာချိုသွေးပြီး အချောင်သမား လို့ ခေါ်တာ၊ အမေရိကန်တွေကတော့ Carpetbaggers လို့ ခေါ်ကြတယ်။ ခေတ်ပျက်မှာ စီးပွားရှာကောင်းပြီး သူဌေးဖြစ်တဲ့ လေရူးသုန်သုန် ၀တ္ထုကြီးထဲက ရက်ဘတ္တလာ လို လူစားမျိုးပေါ့။
**သူခိုးသေဖေါ် ညှိကြတာ**
သူတို့နဲ့ စရိုက်တူတဲ့ နောက်တစ်မျိုးကတော့ လူပုတ်သင်ညို ဖြစ်တယ်။ ပုတ်သင်ညိုက ရာသီဥတု ပြောင်းတိုင်း အရောင်လိုက်ပြောင်းပြီး၊ လက်ထဲမှာ ပါဝါကိုင်ထားသူ ဘယ်သူကပဲပြောပြော အမြဲလိုက်ပြီး ခေါင်းတငြိတ်ငြိတ် လုပ်လေ့ရှိသူတွေဖြစ်တယ်။ ခေတ်တွေ ဘယ်နှခါပဲ ပြောင်းပြောင်း အဲဒီလူတွေက ပြောင်းတဲ့ခေတ်တိုင်းမှာ နေရာကောင်းရတာချည့်ပဲ ဖြစ်တယ်။ နိုင်ငံရေးလုပ်စားတဲ့ နိုင်ငံရေးအချောင်သမားနဲပ လူပုတ်သင်ညို တွေကိုတော့ အင်မတန် စက်ဆုပ် ရွံရှာတယ်။ ဒါပေမယ့် သူတို့ဟာ သူတို့ အချောင်ရှာနေတာကို ဘာမှ မပြောလိုပါဘူး။ လူဆိုတာ ကိုယ့်သမိုင်း ကိုယ်ရေးတာပဲ။ ဒါပေမယ့် စာမျက်နှာပေါ် တက်လာပြီး သူခိုးသေဖေါ်ညို တာမျိုးတွေလုပ်ရင်တော့ ပြောရတော့မှာပါ။ လူငယ်လေးတွေက အသံကောင်းဟစ် တာကို မသိဘဲ နားယောင်သွားကြမယ့် အန္တရာယ်ရှိတယ် မဟုတ်လား။
**မျက်နှာထောက်စရာမလို**
သူခိုးသေဖော်ညို ဖို့အတွက် တမင်သက်သက် လုပ်တာမျိုးတွေ တွေ့တိုင်း အမုန်းခံပြီးထောက်ပြနေတော့ မုန်းကြမှာပဲ။ ကိစ္စမရှိပါဘူး။ စာနယ်ဇင်းသမားဆိုတာ စာဖတ်ပရိတ်ရဲ့ မျက်နှာကလွဲပြီး ဘယ်သူ့မျက်နှာမှ ထောက်စရာမလိုပါဘူး။ စာဖတ်ပရိသတ်ကို စော်ကားတယ်။ ထိခိုက်တယ်ဆိုရင် ပြောရ ရေးရမှာပဲ။ မုန်းတယ်ဆိုလည်း ရေးရမှာပဲ။ အန္တရာယ်ရှိတယ်ဆိုလည်း ရေးရမှာပဲ။ ဒါမှ စတုတ္ထမဏ္ဍိုင်ဆိုတဲ့ သတ်မှတ်ချက်နဲ့ ညီမှာပေါ့။ စာနယ်ဇင်းသမားလုပ်ပြီး စတုတ္ထမဏ္ဍိုင် ပီသအောင် မကျင့်ကြံနိုင်ဘူးဆိုရင် ဒီစာနယ်ဇင်းသမားဟာ “တစ်မွန်းတည့်ခံ”ပဲ ဖြစ်ပါလိမ့်မယ်။
**စာနယ်ဇင်းခုတုံးလုပ် စီးပွားရှာ**
နိုင်ငံရေးကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာတဲ့ နိုင်ငံရေးအချောင်သမား ရှိသလို၊ စာနယ်ဇင်းလောကမှာလည်း စာနယ်ဇင်းကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးစီးပွားရှာသူတွေ၊ သြဇာတည်ဆောက်သူတွေ ရှိတတ်ပါတယ်။ ဘကြီးဘဖေတို့ ဂဠုံဦးစောတို့က သူရိယသတင်းစာကြီးကို ခုတုံးလုပ်ပြီး သူတို့ရဲ့ သြဇာ ထူထောင်ခဲ့ကြလို့၊ အစဉ်အလာကြီးမားတဲ့ သတင်းစာကြီး နိဂုံးချုပ်သွားခဲ့ဖူးပါတယ်။ စာနယ်ဇင်းသမားကောင်းဆိုတာ ကိုယ့်သြဇာ မတည်ဆောက်သလို၊ စာနယ်ဇင်းကို အကြောင်းပြုပြီး စီးပွားလည်းမရှာပါဘူး။ စာနယ်ဇင်းသမားက ဘယ်လို စီးပွားရှာတာလဲဆိုတော့၊ ရှေးခေတ်က လုပ်ကြပုံလေးတွေကို ပြောပြပါမယ်။ တချို့က အစိုးရကို မျက်နှာချိုသွေးပြီး အစိုးရ ကြော်ငြာရအောင် လုပ်တယ်။ စက္ကူလိုင်စင်ရအောင် လုပ်တယ်။ တချို့က နိုင်ငံရေးပါတီတွေဆီက ထောက်ပံ့ကြေးယူပြီး အဲဒီပါတီအကြောင်း ၀ါဒဖြန့်ကြော်ငြာတွေ ရေးပေးတယ်။ တချို့ ပိုပြီးပေါက်တဲ့ ရောက်တဲ့ သူတွေက လက်ဝဲလက်ယာ သံရုံးတွေဆီက ကြော်ငြာခယောင် ဆောင်ပြီးပေးတဲ့ ထောက်ပံ့ကြေးတွေ လက်ခံပြီး အဲဒီနိုင်ငံတွေအကြောင်း ၀ါဒဖြန့်တာတွေ ရေးပေးတယ်။
**ကျေးဇူးဆပ်စာပေတွေ**
သံရုံးဆိုတာက သူတို့နိုင်ငံအကြောင်း ၀ါဒဖြန့်ဖို့ အဓိကထား လုပ်ဆောင်ကြတာပဲလေ။ အဲဒီတော့ ၀ါဒဖြန့်ပေးမယ့်သူကို လက်သပ်မွေးဖို့ ကြိုးစားကြမြဲပဲ။ ငွေမက်သူကို ငွေးပေးသိမ်းသွင်းတယ်။ အရက်ကြိုက်သူကို အရက်တွေ သေတ္တာလိုက်ပေး သိမ်းသွင်းတယ်။ တစ်ခါတရံ သူတို့နိုင်ငံတွေကို သွားရောက်လည်ပတ်စေတဲ့နည်းနဲ့ မွေးတယ်။ ဒါ သူတို့အလုပ် သူတို့လုပ်ကြတာပဲ။ ဘာမှ အပြစ်ပြောစရာ မရှိဘူး။ သူတို့ ပေးတာကိုယူ သူတို့ကျွေးတာကိုစားတဲ့ သူတွေကတော့ ၀ါဒဖြန့်သတင်းတွေ၊ စာတွေ ဖောဖောသီသီကြီးရေးပြီး ကျေးဇူးဆပ်ကြရတော့တာပါပဲ။ “သူ့ဆန်စား ရဲမှ”ဆိုသကိုး။ ဒါပေမယ့် မြန်မာစာဖတ်ပရိသတ်က သိပ်အကင်းပါးတယ်ဗျ။ သူ့ဆန်စားပြီးရေးတဲ့ စာမျိုးတွေကို “ကျေးဇူးဆပ်စာပေ” တွေမှန်းသိပြီး ဘယ်သူကမှ အလေးထား ဖတ်လေ့ မရှိကြပါဘူ။ ဒီလို စာနယ်ဇင်းသမားတွေနဲ့ စာရေးဆရာတွေကိုလည်း စာဖတ်ပရိသတ်က ဘယ်တော့မှ တန်ဖိုးထား လေးစားခြင်းမရှိပါဘူ။ စာနယ်ဇင်းများရဲ့ အသက် ၀ိဥာဉ်ဆိုတာ စာဖတ်ပရိသတ်ရဲ့ “ယုံကြည်မှု”ပဲ ဖြစ်တယ်။ စာဖတ်ပရိသတ်က လေးစားယုံကြည်မှုမရှိတဲ့ စာနယ်ဇင်းနဲ့ စာနယ်ဇင်းသမားဟာ ဘယ်တော့မှ သက်ဆိုး မရှည်ဘူးဆိုတဲ့ အထောက်အထားတွေ အများကြီး ရှိခဲ့ပါတယ်။
အခုမှ စာနယ်ဇင်းလုပ်ငန်း လုပ်ခွင့်ရတဲ့ လူငယ်တွေအနေနဲ့ “ပန်းထိမ် မတတ်ခင်က ရွှေခိုးအရင်သင်”ဆိုတာမျိုးဖြစ်ရင် ဘယ်တော့မှ စာနယ်ဇင်းသမားကောင်း ဖြစ်မှာမဟုတ်ပါဘူး။ အတုယူမှန်ဖို့ သိပ်အရေးကြီးပါတယ်။ အဲဒါကြောင့် အမုန်းခံပြီး ရေးနေပြောနေရတာ ဖြစ်ပါတယ်။
** လူထုဦးစိန်ဝင်း **
(၃၀၊ ၉၊ ၂၀၀၉၊ လူထုရနံ့ စာစုများမှ)
အမြင်မတော်တာတွေ့တိုင်း စာဖတ်ပရိသတ် ပြည်သူလူထုအများကို ထိခိုက်နစ်နာစေမယ့် ကိစ္စမျိုးဖြစ်နေရင်၊ အမုန်းခံပြီးထောက်ပြလေ့ရှိပါတယ်။ လူအများ ထိခိုက်မယ့် ကိစ္စမဟုတ်ရင်တော့ ဘာမှဝင်မပြောပါဘူး။ အမြင်မတော်တာတွေ့တိုင်း ပြောနေရင်လည်း ပြောမဆုံးပေါင် တောသုံးတောင် ဆိုသလို ဖြစ်နေတော့မှာပါ။

No comments:
Post a Comment