တစ်ခါက ဇနီးမောင်နှံ နှစ်ယောက်တွင် သားငယ်လေးတစ်ယောက် ရှိလေသည်။ မိဘများက သူတို့၏ သားငယ်နှင့်ပတ်သက်၍ စိုးရိမ်ပူပန်လျက်ရှိသည်။ သူတို့၏ သားငယ်လေးအတွက် နောင်ရေးကို တွေးပူနေခြင်းဖြစ်သည်။ သို့ဖြစ်၍ သူတို့၏ သားငယ်လေးအရွယ်ရောက်လာလျှင် `ဘာဖြစ်လာမည်ကို´စမ်းသပ်ရန် စီစဉ်လျက် ရှိသည်။ ထို့နောက် မိဘများက ဆယ်ဒေါ်လာတန် တစ်ရွက်၊ သမ္မာကျမ်းစာတစ်အုပ်နှင့် ၀ီစကီတစ်ပုလင်းကို စားပွဲတစ်လုံးပေါ်မှာ တင်ထားပြီး သူတို့က တနေရာ၌ ပုန်းအောင်း၍ စောင့်ကြည့်ရန် စီစဉ်လေသည်။ အဖေလုပ်သူက အကြံအစည်တစ်ခုကို အမေလုပ်သူထံ ဤသို့ ပြောပြသည်။
`ငါတို့သားက ပိုက်ဆံကို ယူတယ်ဆိုရင် သူဟာစီးပွားရေးသမားတစ်ယောက်ဖြစ်မှာကွ၊ ဒါမှမဟုတ် သမ္မာကျမ်းစာအုပ်ကို ယူမယ်ဆိုရင် သာနာ့ ဘောင်က ဘုန်းကြီးဖြစ်မှာပေါ့။ ဒါပေမယ့် ၀ီစကီပုလင်းကို ယူလိုက်ရင်တော့ မပြောကောင်း၊ ပြောကောင်းကွာ၊ ဒီကောင် အရက်သမားတစ်ယောက် ဖြစ်သွားမှာပေါ့´
သို့နှင့် မိဘများက အနီးရှိ အခန်းတစ်ခန်းမှ နေ၍ ချောင်းကြည့်နေကြလေ၏။ သော့ပေါက်မှ ချောင်းကြည့်နေကြရာ သားငယ်သည် အခန်းထဲသို့ ၀င်လာသည်ကို တွေ့ရလေ၏။
ထို့နောက် သားငယ်သည် (၁၀)ဒေါ်လာငွေစက္ကူကိုတွေ့သဖြင့် မီးရောင်တွင် ထောင်ကြည့်လိုက်ပြီး သူ့အိတ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် သမ္မာကျမ်းစာအုပ်ကိုတွေ့ရသဖြင့် ဆွဲယူလိုက်ပြီး ဟိုလှန်၊ ဒီလှန်ကြည့်ကာ အိတ်ထဲသို့ ထည့်လိုက်ပြန်သည်။ ပြီးသော် ၀ီစကီပုလင်းကို တွေ့သဖြင့် ကောက်ယူလိုက်ပြီး ပုလင်းဖွင့်ကာ တစ်ကျိုက်မော့သောက်လိုက်သည်။ ၀ီစကီအရသာကို သိသွားသဖြင့် ၀ီစကီပုလင်းနှင့် အတူ အားလုံးကို သူနှင့်အတူယူသွားတာကို မြင်ကြရသည်။
ထိုအခါ ဖခင် ဖြစ်သူက သူ့နဖူးကို သူရိုက်ပြီး အခုလိုပြောချလိုက်ပါတော့သည်။
`သွားပါပြီကွာ၊ ဒီကောင် နိုင်ငံရေးသမား ဖြစ်တော့မှာကွ´
မှတ်ချက်။ ။ ၂၀၁၀ ခုနှစ် နိုဝင်ဘာလထုတ် ပြည်သူ့ခေတ် ဂျာနယ်မှ ကူးယူဖော်ပြသည်။
**(ဟာဒယနှလုံး- တခဏပြုံး)**

No comments:
Post a Comment