ခက်တော့ခက်နေပြီ။ ဗမာပြည်နိုင်ငံရေးကတော့ကြာလေရှုပ်ထွေးလာလေဆိုရမယ်။ အဖြေရှာမရတဲ့ ပုစ္ဆာလိုဖြစ်လာတာသတိထားမိပါတယ်။ အဖြေရှာ၊၀ိုင်းစဉ်းစားပေးနိုင်ရန် ဒီဆောင်းပါးကို ရေးသားလိုက်ရခြင်းဖြစ်ပါတယ်။
ဗမာပြည်နိုင်ငံရေး လှုပ်ရှားမှုတွေကို လေ့လာကြည့်ရင် အုပ်စုလေးတွေ ကွဲနေတာ တွေ့ရမှာပါ။ ဒီမိုကရေစီရရှိရေး လှုပ်ရှားမှု လို့တော့ ဆိုကြတယ်။ ဒီမိုကရေစီဆိုတာ ဘာမှန်းမသိတဲ့ န.အ.ဖ ဆီက ဒီမိုကရေစီ သွားတောင်းနေတော့ အ နေတဲ့ ကောင်မလေးဆီက ရည်းစားစကားကြားချင်တဲ့ လူလို ဖြစ်နေပါတယ်။
စစ်တပ်က တိုင်းပြည်ကိုအုပ်ချုပ်လာတာ ကြာပြီဆိုတော့ အာဏာကို အလွယ်တကူ လက်မလွတ်နိုင်တာ သဘာဝကျပါတယ်။ ရေသည်ပြဇာတ်ထဲမှာ ရေသည်ယောင်္ကျားဟာဘာမှမဟုတ်တဲ့ သူ့ပိုက်ဆံလေး ငါးဆယ်ကို စွဲလန်းသေးတာပဲ။စစ်တပ်ဆိုတာထက် အာဏာရှင်စစ်အုပ်စုလို့ ခွဲခြားပြောတာ ပိုမှန်တယ်။ဘယ်အာဏာရှင်မှ အာဏာကို အလွယ်တကူ စွန့်လွှတ်သွားတာ မရှိ။
ဟုတ်ကဲ့။ယခုအချိန်ထိ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရရှိရေး ကြိုးပမ်းနေကြတဲ့ နိုင်ငံရေး အင်အားစုတွေကို ကြည့်ရင် ရည်ရွယ်ချက်တူတယ်ထင်ရပေမဲ့ သေသေချာချာသုံးသပ်ကြည့်တော့ မတူကြပါ။နှစ်ပေါင်း(၂၀)မကတော့ဘူးနော်။ အုပ်စုကွဲ၊၀ါဒတွေကွဲနဲ့ န.အ.ဖ က ဒိုင်စားသွားပါတယ်။ အာဏာရှင်အောက်မှာတော့ စစ်တပ်က ညီနေရော။ ထောက်ပြတဲ့ လူတွေကိုလည်း တချို့ သိပ်မကြည်တာတွေ့ရတယ်။
တော်လှန်ရေးအုပ်စုကွဲလေးတွေကိုတူရာစုကြည့်ရင်
(၁) ပြည်တွင်းမှာ သုံး အုပ်စု
(၂) ပြည်ပမှာ ငါး အုပ်စု
(၁) ပြည်တွင်း သုံး အုပ်စု
၁။ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ NLD အုပ်စု
၂။ စစ်အစိုးရကို ကိုယ့်နည်းကိုယ်ဟန်နဲ့ ဆန့်ကျင်နေတဲ့ အုပ်စု
၃။ န.အ.ဖ နဲ့ လက်တွဲ ဆောင်ရွက်တော့မယ့် အုပ်စု
(၂) ပြည်ပ ငါးအုပ်စု
၎။ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ
၅။ ပြည်ထောင်စု စစ်စစ်မူကို ဆုပ်ကိုင်ထားတဲ့အုပ်စု
၆။ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံရေးဆွဲထားတဲ့အုပ်စု
ရ။ တတိယ နိုင်ငံရောက် အုပ်စု
၈။ လွတ်မြောက်နယ်မြေရောက် အင်အားစု ..စသည်ဖြင့် မနည်းလှ။
အုပ်စုတခုခြင်းကို လေ့လာကြပါစို့။
၁။ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ NLD
လူထုကို စုစည်းနိုင်တဲ့ ခေါင်းဆောင်ကောင်းကို ရရှိထားးတဲ့ NLD ဟာ နှစ်ပေါင်း (၂၀) ကျော် ဘာမှ မယ်မယ်ရရ လုပ်ဆောင်နိုင်ခဲ့တာမရှိ။ (အခြားဆောင်းပါးရှင်များ ရေးသားပြီးဖြစ်)
အခုခေါင်းဆောင်လွတ်လာတော့မှ လှုပ်ရှားမှု နည်းနည်းရှိလာတယ်။ တယောက်ဆိုရင် NLD ဆိုတာ ဘိုးဘွားရိပ်သာလို့ ခနဲ့တဲ့တဲ့ ပြောခဲ့တယ်။ အခု ဒုတိယပင်လုံညီလာခံ ဆိုပြီးစီမံနေကြလေရဲ့။ သူတို့ (CEC) တွေထဲကများ …. လုပ်မလားထင်ရတယ်။ အန်တီစုကို တာဝန်ပေးသတဲ့။ကောင်းရော။ ဒါအလွယ်ဆုံးဖြစ်မယ်။ အန်တီစုကလည်း ငြိမ်းချမ်းရေးလမ်းစဉ်ကို ကိုင်စွဲပြီး တွေ့ဆုံဆွေးနွေးရေးကို ဆက်လက်တောင်းဆိုနေတာတွေ့ရတယ်။ န.အ.ဖ နဲ့ဖြစ်ဖြစ်၊ ကြံ့ဖွံ့နဲ့ဖြစ်ဖြစ် နိုင်ငံကောင်းဖို့ အတွက်ဆို လက်တွဲ ဆောင်ရွက်မယ် ဆိုထားလေရဲ့။ ဒါပေမယ့် ယခုအချိန်ထိ ထူးခြားမှုမရှိသေး။ န.အ.ဖကတော့ ငါ့ကားငါစီး သုဿန်ရောက်ရောက် လုပ်သွားမှာပါ။ ဇာတ်မျောကြီးပဲ ဖြစ်နေဦးမှာထင်တယ်။
၂။ ပြည်တွင်းမှာ ကိုယ့်နည်းကိုယ်နဲ့ ဆန့်ကျင်နေတဲ့အုပ်စု
အင်အားဘယ်လောက်ရှိမှန်း မသိနိုင်။ ခေါင်းဆောင်အတော်များများကတော့ ထောင်ထဲမှာ။ဒီအုပ်စုတွေရဲ့လုပ်ဆောင်ချက်တွေက သူရဲကောင်းပီသလှတယ်။ အုတ်နရံကိုခေါင်းနဲ့ပြေးပြေးဆောင့် သလို။ ကိုယ်ပဲ ခံခံနေရတယ်။ သူတို့နောက်မှာလည်း လူထုက ပါမလာတဲ့အတွက် ရှေ့တိုးဖို့ ခက်နေပါတယ်။ ဒီအုပ်စုတွေဟာ ၈၈-အရေးအခင်းမှ မွေးထုတ်ပေးလိုက်တဲ့ တကယ့်လူတွေပါ။သူတို့လည်းအောင်မြင်ဖို့ ဝေးနေသေးတယ်။
၃။ န.အ.ဖ နဲ့ လက်တွဲဆောင်ရွက်နေတဲ့ အုပ်စု
သူတို့လည်းသူတို့အားနဲ့ သူတို့ရှိတယ်။ လွှတ်တော်ပေါ်တဲ့အခါတောင်းဆိုမယ်။ ကြည့်ကြရတာပေါ့။ သိပ်တော့မထင်။ သူတို့ဝင်အရွေးခံတဲ့ ဖွဲ့စည်းပုံက တောင်းဆိုသူတွေအတွက် နေရာသိပ်မရှိဘူးဆိုတာ ဥပဒေ ပညာရှင်တိုင်း အသိ။ ပါတီတွေထောင်၊ စကားကြီးစကားကြီးတွေပြော။ ပြည်သူလူထုအတွက် ဘယ်လောက်လုပ်ပေးနိုင်သလဲဆိုတာကြည့်ကြ။ (ကိုယ်ကျိုးရှာသမားတွေလည်း မနည်းဘူးဆိုတာ တွေ့ရပါတယ်။
၎။ ပြည်ပနယ်စပ်တွေမှာ လက်နက်ကိုင်တော်လှန်နေတဲ့အုပ်စု
တိုင်းရင်းသားတွေအတွက် အဓိကလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေဖြစ်ပါတယ်။ န.အ.ဖ က ဒီအဖွဲ့တွေကို သောင်းကျန်းသူ၊အကြမ်းဖက်သမားတွေလို့ ခေါ်ဝေါ်လေ့ရှိတယ်။အချို့အဖွဲ့အစည်းတွေဟာ လူမျိုးရေးအမြင် ကျဉ်းမြောင်းလှတယ်။ ဒါကိုသတိထားသင့်တယ်။ကျယ်ပြန့်တဲ့အမြင်ရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေတော့ရှိပါတယ်။ န.အ.ဖ တက်လာပြီးနောက်ပိုင်း တဖြည်းဖြည်းနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ အင်အားလျော့၊ ပြိုကွဲလာတာ တွေ့ရပါတယ်။ ဟုတ်ဟုတ်ငြားငြား န.အ.ဖ ကို ရင်ဆိုင်တိုက်ပွဲဝင်နိုင်တဲ့ အဖွဲ့မရှိတော့။
၅။ ပြည်ထောင်စုစစ်စစ်မူ ကို ဖက်တွယ်ထားတဲ့အုပ်စု
ရှစ်ပြည်နယ်ပြည်ထောင်စုမူကိုဆိုလိုခြင်းဖြစ်ပါတယ်။ ဒီမူကိုတိုင်းရင်းသားအားလုံး သဘောတူချမှတ်ထားသလားဆိုတာ ဆန်းစစ်သင့်ပါတယ်။ ရှစ်ပြည်နယ်ပြောတော့ ဗမာပြည်လက်အောက်ထဲ ထည့်သွင်းထားတဲ့ နယ်မြေအချို့ဟာ ဗမာလို့မခံယူထားတဲ့အတွက် ပြဿနာရှိပါတယ်။ အောင်မြင်မှုရမယ်လို့မထင်။
၆။ ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံကို ရေးဆွဲထားတဲ့ အုပ်စု
န.အ.ဖ ဖွဲ့စည်းပုံထက် သာလွန်ကောင်းမွန်တဲ့ ဖွဲ့စည်းပုံကိုရေးထားတယ်လို့ဆိုပါတယ်။လေ့လာကြည့်တော့ ကောင်းပါတယ်။လိုအပ်ချက် အနည်းငယ်တော့ရှိတာပေါ့။ မရှင်းလင်းတာတွေလဲ ရှိပါတယ်။ ( န.အ.ဖ ဖွဲ့စည်းပုံကတော့ ရှင်းတယ်။ သူတို့ပဲဆက်အုပ်ချုပ်မယ် ဆိုပါတယ်။)
ရ။ တတိယနိုင်ငံရောက်အုပ်စု
ဒီအုပ်စုကတော့ အဝေးကြီးမှာနေပြီး အော်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။ ထိရောက်မှုမရှိတာတွေ့ရတယ်။ ဒါပေမယ့် နိုင်ငံတကာမှဗမာ့အရေးကို ပိုသိလာအောင်တော့ စွမ်းဆောင်နိုင်တယ်လို့တော့ဆိုရမယ်။
ဂ။ အသွင်အမျိုးမျိုးနဲ့ လွတ်မြောက်နယ်မြောက်နယ်မြေမှာ ရသလို တိုက်ပွဲဝင်နေတဲ့အုပ်စု
ဒီအုပ်စုကတော့ ကွဲပြားမှုအများဆုံးအုပ်စု။ အချင်းချင်းလည်းဆော်ကြနှက်ကြ။ဒါမှအတွးအခ်ါတွေ ပွင့်လင်းလာမှာပေါ့။ဒီနယ်မြေကိုနောက်ကျရောက်တဲ့လူတွေလည်းရှိပါတယ်။ နိုင်ငံရေး သူတို့နှင့်မဆိုင်ဘူးဆိုပြီးဘေးဖယ်ထားချင်တဲ့လူတွေရှိတယ်။ နိုင်ငံရေးဆိုတာမမွေးသေးတဲ့ကလေးတွေနဲ့တောင်ဆိုင်တယ်ဆိုတော့ အမြင်ကျယ်ကျယ်လေးထားကြဖို့တော့လိုအပ်မယ်ထင်တယ်။ န.အ.ဖ အလိုတော်ရိ၊သတင်းပေးနဲ့ဂွင်သမားတွေလည်း ပေါတဲ့နယ်မြေလို့ ခံစားရပါတယ်။
တင်ပြခဲ့တဲ့ အချက်အလက်တွေဟာ စာရေးသူရဲ့ အမြင်တွေသာဖြစ်ပါတယ်။ ဘယ်အဖွဲ့စည်း ဘယ်ဌါနရဲ့ သြဇာခံပြီး တင်ပြခြင်း မဟုတ်ကြောင်း ရိုသားစွာ ၀န်ခံပါတယ်။
ဒီအုပ်စုတွေအားလုံးဟာ ဒီမိုကရေစီရရှိရေးအတွက် လုပ်ဆောင်နေကြတယ်ဆိုကြပေမယ့် အချိတ်အဆက်မမိတာကိုတွေ့ရပါတယ်။ အယူဝါဒတွေလည်းမတူကြပါ။ အားမနာတမ်းဝေဖန်ရရင် “နိုင်ငံရေးအမြင် ကျယ်ကျယ်ပြန့်ပြန့်” မရှိကြတာပဲ။ ကိုယ်သန်ရာ အမှန်လို့ထင်နေကြတယ်။ပြည့်သူလူထုရဲ့အသံတွေကိုလည်းနားမထောင်ကြတော့။ပုံစံ အဟောင်းတွေကိုပဲ ရေလဲသုံးနေကြပါတယ်။အကွဲကွဲ အပြားပြားနဲ့ န.အ.ဖ ရဲ့လှောင်ရီစရာဖြစ်နေပါတယ်။တချို့ကလည်းအဆန်းတော့ ထွင်နေကြတာပဲ။ လက်တွေ့ အသုံးချလို့ အံမ၀င်နိုင်တာတွေ တွေ့ရတယ်။ပွဲဆူရုံပဲဖြစ်ဖြစ်နေတယ်။
အခုနောက်ဆုံးရရှိတဲ့ သတင်းတွေအရ ရှော့ခ် ရိုက်မယ့် အုပ်စု ဆိုတာကိုပါ ထပ်ထည့်ရတော့မယ်ထင်ပါတယ်။ လူသတ်တယ်ဆိုတာ အကြမ်းဖက်တာပဲ။ ဒေါက်တာလွဏ်းဆွေဘလော့တွင် ဖော်ပြခဲ့တဲ့ “ ……….ရှော့ခ်ရိုက်ဖို့လိုနေတယ်”ဆိုတဲ့ဆောင်းပါး ရေးသူဟာ ပြင်သစ်တော်လှန်ရေးကိုမေ့ထားပုံရတယ်။ ပြင်သစ်တော်လှန်ရေးမှာ အာဏာရှင်တွေကိုခေါင်းဖြတ်သတ်၊ သူ့အသိုင်းအ၀ိုင်းတွေကို ဖယ်ရှားရုံနဲ့ အောင်မြင်သွားတယ်ထင်ရပေမယ့် နောက်ဆုံးမှာတော့ လှုပ်ရှားခဲ့သူအားလုံးဟာ အသစ်ပေါ်လာတဲ့ စစ်အာဏာရှင် နပိုလီယံကြောင့် နှိမ်နင်းခံရပြီး ပြိုကွဲသွားခဲ့ရတယ်။ နောက်ထပ်လည်းတော်လှန်ရေး မပေါ်တော့။ ဦးကျိုးသွားခဲ့ပါတယ်။
တခုပဲရှိတယ်။ အန်တီစုတောခိုလာပြီး ၊လက်နက်စွဲကိုင်တော်လှန်တော့မယ်လို့ ဆုံးဖြတ်လိုက်ရင်တော့ ….လုပ်ကြပေတော့။ ( အန်တီစု ကိုးကွယ်ရေးသမားတော့ မဟုတ်ကြောင်း ပြောပါရစေ။)
ဒီလိုဒီလို ကွဲပြားနေတယ့် အမြင်တွေကို တပေါင်းတည်း စုစည်းပြီး အကောင်းဆုံးကို ရှာဖွေနိုင်မယ်ဆိုရင်တော့ ပြည်သူလူထုအတွက် မျှော်လင့်ချက် ရောင်ခြည်လေးသန်းလာမယ်လို့ ထင်ပါတယ်။
နိုင်ငံအရေးကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာတဲ့အခါမှာ စနစ်ကိုပဲပြောင်းရုံနဲ့ မလုံလောက်၊လူတွေပါပြောင်းပစ်မှ ပိုကောင်းတာတွေ့ရတယ်။ အခုတော့ ငါတို့မှ အမှန်ဆိုပြီး န.အ.ဖ လို ငါတကောကောနေမယ်ဆိုရင်တော့ … ပြည်သူလူထုမှာ ဒီဆင်းရဲတွင်းထဲမှ ဘယ်တော့မှ လွတ်နိုင်မယ်မထင်။
န.အ.ဖကလည်း ၎င်းတို့ ရှင်သန်ရပ်တည်ရေးအတွက် ဖွဲ့စည်းပုံဆွဲ၊ အစိုးရဖွဲ့ တသက်လုံးအုပ်ချုပ်ဖို့ လက်မှတ်တော့ရထားပြီ။ ဒါပေမယ့် ဒီလက်မှတ်ဟာ အတုဖြစ်ပါတယ်။
အစစ်အမှန် စနစ်တရပ်ပေါ်ထွန်းလာနိုင်ဖို့် ကွဲပြားနေတဲ့ တော်လှန်ရေးအင်အားစုတွေဟာရည်ရွယ်ချက်တူ၊လုပ်ဆောင်ချက်တူ၊ ကျယ်ပြန့်တဲ့နိုင်ငံရေးအမြင်တွေနဲ့ ဆက်လက်ဆောင်ရွက်မှသာ တနေ့အောင်ပွဲ ခံနိုင်မှာဖြစ်ကြောင်း ပြည်သူလူထုကြားကစကားများကို တင်ပြလိုက်ပါတယ်။ ။
( မဟုတ်ကမဟုတ်က နိုင်ငံရေး စတန့် ထွင်ချင်သူများကိုရည်ရွယ်ပါသည်။ထို့အပြင် နိုင်ငံရေးဆိုတာ နိုင်ငံသူနိုင်ငံသား အားလုံး နဲ့ ဆိုင်ကြောင်း အလေးအနက်ယုံကြည်ပါကြောင်း။)
**နိုင်ငံရေးလေ့လာသူတဦး**
၂၉/၁၂/၂၀၁၀

No comments:
Post a Comment