မန်ချက်စတာယူနိုက်တက် အသင်းသည် ဗလန်စီယာ တောင်ပံသမား ဂျိုကွင်းအား ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။ စပိန်လက်ရွေးစင် ဖြစ်ခဲ့သူ ဂျိုကွင်းအား ယူနိုက်တက် နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်က လူငယ်ကစားသမား ဘ၀ကတည်းက နှစ်ခြိုက်ခဲ့သူဖြစ်သည်။ ဆာဖာဂူဆန်သည် အီကွေဒေါ တောင်ပံလူ အန်တိုနီယို ဗလန်စီယာ ဒဏ်ရာရနေချိန်တွင် ဂျိုကွင်းအား ခေါ်ယူသွားရန် စိတ်ဝင်စားနေသည်။ ထို့အပြင် ရာသီကုန်တွင် အနားယူမည်ဟု သတင်းထွက်နေသည့် ဝေလ၀ါရင့် တောင်ပံသမားကြီး ရိုင်ယန်ဂစ် နေရာအတွက်လည်း ရေရှည်အစားထိုးနိုင်ရန် ဂျိုကွင်းအား ပစ်မှတ်ထားလျက်ရှိသည်။ အသက် (၂၉)နှစ်ရှိ ဂျိုကွင်းအား အေစီမီလန်နှင့် ချယ်လ်ဆီးတို့ကလည်း စိတ်ဝင်စားလျက်ရှိသည်။ ဗလန်စီယာအသင်းသည် ဂျိုကွင်းအတွက် ပေါင်စတာလင် (၉)သန်းမျှ အလိုရှိနေသော်လည်း ယူနိုက်တက်သည် ဇန်န၀ါရီ အပြောင်းအရွှေ့ကာလအတွင်း ပေါင်(၅.၅)သန်းမျှဖြင့် ခေါ်ယူသွားနိုင်ရန် မျှော်လင့်နေကြောင်း သိရသည်။ ယူနိုက်တက်သည် တောင်ပံနှင့် ကွင်းလယ်တွင် ကျွမ်းကျင်စွာ ကစားတတ်သည့် နာမည်ကြီးတစ်ဦးအား ခေါ်ယူရန် စီစဉ်လျက်ရှိရာ ဂျာမန်ကလပ် ၀ုလ်ဖ်ဘာ့ဂ်မှ ကမ္ဘာ့ဖလားပွဲဝင် ဂျာမန်လက်ရွေးစင် လူငယ်ကစားသမားလေး မာကိုမာရင်ကိုလည်း စိတ်ဝင်စားနေကြောင်း သတင်းများက ဖော်ပြထားသည်။
** အီတလီစီးရီးအေ၏ ရွှေအမှိုက်ပုံးဆု အက်ဒရီယာနိုရရှိ **
အီတလီစီးရီးအေတွင် နှစ်စဉ်ပေးအပ် ချီးမြှင့်လေ့ရှိသည့် ရွှေအမှိုက်ပုံးဆုကို ရိုးမားတိုက်စစ်မှူး အက်ဒရီယာနိုက ရရှိသွားကြောင်း သိရသည်။ ဒီဇင်ဘာ (၁၃)ရက်နေ့က ယခုနှစ်အတွက် ရွှေအမှိုက်ပုံးဆုကို ထုတ်ပြန်ကြေညာရာ ဘရာဇီးလ် တိုက်စစ်မှူးက (၃)ကြိမ်မြောက် ရရှိသွားခြင်းဖြစ်သည်။ အက်ဒရီယာနိုသည် အင်တာမီလန်တွင် ကစားနေစဉ် (၂၀၀၆)နှင့် (၂၀၀၇)ခုနှစ်များကလည်း ရွှေအမှိုက်ပုံးဆုရှင် ဖြစ်ခဲ့သေးသည်။ ယင်းဆုသည် ဂုဏ်ယူစရာ ထူးချွန်ဆုတစ်ခု မဟုတ်ဘဲ တစ်ချိန်က ခြေစွမ်းအလွန်ထက်မြက်ခဲ့သော်လည်း လက်ရှိတွင် ဆိုးဆိုးရွားရွား ညံ့ဖျင်းနေသည့် ကစားသမားများကို ပရိသတ်က မဲပေးရွေးချယ်ခြင်းဖြစ်သည်။
ဘရာဇီးလ်ကလပ် ဖလာမင်ဂိုမှ ရိုးမားသို့ ပြောင်းရွှေ့ပြီး အီတလီမြေတွင် တကျော့ပြန် ခြေချခဲ့သော်လည်း နည်းပြ ကလော်ဒီရို ရာနေရာရီက ဖရန်ဆက်စကိုတော့တီ၊ မာကိုဘော်ရီရယ်လို၊ မာကိုဗူချီနစ်တို့အား အဓိက ဦးစားပေး အသုံးပြုနေသည့်အပြင် ဒဏ်ရာပြဿနာ နှိပ်စက်မှုများကြောင့် အက်ဒရီယာနိုမှာ ယခုနှစ်တွင် (၃)ပွဲသာ ကစားခွင့် ရခဲ့သည်။ အရက်အလွန်အကျွံ သောက်ခြင်းနှင့် လူမှုရေး ပြဿနာများကြောင့် ဘရာဇီးလ် လက်ရွေးစင် အသင်းတွင် အလားအလာ အကောင်းဆုံး တိုက်စစ်မှူးဘ၀မှ လျော့ကျလာခဲ့သူ အက်ဒရီယာနိုသည် ရိုးမားတွင် အကောင်းဆုံး ခြေစွမ်းပြနိုင်ရန် မျှော်လင့်ခဲ့သော်လည်း မီလန်တိုက်စစ်မှူး ဘော်ရီရယ်လိုကို ရိုးမားက အငှားခေါ်လိုက်ချိန်တွင် ၎င်း၏ အိပ်မက်များ ပျက်ပြယ်ခဲ့ရသည်။ အသက်(၂၈)နှစ်ရှိ အက်ဒရီယာနိုသည် ယခုနှစ် ရွှေအမှိုက်ပုံးဆု ဆန်ခါတင်စာရင်းတွင် ဂျူဗင်းတပ်စ်နှင့် အီတလီကစားသမား အမော်ရီ၊ မီလန်မှ ဘရာဇီးလ် လက်ရွေးစင်ဟောင်း ရော်နယ်လ်ဒင်ဟိုတို့ကို ကျော်ဖြတ်ပြီး ပထမရခဲ့ခြင်းဖြစ်သည်။ ယင်းနောက်တွင် အမော်ရီက ဒုတိယ၊ ရော်နယ်လ်ဒင်ဟိုက တတိယ အသီးသီး ရရှိခဲ့သည်။ ယမန်နှစ်က ရွှေအမှိုက်ပုံးဆုကို ဂျူဗင်းတပ်စ်မှ ဘရာဇီးလ် ကွင်းလယ်လူ ဖိလစ်ပီမယ်လိုက ရရှိခဲ့ကြောင်း သိရှိရသည်။
** ဖရိုင်းဘာ့ဂ်တိုက်စစ်မှူးအား အာစင်နယ်ခေါ်ယူနိုင်ဖွယ်ရှိ **
အာစင်နယ်အသင်းသည် ဖရိုင်းဘာ့ဂ်အသင်းမှ တိုက်စစ်မှူး ပက်ပစ်ဒမ်ဘာ ဆစ်ဆေးအား ခေါ်ယူရန် နီးစပ်နေကြောင်း သိရသည်။ ဂျာမန်ဘွန်းဒစ်လီဂါ ပြိုင်ပွဲဝင် အသင်းအတွက် အထူးခြေစွမ်းပြနေသည့် ရှေ့တန်းသမားကို အာစင်နယ်က ရာသီကုန်တွင် စာချုပ်နိုင်ရန် မျှော်လင့်နေသည်။ လက်ရှိတွင် လိဂ်ဂိုး(၁၅)ဂိုးသွင်းယူကာ ဘွန်းဒစ်လီဂါ၏ ပူးတွဲဂိုးသွင်းဘုရင်အဖြစ် ရပ်တည်နေသော အသက်(၂၅)နှစ်အရွယ် ဆီနီဂေါ လက်ရွေးစင်သည် ဖူလ်ဟမ်သို့ ပြောင်းရွှေ့မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သေးသည်။ အာစင်နယ်သည် ဇန်န၀ါရီ အပြောင်းအရွှေ့ ကာလတွင် ဆစ်ဆေးအား ခေါ်ယူဖွယ် မရှိသေးဘဲ ရာသီကုန် နွေရာသီမှသာ ပေါင်(၁၀)သန်း ၀န်းကျင်ဖြင့် ခေါ်ယူသွားဖွယ် ရှိနေသည်။ ဆစ်ဆေးနှင့် နီးစပ်သူတစ်ဦးက “သူဟာ ဖရိုင်းဘာ့ဂ်မှာ ပျော်ရွှင်နေသလို အသင်းနဲ့လည်း (၂၀၁၄)ထိ စာချုပ်ထားတာပါ။ ဒါပေမယ့် အာစင်နယ်ရဲ့ စိတ်ဝင်စားမှုအတွက် သူစိတ်လှုပ်ရှားနေတာ အမှန်ပါပဲ”ဟု Goal၀က်ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။ သို့သော်လည်း ဆစ်ဆေးသည် ဖူလ်ဟမ်သို့ ပြောင်းရွှေ့ရန်မူ စိတ်မ၀င်စားကြောင်း၊ ၎င်းသည် ဖူလ်ဟမ်အသင်းအား လေးစားသော်လည်း အသင်းပြောင်းဖြစ်မည် ဆိုပါက ချန်ပီယံလိဂ် ၀င်ခွင့်ရ အသင်းမျိုးကိုသာ ပြောင်းရွှေ့လိုကြောင်းလည်း နီးစပ်သူများကဆိုသည်။ တိုးအားကောင်းသော ကစားဟန်ကြောင့် ချယ်လ်ဆီးတိုက်စစ်မှူး ဒီဒီရာဒရော့ဂ်ဘာနှင့် ခိုင်းနှိုင်းတင်စားခံရသူ ဆစ်ဆေးသည် ဂျာမနီသို့ ပြီးခဲ့သောနှစ်ကမှ ပြင်သစ်လိဂ်မှတဆင့် ပြောင်းရွှေ့လာခြင်းဖြစ်သည်။ မတ်ဇ်အသင်းမှ ပြောင်းရွှေ့လာသော ကစားသမားသည် နိုင်ငံလက်ရွေးစင်အဖြစ် (၅)ပွဲပါဝင်ခွင့် ရခဲ့ပြီးချိန်တွင် (၄)ဂိုးသွင်းယူပေးထားသည်။ ဆစ်ဆေး၏ အေးဂျင့်က ဖရိုင်းဘာ့ဂ်သည် ခမ်းနားသော အသင်းတစ်ခု ဖြစ်သော်လည်း ဥရောပအဆင့်နှင့်မူ သေးငယ်နေကြောင်း၊ ကောင်းမွန်သော ကမ်းလှမ်းမှုမျိုး ရှိပါက ဆစ်ဆေးအနေနှင့် လက်ခံစဉ်းစားသွားဖွယ်ရှိကြောင်း ပြောကြားထားသည်။
** ပဲရစ်စိန့်ဂျာမိန်းနောက်ခံလူအား ခေါ်ယူရေး အာစင်နယ်နှင့်ဘာစီလိုနာ အပြိုင်ကြိုးပမ်း **
အာစင်နယ် အသင်းသည် ပြင်သစ်ကလပ် ပဲရစ်စိန့်ဂျာမိန်း နောက်ခံလူ မာမာဒူ ဆာခိုအား ခေါ်ယူရေးအတွက် ဘာစီလိုနာနှင့်အပြိုင် ကြိုးပမ်းနေကြောင်းသိရသည်။ အသက် (၂၀)သာ ရှိသေးသော်လည်း ပင်ကိုယ်အရည်အသွေး ပြည့်ဝကောင်းမွန်သည့် လူငယ်လေးအား အာစင်နယ် နည်းပြကြီး အာစင်းဝင်းဂါးက စိတ်ဝင်စားလျက်ရှိသည်။ လက်ရှိတွင် ဆာခိုသည် ပြင်သစ်နိုင်ငံ၏ မြို့တော်တွင် အခြေစိုက်သော ကလပ်အသင်းနှင့် ကစားသမားတို့ စာချုပ်သက်တမ်းတိုးရန် ညှိနှိုင်းနေမှုကို စိတ်ဝင်တစား စောင့်ကြည့်နေသည်။ အရပ်(၆)ပေ၊ (၂)လက်မမြင့်သော ဆာခိုအား စပိန်ချန်ပီယံ ဘာစီလိုနာကလည်း စောင့်ကြည့်လျက်ရှိသည်။ နောက်တန်းတွင် နေရာစုံ ကစားနိုင်သည့် စွယ်စုံရ ခံစစ်သမားသည် ပဲရစ်စိန့်ဂျာမိန်းနှင့် (၂၀၁၂)တွင် စာချုပ်သက်တမ်း ကုန်မည်ဖြစ်ပြီး လက်ရှိတွင် အသင်းက (၂)နှစ်သက်တမ်းတိုးရန် ဆွေးနွေးနေသည်။ ဆာခိုသည် မွေးရပ်မြေ အသင်းနှင့် ညှိနှိုင်းနေမှု တစ်လကျော် ကြာမြင့်နေပြီဖြစ်သော်လည်း အပြီးသတ် စာမချုပ်နိုင်သေးချေ။ ၎င်းကို အီတလီမှ မီလန်အခြေစိုက် အသင်းကြီးနှစ်ခုကလည်း စိတ်ဝင်စားနေသည်။ ဆာခိုသည် ဥရောပ ချန်ပီယံလိဂ်တွင် ပုံမှန်ယှဉ်ပြိုင်ခွင့် ရနေပြီး ပြင်သစ်လူမျိုး ၀င်းဂါးက နည်းပြအဖြစ် တာဝန်ယူနေသော အာစင်နယ်ကို လေးစားကြောင်း ပြောဆိုထားဖူးသည်။ ဘာစီလိုနာသည် အာဂျင်တီးနားကလပ် အင်ဒီပန်ဒီယန်တေးသို့ ပြောင်းရွှေ့ရန် သဘောတူညီမှု ရရှိသွားပြီဖြစ်သည့် အာဂျင်တီးနား ဗဟိုခံစစ်မှူး ဂါဘီမီလီတိုနေရာအတွက် ဆာခိုအား သဘောကျလျက်ရှိသည်။ ဘာစီလိုနာသည် အာစင်နယ်အသင်းမှ အသင်းခေါင်းဆောင် စပိန်ကွင်းလယ်ဖန်တီးရှင် ဆက်စ်ဖာဘရီဂက်စ်ကိုလည်း စောင့်ကြည့်နေဆဲဖြစ်ကြောင်း သိရှိရသည်။
** စည်းကမ်းမဲ့သည့် မီဂန်ဖောက်စ်ကြောင့် ခင်ပွန်းဖြစ်သူ စိတ်ညစ်ရလေ့ရှိ **
မီဂန်ဖောက်စ်သည် ရှုပ်ရှုပ်ပွပွ နေထိုင်တတ်သူ တစ်ဦးဖြစ်ရာ ခင်ပွန်းသည်အတွက် စိတ်အနှောင့်အယှက် မကြာခဏ ဖြစ်လေ့ရှိကြောင်း သိရသည်။ Transformers ပထမပိုင်းနှင့် ဒုတိယပိုင်းတို့တွင် သရုပ်ဆောင်ခဲ့သည့် မင်းသမီး၏ နီးစပ်သူများက “မီဂန်ဟာ စည်းမဲ့ကမ်းမဲ့ နေတတ်တယ်ဆိုတာ အမြဲဝန်ခံပါတယ်။ သူက တွေ့သမျှ ဖွနေတော့တာပဲ”ဟု ပြောကြားခဲ့သည်။ ခင်ပွန်းသည် ဘရိုင်ယန် အော်စတင်ဂရင်းမှာမူ စည်းကမ်းကျနပြီး သန့်ရှင်းသပ်ရပ်စွာ နေထိုင်တတ်သူဖြစ်သည်။ “ရှုတင်က ပြန်လာပြီးရင် အိမ်ပြန်သယ်လာတဲ့ ပစ္စည်းတိုင်းကို မီဂန်က ပြန့်ကြဲနေအောင် ဖွထားလိုက်တော့တယ်။ အိမ်ခန်းလည်း အမှိုက်ပုံလို ဖြစ်သွားရင် ဘရိုင်ယန်က တော်တော်စိတ်ရှုပ်သွားတော့တာပဲ”ဟု မီဂန့်မိတ်ဆွေများက ဖောက်သည်ချခဲ့သည်။
** 7 Day သတင်းဂျာနယ်မှ ကူးယူဖော်ပြသည်။ **
** ဗလန်စီယာတောင်ပံကစားသမား ဂျိုကွင်းအား မန်ယူစိတ်ဝင်စား **

No comments:
Post a Comment