..............................................................................
ဤစာစုမှာ နယ်လ်ဆင်မင်ဒဲလား၏ ကိုယ်တိုင်ရေး အထ္ထုပ္ပတ္တိ “Long Walk to
Freedom” စာအုပ်တွင်ပါရှိသော မင်ဒဲလား၏ လွတ်လပ်ခွင့်၊ လွတ်မြောက်မှု၊
ရဲစွမ်းသတ္တိ၊ လူ့အကြင်နာတရား လူသားတာဝန်တို့နှင့်ပတ်သတ်သော
အကောက်အယူဖွင့်ဆိုချက် အချို့နှင့် တောင်အာဖရိက ပြည်သူတို့
လျှောက်လှမ်းချီတက်နေရဆဲ ဖြစ်သော လွတ်မြောက်မှု ခရီးရှည်ကြီးတွင်
ကြုံတွေ့ခဲ့ရသော ဖြတ်သန်းမှုတစိတ်တပိုင်းကိုထုတ်နုတ် ဘာသာပြန်ဆို
တင်ပြလိုက်ခြင်း ဖြစ်ပါကြောင်း…
အသားအရောက်ခွဲခြားမှု မူဝါဒက ကျနော်တို့နေထိုင်ရာ တောင်အာဖရိကနိုင်ငံနဲ့
ပြည်သူတွေကို ရှည်ကြာ စူးနစ်တဲ့ ဒါဏ်ရာ ဒါဏ်ချက်တွေဖြစ်ပေါ် စေခဲ့ပါတယ်။
ကျနော်တို့ မျိုးဆက်တွေက အဲဒီနာကျင်မှုကိုဖြေဖျောက်နလန်ထူအောင်
စွမ်းဆောင်နိုစွမ်းမရှိရင်တော့ အခြေ အနေတွေဟာ နောင်နှစ်ပေါင်း
များစွာတိုင် ဒီအတိုင်း ဆက်ပြီး ဇာတ်မျောနေမှာ အသေအချာပါဘဲ။ သို့သော်လည်း
ဆယ်စုနှစ်များစွာ ဖိနှိပ်ချုပ်ချယ်မှုနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့်
အုပ်စိုးသူ လူဖြူအစိုးရရည်ရွယ်မထားတဲ့
အကျိုးသက်ရောက်မှုတွေဖြစ်ပေါ်စေခဲ့ပြီး ကျနော်နဲ့အတူ အသားအရောင်
ခွဲခြားမှုစနစ်ကို တွန်းလှန်တိုက်ဖျက်ခဲ့တဲ့ အာဖရိကန်သူရဲကောင်းတွေဖြစ်တဲ့
ဝေါ်တာစီစူလူး (Walter Sisulus)၊ ချိဖ်လူသူလစ် (Chief Luthulis)၊
ယူဆပ်က်ဒူးစ် ( Yusuf Dadoos)၊ ဘရမ်ဖစ်ချာ (Bram Fishers)၊
ရောဘတ်ဆိုဘူကွီး (Robert Sobukwes) တို့လို ထူးကဲတဲ့ သတ္တိရှင်တွေ၊
အမြော်အမြင်ကြီးသူတွေ၊ သဘောထားကြီးသူတွေ စတဲ့ တုနှိုင်းမမှီ
ပုဂ္ဂိုလ်ကျော်တွေကိုလည်း မွေးဖွားသန့်စင်ပေးလိုက်ပါတယ်။
အထွတ်အထိပ်ဇာတ်ကောင် သူရဲကောင်းတွေ ပေါ်ထွန်းလာဖို့ နက်ရှိုင်းတဲ့
ဖိနှိပ်ချုပ်ချယ်မှုတွေ လိုအပ်တာလည်း ဖြစ်တန်ကောင်းပါတယ်။ တောင်အာဖရိကဟာ
တွင်းထွက်သတ္တုတွေ၊ ကျောက်မျက်ရတနာတွေ ပြည့်လျှမ်းကြွယ်ဝတဲ့၊ မြေဩဇာ
ကောင်းမွန်တဲ့ တိုင်းပြည်ဆိုပေမယ့် ကျနော့်အမြင်မှာတော့ တိုင်းပြည်ရဲ့
အကြီးမားဆုံးကြွယ်ဝချမ်းသာမှုက အပြစ်အနာအဆာအကင်းဆုံး အရည်အသွေး
အကောင်းမွန်ဆုံး စိန်တွေထက် ပိုပြီး မွန်မြတ်သန့်စင်တဲ့
ကြီးကျယ်ခန်းနားတဲ့ ပြည်သူလူထုကြီးပဲ ဖြစ်ပါတယ်။
လွတ်မြောက်မှုအတွက် ရုန်းကန်လှုပ်ရှားတိုက်ပွဲဝင်နေတဲ့ ရဲဘော်ကြီးတွေထံမှ
“ရဲစွမ်းသတ္တိ” ဆိုတဲ့ ဝေါဟာရအနက်ဖွင့်ဆိုချက်ကို
ကျနော်သိမြင်နားလည်လိုက်ပါတယ်။ အကြိမ်ပေါင်းများစွာပင်
ယုံကြည်ခံယူချက်တွေအတွက် မိမိတို့ရဲ့ အသက်တွေကို စွန့်လွှတ်
ပေးဆပ်သွားခဲ့တဲ့ အမျိုးသား/အမျိုးသ္မီးတွေကို ကျနော်ကြုံဖူးပါတယ်။
ထိုးနှက်တိုက်ခိုက်မှု၊ ညှင်းပန်းနှိပ်စက်မှုတွေကို မရပ်မနားစွမ်းပကားပြကာ
ကြံ့ကြံ့ခံဇွဲသတ္တိအပြည့်နဲ့ ရင်ဆိုင် တိုက်ပွဲဝင်သူတွေကို
ကျနော်တွေ့ကြုံဖူးပါတယ်။ အဲဒီမှာပဲ ရဲစွမ်းသတ္တိဆိုတာ ကြောက်ရွံ့မှု
ကင်းစင်ခြင်းမဟုတ်၊ ကြောက်ရွံ့မှုကို
ကျော်လွှားလွန်မြောက်ခြင်းဖြစ်တယ်ဆိုတာ ကျနော် သိမြင်လိုက်ပါတယ်။
ကျနော်ကိုယ်တိုင်ကပင် ကြောက်ရွံ့ခြင်းဆိုတာကို အကြိမ်ပေါင်း မရေမတွက်
နိုင်အောင်ထိတွေ့ခံစားခဲ့ရပါတယ်။ သို့ပေမယ့် ကျနော်က ကြောက်ရွံ့ခြင်းကို
ရဲရင့်ခြင်းဆိုတဲ့ ဟန်ဆောင်ဖုံးကွယ်မှုနောက်မှာ ကွယ်ဝှက်ထားလိုက်ပါတယ်။
ရဲရင့်သူဆိုတာ အကြောက်တရားကို ထိတွေ့ခံစားသူမဟုတ်သည်သာမက အကြောက်တရားကို
အောင်နိုင်သူလည်းဖြစ်သည်။
တောင်အာဖရိကမှာ ဒီလို မဟာပြောင်းလဲမှုကြီး ဖြစ်ပေါ်လာမယ်ဆိုတဲ့
မျှော်လင့်ချက်မျိုး ကျနော် ဘယ်သောအခါကမှ ပျောက်ကွယ်မသွားခဲ့ပါဘူး။
အထက်မှာ ကျနော် ရည်ညွှန်း ဖော်ပြထားသလို
မဟာသူရဲကောင်းများရဲ့စွမ်းဆောင်မှုကြောင့် သာမက သာမန် ပြည်သူ
ပြည်သားများရဲ့ ရဲစွမ်းသတ္တိတွေကြောင့်
ယခုလိုပြောင်းလဲမှုကြီးဖြစ်ပေါ်လာတာပါ။ လူသားတိုင်းရဲ့ နှလုံးအိမ်ထဲမှာ
သနားညှာတာမှုနဲ့ သဘောထားကြီးမှုတွေရှိနေတယ်ဆိုတာကို အမြဲလိုလို ကျနော်
သတိထားကြုံတွေ့ရပါတယ်။ ဘာသာတရားကွဲပြားမှုကြောင့်၊
လူမှုရေးနောက်ခံမတူညီတာကြောင့် အသားအရောင်ကွဲပြားမှုကြောင့် တပါးသူအပေါ်မှာ
အမုန်းတရားနဲ့ မွေးဖွားလာသူရယ်လို့မရှိပါဘူး။ လူတွေဟာ မုန်းတတ်အောင်
သင်ယူကြရမယ်။ မုန်းတတ်လာပြီဆိုရင်တော့ သူတို့ကို ချစ်တတ်အောင်
သင်ပေးလို့ရတယ်။ ဘာ့ကြောင့်လဲဆိုတော့ လူ့နှလုံးသားက အမုန်းတရားထက်
ချစ်ခြင်းမေတ္တာတရားကို စေ့ဆော်ပေးတတ်တဲ့ သဘာဝရှိလို့ပါဘဲ။
အကျဉ်းထောင်ထဲမှာ ကျနော်တို့တတွေ ဘေးကျပ်နံကျပ် အခြေအနေကို
တွန်းပို့ခံခဲ့ရတဲ့ အပြင်းထန်ဆုံး ကာလတွေမှာ တောင်မှ
ထောင်ဝန်ထမ်းအစောင့်ထံမှ လူသားဆန်မှု အရိပ်အငွေ့ကလေးနဲ့
ကြုံကြိုက်ခဲ့ရဖူးပါတယ်။ စက္ကန့်ပိုင်းမျှ တခဏလေးကြုံတွေ့ရတာဖြစ်ပေမယ့်
အဲဒီအတွေ့အကြုံက ကျနော့်ကို ပူပန်သောကတွေ ငြိမ်းအေးစေပြီး
လုံခြုံစိတ်ချမှုကိုဖြစ်ပေါ်စေပါတယ်။ လူသားတွေရဲ့
ကြင်နာမှုဆိုတာပုန်းလျှိုးကွယ်လျှိုးရှိတတ်ပေမယ့် ဘယ်တော့မှ
ငြိမ်းမသွားတဲ့ မီးတောက် မီးလျှံဖြစ်ပါတယ်။
ကျနော်တို့ရဲ့ ရုန်းကန်လှုပ်ရှားမှုတွေကို ချင့်ချင့်ချိန်ချိန်
စဉ်းစဉ်းစားစားနဲ့ အမြင့်မားဆုံး လုပ်ဆောင်ခဲ့ပါတယ်။ လွယ်ကူချောမွေ့တဲ့
လှုပ်ရှားမှုလမ်းကြောင်း တခုဖြစ်လိမ့်မယ်လို့ ထင်ယောင် ထင်မှား
မဖြစ်ခဲ့ပါဘူး။ ကျနော်လူငယ်ဘဝမှာ ANC ပါတီနဲ့ ဆက်သွယ်တဲ့အခါ ရဲဘော်တွေဟာ
သူတို့ယုံကြည်မှုအတွက် မြင့်မြင့်မားမား စွန့်လွှတ်ပေးဆပ်တာကို
တွေ့မြင်ခဲ့ပါရတယ်။ ကျနော်ကိုယ်တိုင်အနေနဲ့လည်း
အဲဒီ့ရုန်းကန်လှုပ်ရှားမှုအတွက် လုပ်ကိုင်ဆောင်ရွက်ရတာကို ဘယ်သောအခါမျှ
နောင်တမရမိပါ။ ပြီးတော့ ကျနော့်အပေါ် သက်ရောက်လာတဲ့ အခက်ခဲတွေကို
ရင်ဆိုင်ဖို့လည်းအမြဲတမ်းအသင့်ဖြစ်နေပါတယ်။ ကျနော့် မိသားစုကတော့
ကြောက်မက်ဖွယ်စွန့်လွှတ်မှုတရပ်အနေနဲ့ သဘောထားပါတယ်။ ကျနော့ရဲ့
စွန့်လွှတ်လုပ်ဆောင်မှုအတွက် ဂရုဏာသက်လွန်းတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
လောကမှာ လူသားတိုင်းထမ်းဆောင်ရမဲ့ တာဝန်ဝတ္တရားနှစ်ရပ်ရှိပါတယ်။ တရပ်ကတော့
မိမိရဲ့ မိသားစုအတွက်၊ မိမိရဲ့မိဘနှစ်ပါးအတွက်၊ မိမိရဲ့ ဇနီးနဲ့
သား/သ္မီးတွေအတွက် ဆောင်ရွက်ရမဲ့ ဝတ္တရားတွေဖြစ်ပြီး၊ တခြားတရပ်ကတော့
မိမိရဲ့ပြည်သူတွေအတွက်၊ မိမိနေထိုင်ရာ လူ့အသိုင်းအဝိုင်း အတွက် နဲ့
မိမိရဲ့ တိုင်းပြည်အတွက်လုပ်ဆောင်ရမဲ့ တာဝန်ဖြစ်ပါတယ်။ ယဉ်ကျေးပြီး
လူသားဆန်တဲ့ လူ့အဖွဲ့အစည်းတခုမှာ လူတဦးချင်းဟာ မိမိတို့ရဲ့
ကိုယ်ပိုင်အရည်အသွေးနဲ့ အထုံပါရမီအလျှောက်ဆိုပါ တာဝန်ဝတ္တရားတွေကို
ဖြည့်ဆည်းဆောင်ရွက်နိုင်စွမ်းရှိပါတယ်။ သို့သော်လည်း
တောင်အာဖရိကလိုတိုင်းပြည်မျိုးမှာတော့ ကျနော့်လိုလူမည်းတယောက်အတွက်
အဆိုပါတာဝန်နှစ်ရပ်လုံးကိုဖြည့်ဆည်းဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါဘဲ။
တောင်အာဖရိကမှာ လူ့အဆင့်အတန်းနဲ့ လျှော်ညီစွာနေထိုင်နိုင်အောင်
ကြိုးပမ်းလုပ်ဆောင်တဲ့လူမည်းတဦးဟာ ပြစ်ဒဏ်ခတ်ခြင်းခံလိုက်ရသလို
ဝိုင်းပယ်ခြင်းလည်းခံလိုက်ရပါတယ်။ လူထုအကျိုးစီးပွား၊ လူထုဆန္ဒကို
ဖြည့်ဆည်းဆောင်ရွက်ဖို့ကြိုးစားသူဟာ သူ့မိသားစုအသိုက်အမြုံကို စွန့်ခွာ
ကျောခိုင်းလိုက်ရပြီး ပုန်းလျှိုးကွယ်လျှိုးဘဝမှာ ကျင်လည်ကျက်စားရခြင်း၊
တော်လှန်အုံကြွမှု ဝဲဩဃအတွင်း သက်ဆင်းလိုက်ရခြင်းစတဲ့ သီးခြားကမ္ဘာတခုထဲကို
တွန်းပို့ခြင်းခံလိုက်ရပါတယ်။ ကျနော့်မိသာစုအရေးထက် ပြည်သူလူထုအရေးကို
ဦးစားပေးလိုက်တဲ့ အစပိုင်းကာလမှာရော
လူထုအရေးကြိုးပမ်းဆောင်ရွက်နေချိန်မှာပါ သားတယောက်၊ အကိုတယောက်၊
ဖခင်တယောက်၊ ခင်ပွန်းတယောက် ကဲ့သို့ ထမ်းရွက်ရမဲ့ မိသားစုတာဝန်တွေကို
ဆောင်ရွက်ခွင့် မရတော့ဘူးဆိုတာကို သိလိုက်ရပါတယ်။
အဆိုပါကန့်သတ်ချုပ်ချယ်မှုရှိနေတဲ့ အခြေအနေမှာ ကျနော်ရင်းနှီးတွယ်တာရတဲ့
မိသားစု အရေးကိစ္စတွေကို စတေးပြီး လူမည်းမျိုးနွယ်စု ပြည်သူတွေ အရေး၊
သန်းပေါင်များစွာသော တောင်အာဖရိက ပြည်သူတွေအရေးကို ရှေးရှုဆောင်ရွက်ရတာပါ။
ဒီလို အတ္တနဲ့ ပရ၊ ဆန္ဒနဲ့ အသိ လွန်ဆွဲမှု ပဟေဠိသဘောကို သားအဖနှစ်ဦး တဒင်္ဂ
စကားပြောဆိုခန်းမှာ ဖျတ်ခနဲတွေ့လိုက်ရပါတယ်။ ဖခင်ရဲ့နွေးထွေးတဲ့
ရင်ခွင်ကို ငံ့လင့်နေတဲ့ သမီးငယ်လေးတဦးက သူ့ဖခင်ကို “ဖေဖေ
ဘာ့ကြောင့်သမီးတို့ နဲ့ အတူ မနေနိုင်ရတာလဲ” လို့မေးလိုက်တဲ့အခါ
ဖခင်ဖြစ်သူ စိတ်မသက်မသာနဲ့ ပြန်ပြောလိုက်တာကတော့ “သမီးရယ် ဖေဖေတို့
တိုင်းပြည်မှာ သမီးလိုမျိုး ကလေးငယ်တွေ အများကြီးပါ…” တဲ့ ပြီးတော့
သူ့အသံက ဆို့နင့်တိမ်ဝင်သွားပါတယ်။
ကျနော်ဟာလွတ်လပ်လိုတဲ့ဆန္ဒနဲ့ မွေးဖွားလာတာမဟုတ်ပါဘူး။ လွတ်လွတ်လပ်လပ်နဲ့
မွေးဖွားလာသူပါ။ ကျနော်သိသလောက်နေရာတိုင်းမှာ လွတ်လပ်ပါတယ်။
အမေ့တဲအိမ်နံဘေးက ကွင်းပြင်ထဲမှာ ပြေးလွှားဆော့ကစားရတာ၊ ကျနော်တို့ ရွာကို
ဖြတ်သန်းစီးဆင်းနေတဲ့ စမ်းချောင်းလေးထဲမှာ ရေကူးရတာ၊ ညညခါ
ကြယ်ရောင်အောက်မှာ ပြောင်းဖူးဖုတ်စားရတာ၊ တအိအိသွားနေတဲ့ နွားကြီးရဲ့
ကျောပြင်ကျယ်ကြီးပေါ်တက်စီးရတာ အားလုံးဟာလွတ်လပ်မှု အပြည့်ပါဘဲ။
အဖေ့စကားကို နားထောင်နေသမျှကာလပတ်လုံး၊ လူမျိုးစုဓလေ့ထုံးစံတွေကို
လိုက်နာစောင့်ထိန်းနေသမျှ ကာလပတ်လုံး ကျနော့်ကို ဘယ်သူကမျှ အရေးယူမှာ
မဟုတ်သလို ဘုရားသခင်ကလည်း ဒဏ်ခတ်မှာ မဟုတ်ပါဘူး။
ဒါတွေကကျနော်ကလေးဘဝမှာစတင် သိမြင်ခွင့်ရခဲ့တဲ့ လွတ်လတ်မှုရဲ့ အပေါ်ယံ
သဘောတွေပါ။ လူငယ်ဘဝကိုရောက်လာတဲ့အခါ လွတ်လပ်မှုဆိုတာ ကိုယ်တိုင်
ရယူဆောင်ကျဉ်း အပ်တဲ့အရာပါလားလို့ သိမြင်လာပြီး
မျှော်လင့်တမ်းတမိပါတော့တယ်။ ပထမတော့ ကျောင်းသားတယောက်အနေနဲ့
တကိုယ်တော်လွတ်လပ်မှုလေးတွေ ဖြစ်တဲ့ ညအချိန် အိမ်အပြင် ထွက်ပြီး
သွားလာလည်ပတ်ခွင့်ရတာ၊ ကိုယ်ဖတ်ချင်တဲ့စာအုပ်ဖတ်ခွင့်ရတာ၊
သွားချင်ရာသွားခွင့် ရတာမျိုးတွေကို ရချင်တာပါဘဲ။ နောက်ပိုင်း
ဂျိုဟန်စ်ဘတ်မြို့ကိုရောက်လာချိန်မှာတော့ ကိုယ့်ရဲ့ အစွမ်းအစကို
ထုတ်ဖော်ကြိုးပမ်းခွင့်၊ စားဝတ်နေရေးအတွက် ဝမ်းစာရှာမှီးခွင့်၊ ကိုယ့်ရဲ့
ဘဝအဖော်မွန်နဲ့ အတူ ပျော်မွေ့ဖွယ်မိသားစုဘဝတခုဖန်တီးခွင့် စတဲ့
လူ့ကျင့်ဝတ်နှင့် ညီညွတ်တဲ့ လွတ်လပ်မှု အခြေခံတရားတွေကို
ခုံမင်နှစ်သက်လာမိတယ်။
သို့သော်လည်း နောက်ပိုင်းမှာတော့ ကျနော်ရော ကျနော့် ညီအကို မောင်နှမတွေပါ
လွတ်လပ်မှု မရှိတာကို တဖြည်းဖြည်းသိမြင်သဘောပေါက်လာပါတယ်။ကျနော်တဦးတည်းသာ
မဟုတ်ပါဘူး။ ကျနော့်လိုလွတ်လပ်ချင်တဲ့ သူတိုင်း
လွတ်လပ်မှုတွေကျဉ်းကျုံ့လာပါတယ်။ ကျနော် ANC ပါတီနဲ့ ဆက်သွယ်တဲ့ အခါ
ကျနော့်ရဲ့ တကိုယ်တော်လွတ်လပ်မှုဆန္ဒကနေ လူမည်းပြည်သူ
တရပ်လုံးလွတ်မြောက်မှုဆန္ဒသို့ ကူးပြောင်းလာချိန်မှာ တကိုယ်ရည်လွတ်လပ်မှုတွေ
ဆိတ်သုန်း လာတာပါ။ ဒါဟာ လူမည်းပြည်သူတွေကို ဂုဏ်သိက္ခာရှိတဲ့ဘဝမှာ
ရပ်တည်နေထိုင်ခွင့်အတွက် ဆန္ဒမွန်ဖြစ်ပြီး အဲဒီဆန္ဒပြည့်ဝအောင်
လုပ်ဆောင်ဖို့ သံဓိဋ္ဌာန်ချပိုင်းဖြတ်ချက်က ကျနော့်ဘဝကို
သက်ဝင်လှုပ်ရှားလာအောင် စေ့ဆော်လိုက်တာကြောင့် ကျနော်ဟာ
ကြောက်ရွံ့သူအဖြစ်ကနေ ရဲရင့်သူအဖြစ်ပြောင်းလဲလာတယ်၊ တရားဥပဒေကို
စောင့်ထိန်းလိုက်နာသူ ရှေ့နေဘဝမှ ဥပဒေကို ကျောခိုင်းသူတော်လှန်ရေး
သမားဖြစ်လာတယ်၊ မိသားစုဘဝကိုတွယ်တာသူအဖြစ်မှ အိမ်ယာမဲ့
အထီးကျန်သူဖြစ်လာတယ်။ ဘဝကို ခုံမင်သူအဖြစ်မှ လောကီနဲ့ကင်းကွာသူဖြစ်လာတယ်။
တကယ်တော့ ကျနော်ဟာ အခြားသူတွေထက်ပိုပြီးတော့ သီလစင်ကြယ်သူ
စွန့်လွှတ်မှုကြီးမားသူ မဟုတ်ပါဘူး။ သို့ပေမယ့် ကျနော်ကိုယ်တိုင်သိမ်ငယ်တဲ့
ဘဝ လွတ်လပ်မှုကို ကန့်သတ်ခံရတဲ့ ဘဝကို မပျော်မွေ့ မနေလိုတဲ့ အခိုက်မှာပဲ
ကျနော်တို့ လူမည်းထုတရပ်လုံး လွတ်လပ်မှုမရှိတာကို သိလိုက်ရပါတယ်။
လွတ်လပ်မှုဆိုတာ ကျနော်တို့ လူမည်းထုကြားမှာ ပိုင်းခြားလို့
မရနိုင်လောက်အောင် ရစ်ပတ်ထုံးနှောင်ထားတဲ့ အနှောင်အဖွဲ့ပင်ဖြစ်ပါတော့တယ်။
ရှည်လျားအထီးကျန်လွန်းလှတဲ့ နှစ်ကာလတွေအတွင်းမှာ ပဲ ကျနော့်ရဲ့
လူမည်းလူထု လွတ်မြောက်ရေး ဆန္ဒမှသည် တောင်အာဖရိကပြည်သူတရပ်လုံး
(လူဖြူ/လူမည်း) လွတ်လပ်မှု ဆန္ဒအဖြစ်သို့ ရောက်ရှိလာပါတယ်။ အဖိနှိပ်ခံ
လူမည်းပြည်သူတွေ ဧကန်မုချလွတ်မြောက်ရမှာ ဖြစ်သလို ဖိနှိပ်သူလူဖြူတွေလည်း
လွတ်လပ်မှု အရသာကို ခံစားရမယ်ဆိုတာ ကျနော် သိထားပါတယ်။
တပါးသူရဲ့လွတ်လပ်မှုကို ထိပါးအောင်လုပ်ဆောင်သူဟာ အမုန်းတရားဖက်တွယ်သူ
ဖြစ်ပြီး ရက်စက်ကြမ်းကြုတ်မှုနှင့် အမြင်ကျဉ်းမြောင်းမှု
လှောင်ချိုင့်အတွင်းမှာ ပိတ်လှောင်ခံထားရသူလည်းဖြစ်ပါတယ်။ ကျနော်က
အခြားသူ တဦး ရဲ့ လွတ်လပ်မှုကို ထိပါးတာပဲဖြစ်ဖြစ်၊
ကျနော့်ရဲ့လွတ်လပ်မှုကို ထိပါးခံရတာပဲဖြစ်ဖြစ် ကျနော်ဟာ
အမှန်တကယ်လွတ်လပ်သူမဟုတ်တော့ပါဘူး။ လူမည်းတွေနဲ့ လူဖြူတွေမှာ တူညီတဲ့
အချက်က လူသားဆန်တဲ့ အကြင်နာတရားကို မတရားလုယူခံထားကြရတာပါပဲ။
အကျဉ်းထောင်ကလွတ်မြောက်လာချိန်မှာ ကျနော်မဖြစ်မနေ လုပ်ဆောင်ဖို့
ခံယူထားတဲ့ တာဝန်က ဖိနှိပ်သူ လူဖြူတွေရော၊ အဖိနှိပ်ခံ လူမည်းပြည်သူတွေပါ
လွတ်မြောက်သွား စေဖို့ ပါ။ အခုချိန်မှာ
အဲဒီ့တာဝန်အောင်မြင်ပြီးဆုံးပြီလို့ အချို့လူတွေက ဆိုကြပါတယ်။ သို့သော်
ဒါဟာမခိုင်လုံပါဘူးလို့ ကျနော်သဘောပေါက်ပါတယ်။ အမှန်တော့ ကျနော်တို့
ခုချိန်တိုင်မလွတ်လပ်သေးပါဘူး။ လွတ်လပ်မှု နယ်ပယ်ရဲ့ တံခါးဝကို
ခြေချမိရုံ၊ အဖိနှိပ် မခံရရုံမျှ အခွင့်အရေးလေးတွေကို ခံစားနေကြရတာပါ။
လွတ်မြောက်မှုခရီးရှည်ရဲ့ နောက်ဆုံးအဆင့်ကို မရောက်သေးပေမယ့်
ပိုပြီးခက်ခဲရှည်ကြာတဲ့ အစပိုင်းကိုတော့ ကျော်ဖြတ် ပြီးပါပြီ။
လွတ်လပ်တယ်ဆိုတဲ့ သဘောက ကိုယ့်ကိုယ်ကိုလွတ်လပ်မှုရှိအောင်
အားထုတ်လုပ်ဆောင်ခြင်းမျှသာ မဟုတ်ဘဲ တပါးသူတွေရဲ့ လွတ်လပ်မှု ကို
လေးစားသမှုပြုကာ အားပေးမြှင့်တင်တာကို ဆိုလိုပါတယ်။ အမှန်တကယ်လွတ်လပ်မှုကို
ခံစားရရှိဖို့ ကျနော်တို့ ပေးဆပ်လုပ်ဆောင်နေတာတွေဟာ
အစပထမနိဒါန်းပိုင်းသာရှိပါသေးတယ်။
လွတ်မြောက်မှုသို့ ချီတက်ရာ ခရီးရှည်တလျှောက်မှာ
မှားယွင်းတဲ့လုပ်ဆောင်ချက်တွေ ရှိခဲ့တာကြောင့် အခြေအနေ
ယိမ်းယိုင်မသွားအောင် အတော့ကိုထိန်းသိမ်းလုပ်ဆောင်ခဲ့ရပါတယ်။ သို့ပေမယ့်
တောင်ကုန်းမြင့် တခုပေါ်ကို တက်ရောက်ပြီးသူသာလျှင် နောက်ထပ်တက်စရာ
တောင်ကုန်းတွေကို ရှာဖွေတွေ့ရှိနိုင်ပါတယ် ဆိုတဲ့ လျှို့ဝှက်
သင်ခန်းစာတရပ်ကို ကျနော်ရှာဖွေ တွေ့ရှိလိုက်ရပါတယ်။ ယခုရောက်နေတဲ့
တောင်ကုန်းပေါ်မှာအနားယူ အပန်းဖြေဖို့ ကိုယ့်ပတ်ပတ်လည်မှာ ဝန်းရံနေတဲ့
ပျော်ရွှင်ဖွယ်မြင်ကွင်းကို တိတ်တခိုးလေး ခံစားပီတိဖြာဖို့၊
ကျနော်လျှောက်လှမ်းခဲ့တဲ့ ခရီးကြမ်းအကွာအဝေးကို သမင်လည်ပြန်လွမ်းမော
တသဖို့ အချိန်လေးအခိုက်အတန့်ပဲ ကျနော့်မှာ ရှိခဲ့ပါတယ်။
လွတ်လပ်ပျော်ရွှင်မှုနဲ့အတူ လုပ်ဆောင်စရာတာဝန်တွေလည်းပါလာတာမို့၊ ဒီနေရာမှာ
ကြာကြာ အနားမယူနိုင်သေးပါဘူး။ ဆုံးခန်းမတိုင်သေးတဲ့ ခရီးရှည်ကြီးကို
ဆက်လက် ချီတက်လျှောက်လှမ်းဖို့ရာ အချိန်ဆိုင်းနေလို့ မရတာ အမှန်ပါ။
**ဝေမော် **

No comments:
Post a Comment