**အဆိပ်တက် အညစ်အကြေးဟောင်းတွေကို ကိုယ့်လက်နဲ့ကိုယ်မဆေးပဲ
အအိပ်ပျက်ကာ ဟစ်ငိုကြွေးတောင်းပြီး သူများလက်နဲ့ဆေးကြောခိုင်းတဲ့ ကလေးလို
အရိပ်ထက်မှာ အပြစ်ကင်းဝေးလို့နေရင် ကောင်းမယ် သင်္ကြန်…..။
**ရရစားစားမုဆိုးများလို အချိန်တန် အိမ်မပြန်ဖြစ်သူတွေနဲ့
ရှိစုမဲ့စု ပျော်ရွှင်ခြင်းပျောက် အဝေးရောက်သူများအတွက်
ပြန်ပေးဆွဲခံထားရတဲ့ လေယာဉ်ပျံလို
အတာသင်္ကြန်ဟာ မဟာမဆန်တာကြာပြီ…..။

**တင်းမာ ခက်ထန်မှု မျက်နှာပြင်ပေါ်က အပြုံးတုကို
နုပျိုလှပတဲ့ ရွှေရောင် ပိတောက်နဲ့ ပန်ဆင် ဖုံးအုပ်ထားစဲ သင်္ကြန်
ဖောက်ပြန်ရေးသမားတွေ အတွက် မင်းက ဖောက်သည်ကောင်းတစ်ယောက်လို
တနှစ်တစ်ခေါက် အိမ်ပြန်ရောက်ဖို့ စေ့ဆော်တိုက်တွန်းခဲ့ပေမဲ့
အသည်းနှလုံးမရှိတဲ့ စိမ်းလမ်းကံတရားက နှစ်ပေါင်းများစွာ ငါတို့ကိုမျက်နှာသာမပေးခဲ့
လမ်းလွဲမုန်းတီး ၊ ငြိမ်းချမ်းမေတ္တာတရားတွေ အချစ်ခေါင်းပါးကာ ဥပက္ခာပြုနေလေရဲ့ ။
_
**ကားယာဉ်များ ဈေးကြီးကြီး လောင်စာဓာတ်ဆီကို မ၀ရေစာ စားပြီး အားပြတ်
ခေတ်လူငယ်တွေ အမှောင်မှာ မူးယစ်သောက်စားပြီး ဘ၀ကို မျက်ခြေပြတ်
အဖိနှိပ်ခံလူများ မြို့ပေါ်မှာ မျဉ်းကြားက ဖြတ်ကူးတာ လေ့ကျင့်ပြီး
မလွတ်လပ် တဲ့ တဖက်နိုင်ငံကို ချောင်းကြားက ကူးတယ်…
ပိတောက်မှာသာ ခြေထောက်ရှိရင် ဒုက္ခသည်လို ထွက်ပြေးခဲ့တာ ကြာပြီ… သင်္ကြန် ။
**ညှင်းသိုးသိုး ကြယ်မြင်လမြင် ဘ၀တဲပျက်ပေါ်ကို မခေါ်ပဲ ရောက်လာ
အတင်းတိုး မဆင်မခြင် ခဏလွဲချော်ပြီး မအော်ပဲ ကြားလာရ
စစ်တောထဲမှာ တောင်စဉ်ခုနှစ်ထပ်လို သင်္ကြန်မိုးက ကျီစယ်ကာ ရွာချလိုက်လေတော့
”အ ”ချင်ယောင်ဆောင်ပြီး ယောတောယောင်တောင် စစ်အုပ်စုလို အ၀တ်မလဲချင်တဲ့အဆုံး
ဒုက္ခရေစိုစို အ၀တ်နဲ့လုံခြုံရေးငတ်တဲ့ အနာဂတ်ကို မျက်စိတဆုံးတွေးပြီး
မိုးရွာထဲမှာ မျက်လုံးမှိတ်လျှောက်သွားရင်း သင်္ကြန်မှာရေပက်ခံသလို ခံစားလိုက်တယ် ။
**အောင်ခိုင်မြင့်**

No comments:
Post a Comment