ဘိုးသူတော်တစ်ပါးသည် နေ့စဉ်ဆွန်းဆန်ဝတ်ခံသူဖြစ်သည်။ ဘိုးသူတော်သည် စိတ်ကူးယဉ်တတ်သူဖြစ်၍ ဆွမ်းဆန်ဝတ်သာ ခံသော်လည်း စိတ်မှာတွေးတောလိုသည်ကို တသီတမောကြီး တွေးတောပြီးမှ ကျောင်းသို့ ပြန်လေ့ရှိ၏။ တစ်နေ့၌ ဘိုးသူတော်သည် ဆီသည်အိမ်တစ်အိမ်မှ ...ဆွမ်းခံပြီး နှုတ်မှတတွတ်တွတ်မြည်ကာ ထွက်သွားသဖြင့် အိမ်ရှင်ဆီသည် ဒကာမကြီးသည် ဘိုးသူတော် ဘာပြောသည်ကို သိလိုသဖြင့် ဆီအိုးကိုရွက်ပြီး ဘိုးသူတော်၏နောက်မှ တိတ်တိတ်ကပ်လိုက်ပြီး သွားလေ၏။ ဘိုးသူတော်သည် နှုတ်မှ.......... "လာမယ့် သီတင်းကျွတ် ဆိုရင် ငါလူဝတ်လဲမယ်။ နောက်ပြီး အလုပ်တစ်ခုရှာလုပ်ပြီး မိန်းမယူမယ်။ သမီးလေးမွေးလာရင် မယ်ဗမာလို့ မှည့်ခေါ်မယ်။
ညနေတိုင်း ခေါင်းပေါင်းပေါင်းပြီး ငါခြင်းခတ်မယ်။ ထမင်းစားချိန်ကျလို့ ငါ့မိန်းမက ငါခြင်းခတ်တာကိုလိုက်လာပြီး ထမင်းစားခေါ်ရင် ခဏနေအုံး၊ မယ်ဗမာ့အမေရေ... ငါစလွယ်ဝိုက်လိုက်အုံးမယ်ဆိုပြီးတော့ နောက်ပေါက် ပေါက်ပြလိုက်မယ်" ဟု တတွတ်တွတ်ပြောပြီး ခြေထောက်ကို အမှတ်တမဲ့ နောက်ပေါက်ပေါက်လိုက်ရာ နောက်မှကပ်လိုက်လာသော ဆီသည်ဒကာမကြီးကို ခတ်မိ၍ ဒကာမကြီး၏ဆီအိုးမှာ ကျကွဲသွားလေ၏။ ဆီသည်ဒကာမကြီးသည် သူ၏ဆီအိုးကွဲသည့်အတွက် ၀မ်းနည်းပက်လက်ဖြစ်ကာ............... "အမယ်လေး...အရပ်ကတို့ရဲ့၊ မယ်ဗမာ့အဖေ စိတ်ကူးယဉ်ပုံကောင်းလွန်းလို့ ကျုပ်ဆီအိုးကွဲပါပေါ့" ဟု အော်ဟစ်ငိုလေရာ ဖိုသူတော်လည်း ရှက်ရှက်ဖြင့် သပတ်ချ၍ ထွက်ပြေးလေသတည်း။
**ဆောင်ပုဒ် **
မဆင်မခြင်- စိတ်ကူးယဉ် -အမြင်မလှပ။
(အနုပညာ စာပေဆုရ မြန်မာပုံတိုပတ်စများ )
** မောင်ဗိုလ်မွှေး**

No comments:
Post a Comment